ရုရှားမှာ ကိုရိုနာဗိုင်းရပ်စ် တစ်နေ့တာကူးစက်မှု စံချိန်တင်မြင့်တက်

ရုရှားမှာ ကိုရိုနာဗိုင်းရပ်စ် တစ်နေ့တာကူးစက်မှု စံချိန်တင်မြင့်တက်

အောက်တိုဘာ ၁၀

ရုရှားနိုင်ငံမှာ မေလက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်မားတာတွေ တွေ့ကြုံခဲ့ရပြီးနောက်ပိုင်း အခုအခါ နေ့စဉ်ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လျက်ရှိပါတယ်။

သောကြာနေ့က ရုရှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂ ၁၂၆ ဦးရှိခဲ့ပြီး ပိုးတွေ့သူ ၁၁ ၆၅၆ ဦးရှိခဲ့တဲ့ မေလ ၁၁ ရက်တုန်းက တစ်နေ့တာ အများဆုံးကူးစက်မှုထက် ပိုများခဲ့ပါတယ်။  

ရုရှားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူပေါင်း ၁ ၂၇၂ ၂၃၈ ဦးရှိပြီး ကမ္ဘာမှာ စတုတ္ထအများဆုံး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့နိုင်ငံဖြစ်ပါတယ်။  

မေလမှာ ရောဂါကူးစက်မှု စတင်ကျဆင်းလာပြီးတဲ့နောက် ကန့်သတ်ပိတ်ဆို့မှုတွေ ဖြေလျော့ပေးခဲ့ပြီး အာဏာပိုင်တွေက စီမံချက်ကြီးကြီးမားမားတွေ ထပ်မံချမှတ်မယ့်အလားအလာ မပြခဲ့ပါဘူး။

ဒါပေမယ့် စားသုံးသူစောင့်ကြည့်ရေး ရော့စ်ပိုထရက်နက်ဇာအဖွဲ့ (Rospotrebnadzor ) အကြီးအကဲ အန်နာ ပေါ့ပိုဗာက အခြေအနေက ပိုမိုခက်ခဲလာတယ်လို့ ဖော်ပြခဲ့ပြီး စီမံချက်အသစ်တွေ ချမှတ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

နီကိုလေးဆိုသူပြည်သူတစ်ဦးက ရောဂါကူးစက်မှုနဲ့ပတ်သက်ပြီး သူ့အမြင်ကို ခုလိုပြောပြပါတယ်။

“မှတ်တမ်းတင်တဲ့ပုံစံတွေ ပြောင်းသွားတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပါဝင်ပတ်သက်သူတွေက အခု ကိန်းဂဏန်းတွေကို ပြင်ဖို့ လုပ်နေကြတယ်။ ကျွန်တော်သိရသလောက် ကူးစက်မှုဆိုင်ရာကိန်းဂဏန်းတွေကို ထိန်းချုပ်ဖို့ ကိုရိုနာဗိုင်းရပ်စ်ကလွဲပြီး ဆေးစစ်ချက်အဖြေထဲမှာ ဘာမဆိုထည့်ရေးဖို့နဲ့ အစစအရာရာအဆင်ပြေတယ်ဆိုတာပြသဖို့ဆရာဝန်တွေ ဖိအားပေးခံနေရတယ်” လို့ဆိုပါတယ်။

အလက်ဇန္ဒားဆိုသူ လူငယ်တစ်ဦးက “လူတွေ အလည်အပတ်ခရီးတွေထွက်ပြီး ပြန်လာကြတဲ့အတွက် ကူးစက်မှုအရေအတွက်တွေ တိုးလာတာလို့ ထင်ပါတယ်။ လူတိုင်းက အလုပ်တွေ စလုပ်၊ စာတွေပြန်သင်ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့သွားလာနေကြတော့ ထိတွေ့မှုရှိပြီး ရောဂါကူးတာလို့ ထင်ပါတယ်” လို့ပြောပါတယ်။  

ရောဂါကူးစက်မှုအမြင့်မားဆုံးဖြစ်တဲ့ မော်စကိုမြို့တော်မှာ ပြီးခဲ့တဲ့လက စီမံချက်အချို့ ပြန်လည်ပြဋ္ဌာန်းခဲ့ပါတယ်။

မော်စကိုမြို့တော်ဝန် ဆာဂေး ဆော့ဗီယန်နင်က အသက် ၆၅ နှစ်အထက် လူတွေ အိမ်ထဲမှာပဲနေကြဖို့ ညွှန်ကြားခဲ့ပြီး ဝန်ထမ်း သုံးပုံတစ်လောက်ကို အိမ်ကနေသာအလုပ်လုပ်ခိုင်းဖို့ အလုပ်ရှင်တွေကို မှာကြားခဲ့ပါတယ်။  

ရုရှားနိုင်ငံမှာ ကပ်ရောဂါစဖြစ်ကတည်းက သေဆုံးသူပေါင်း ၂၂ ၂၅၇ ဦးရှိပြီဆိုပေမယ့် ရောဂါအခြေအနေဆိုးရွားမှုကို ဖုံးကွယ်ဖို့ သေဆုံးသူအရေအတွက်ကို လျှော့ပေါ့ထုတ်ပြန်နေတယ်လို့ ဝေဖန်သူတွေက စွပ်စွဲပြောနေကြပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly