ဝီဂါကိစ္စကြောင့် လန်ဒန်ရှိ သံရုံး နေရာပြောင်းရွှေ့မည့် တရုတ်၏ အစီအစဉ် ဒေသခံများ ကန့်ကွက်နေ 

ဝီဂါကိစ္စကြောင့် လန်ဒန်ရှိ သံရုံး နေရာပြောင်းရွှေ့မည့် တရုတ်၏ အစီအစဉ် ဒေသခံများ ကန့်ကွက်နေ 

တရုတ်အစိုးရသည် ဗြိတိန်ရှိ ယင်း၏ သံရုံးကို လန်ဒန်မြို့ အဆင့်မြင့် West end အရပ်ခေါ် လန်ဒန်မြို့၏ အနောက်ဘက် အရပ်ဒေသကနေ အရှေ့ပိုင်းအရပ်ဒေသသို့ နေရာရွှေ့ပြောင်းမည့် ဆုံးဖြတ်ချက်မှာ ယခုအခါ ဧရိယာတွင်းရှိ ဒေသများနှင့် သဘောဆန္ဒချင်း မတိုက်ဆိုင်ဘဲ အဆင်မပြေ ဖြစ်နေသည်။ 

မြို့၏ မူလ ၁၉ ရာစု Chinatown မှ ခဲ တစ်ပစ်စာ ဝေးသည့် နေရာရှိ တော်ဝင်ဒင်္ဂါးတိုက်ဟောင်းနေရာတွင် သံရုံးသစ်ကို တည်ထားမည် ဖြစ်သည်။ 

တော်ဝင် ဒင်္ဂါးတိုက်ဟောင်း၏ အနောက်ဘက်တွင် Tower Hamlets ၏ လူနေထိုင်ရာလမ်းများ ရှိရာ ယင်းလမ်းများတွင် နေထိုင်သူ ဒေသခံ ၁၀ ဦးလျင် လေးဦးက မွတ်ဆလင်များ ဖြစ်နေပြီး ယင်းအရပ်ဒေသသည် ယူကေတွင် အခြားအရပ်ဒေသများထက် မွတ်ဆလင်အချိုးအစားအမြင့်ဆုံး ရှိရာ နေရာလည်းဖြစ်သည်။ 

တရုတ်နိုင်ငံတွင် မွတ်ဆလင်များအပေါ် နှိပ်စက်နေသည် ဆိုသော လုပ်ရပ်များကို ပေကျင်းဘက်က မရပ်ဆိုင်းမီ သံရုံးကို ကြိုဆိုမည်မဟုတ်ဟု ဒေသခံများက ပြောထားသည်။ 

တရုတ်သည် ယင်း၏ အနောက်ဘက်စွန်း ရှင်ကျန်းဒေသရှိ ထိန်းသိမ်းရေးကမ့်များတွင် လူဦးရေ နှစ်သန်းခန့်အထိ ရှိသော ဝီဂါ မွတ်ဆလင်များနှင့် အခြားသော မွတ်ဆလင် လူနည်းစုများကို ထိန်းသိမ်းထားသည်ဟု ယုံကြည်ရသည်။ 

ပေကျင်း၏ မစ်ရှင်မှာ အဆောက်အအုံကို ပြင်ဆင်မွမ်းမံရန် နှင့် လန်ဒန်၏ ဘဏ္ဍာရေးအလယ်ဗဟို၏ ဆင်ခြေဖုံးအရပ်ပေါ်ရှိ နေရာတွင် ကမ္ဘာ့အကြီးဆုံး သံတမန်မစ်ရှင်အဖွဲ့တစ်ခုကို ထူထောင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း CNN News က ဖော်ပြသည်။ 

“လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံ ရှိနေတဲ့ အရပ်ဒေသတစ်ခုအစွန်းနားမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဘာလို့ ခုလို သံရုံးလာစိုက်ချင်နေတာလဲ ဆိုတာ ကျွန်တော် တော်တော်လေး ဇဝေဇဝါ ဖြစ်နေမိတယ်၊ ဒီနေရာမှာက မွတ်ဆလင် အသိုက်အဝန်းက ကြီးကြီးမားမား အခြေပြုထားတာလေ” လို့ လူ့အသိုက်အဝန်း အရေးကိစ္စများကို တက်တက်ကြွကြွလုပ်ဆောင်နေသည့် မွတ်ဆလင် ဒေသခံတစ်ဦးဖြစ်သည့် မို ရာကစ်ဘ်က ပြောသည်။ 

“ကျွန်တော်တို့ဟာ ကမ္ဘာ့ ဘယ်နေရာကနေပဲဖြစ်ဖြစ်၊ မွတ်ဆလင် အသိုင်းအဝိုင်းက တစ်ယောက်နဲ့တစ်ယောက်အကြား တော်တော်လေး ချိတ်ဆက်နေပါတယ်၊ တူညီတဲ့ တန်ဖိုးတွေ၊ ယုံကြည်မှုတွေအပေါ် အခြေခံထားပြီးတော့ လူ့အသိုက်အဝန်းတစ်ခုကနေ အခြားတစ်ခုဆီကို နှီးနွယ်ရင်းချာတဲ့ ခံစားစိတ်တစ်ခု အမြဲတမ်း ရှိပါတယ်၊ ပြီးတော့ ဝီဂါ အသိုက်အဝန်းအတွက်လည်း မတူညီကွာခြားမှု ဘာမှ မရှိပါဘူး” ဟု မိုက ပြောသည်။ 

ဒေသရှိ အတိုက်အခံ ကောင်စီဝင်အချို့ကလည်း ၎င်းတို့အနေဖြင့်လည်း သံရုံး ရွှေ့ပြောင်းမှု၏ ရိုက်ခတ်မှုဂယက်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြီး ယခုကိစ္စနှင့်ပတ်သက်၍ ကောင်စီ အစည်းအဝေးများတွင် ဆွေးနွေးရန် ဆန္ဒရှိနေသည်ဟု သိရသည်။ သို့သော် ၎င်းတို့သည် ၎င်းတို့အရပ်သို့ သံရုံး ရွှေ့လာမည့်အပေါ် ဘွင်းဘွင်းရှင်းရှင်း ကန့်ကွက်ခြင်းမရှိပေ။ 

ဒေသ ကောင်စီဝင်များအနက် တစ်ဦးဖြစ်သည့် ရာဘင်နာ ခန်က ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့ ကောင်စီအစည်းအဝေးတစ်ခု၌ တရုတ်နှင့်ပတ်သက်သည့် ယင်းကိစ္စကို အရေးကြီး အဆိုတစ်ခုအဖြစ် တင်သွင်းရန် ကြိုးပမ်းခဲ့သေးသည်။ 

သို့သော် ယင်းအဆိုသည် အချိန် အကန့်အသတ်ကြောင့် ပယ်ချခံခဲ့ရသည်ဟု မြို့တော်ဝန် ရုံးက CNN ကို ပြောသည်။ ယင်းကိစ္စကို နိုဝင်ဘာလတွင် ကျင်းပမည့် နောက်အစည်းအဝေး၌ ဆွေးနွေးသွားမည်ဟု မြို့တော်ဝန်ရုံးက ပြောသည်။ 

ယင်း အရေးကြီးအဆိုထဲတွင် တရုတ်ရှိ ဝီဂါများနှင့်အခြားမွတ်ဆလင်များအပေါ် ပေကျင်း၏ ဆက်ဆံပုံနှင့် ဟောင်ကောင်ရှိ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများကို နှိပ်ကွပ်ခြင်းတို့နှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ထားသည့် စာတစ်စောင်ကို တရုတ်သံအမတ် လျှို ရှောင်မင်ထံ ပေးပို့ရန် ကောင်စီကို တိုက်တွန်းထားသည်။ 

“ကျွန်တော်တို့ရဲ့ ဆန္ဒက တရုတ်ကို မက်ဆေ့ချ်တစ်ခု ပေးပို့ပါ၊ အဲဒီမက်ဆေ့ချ်က ဘာလဲဆိုတော့ သူတို့ ဒီနေရာကို ပြောင်းရင် ကျွန်တော်တို့ရဲ့ ဒီအရပ်ဒေသအကြောင်း သေချာသိဖို့ လိုတယ်ဆိုတာပါ၊ ဒီအရပ်ဒေသက အလုံးစုံသော မတူကွဲပြားမှုတွေအပြင် လူ့အခွင့်အရေးအတွက် ရပ်တည်မှုအတွက် ကျွန်တော်တို့ ဂုဏ်ယူနေရတဲ့ နေရာတစ်ခုဖြစ်တယ်ဆိုတာကို သိစေချင်တာပါ” ဟု ခန်က ပြောသည်။ 

ရှင်ကျန်းဒေသတွင် ဝီဂါ ၁၀ သန်းခန့် ရှိနေသည်။ တရုတ်အာဏာပိုင်များသည် ယဉ်ကျေးမှု၊ ဘာသာရေးနှင့် စီးပွားရေး ခွဲခြားဆက်ဆံမှုများ လုပ်ထားသည်ဆိုပြီး ရှင်ကျန်းဒေသလူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့် ရှိသော တူရကီစကားပြော မွတ်ဆလင်အုပ်စုက ပြီးခဲ့သည့် ကာလကြာကတည်းက စွပ်စွဲထားသည်။ 

ရှင်ကျန်းရှိ မွတ်ဆလင် လူဦးရေ ခုနစ်ရာခိုင်နှုန်းခန့်သည် တိုးချဲ့နေသော “နိုင်ငံရေးဆိုင်ရာ ပြန်လည်ပညာသင်ကြားရေး” ကမ့်စခန်းများ ကွန်ရက်တစ်ခုအတွင်း ထိန်းသိမ်းခံထားရကြောင်း အမေရိကန်တာဝန်ရှိသူများနှင့် ကုလပညာရှင်များက ပြောသည်။ 

နိုင်ငံတကာ ထောက်လှမ်းဖော်ထုတ်ရေးဂျာနယ်လစ်များ အဖွဲ့က ယမန်နှစ်က ကြည့်ရှုနိုင်ခဲ့သည့် China Cables ဟု သိကြသော (သက်ဆိုင်သူသာ ကြည့်ခွင့်ဖတ်ခွင့်ရှိသော) အထောက်အထားများကလည်း တရုတ်အစိုးရသည် ကမ္ဘာတဝန်း ဝီဂါများကို ထိန်းချုပ်ရန် နည်းပညာ မည်သို့မည်ပုံ အသုံးပြုသည် ဆိုသည်ကို ဖော်ထုတ်ခဲ့သည်။ 

အကြမ်းဖက်မှု၊ အတွေးအခေါ်အသစ်အဆန်းများ ထိုးဖောက်စိမ့်ဝင်မှုနှင့် သီးခြားခွဲထွက်မှု တို့အပေါ် တိုက်ဖျက်ရာတွင် သက်ညှာခွင့်လွှတ်မှု ပြသခြင်း လုံးဝ မရှိရေး သမ္မတ ရှီကျင့်ဖျင်၏ ညွန်ကြားချက်များအောက်တွင် ပြီးခဲ့သည့် သုံးနှစ်အတွင်း တရုတ်အာဏာပိုင်တို့သည် ရှန်ကျန်းရှိ ထိန်းသိမ်းရေးကမ့်များနှင့် အကျဉ်းထောင်များတွင် တစ်သန်း သို့မဟုတ် ယင်းထက် ကျော်သော ဝီဂါများနှင့် အခြား မွတ်ဆလင်လူနည်းစုများကို ထားရှိထားခဲ့သည်ဟု အမေရိကန်မီဒီယာတွင် ဖော်ပြခဲ့သည့် အထောက်အထားများအရ သိရသည်။ 

သို့သော် ယင်းကဲ့သို့သော နှိပ်စက်မှုမျိုး မရှိဟု တရုတ်က ပုံမှန်ပင် ငြင်းဆိုခုခံပြောဆိုထားပြီး ကမ့်များသည် သက်မွေးမှု လေ့ကျင့်မှုများကို ထောက်ပံ့ပေးနေကြောင်း ပြောသည်။ 

သို့သော် ထိန်းသိမ်းခံထားရသူများအနက် အများအပြားသည် ၎င်းတို့၏ အသိုက်အဝန်းများတွင် သြဇာလွှမ်းမိုးမှုရှိသည့် အဆင့်မြင့်ဘွဲ့ဒီဂရီများ ရရှိထားပြီးသူများနှင့် စီးပွားရေးလုပ်ငန်းပိုင်ဆိုင်ထားသူများဖြစ်ကြောင်း၊ ယင်းအတွက် မည်သည့် အထူးပညာသင်ကြားမှုမျိုးမှ မလိုအပ်ကြောင်း ဝီဂါ တက်ကြွသူများနှင့် လူ့အခွင့်အရေးအုပ်စုများက ပြန်လည်တုံ့ပြန်ခဲ့သည်။ 

ထိန်းသိမ်းရေးကမ့်စခန်းများတွင် ရှိသူများက ၎င်းတို့သည် နိုင်ငံရေးအယူဝါဒ အတင်းအကျပ် သွတ်သွင်းမှု၊ နှိပ်စက်ညှင်းပန်းမှု၊ ရိုက်နှက်မှုနှင့် အစားအသောက်နှင့် ဆေးဝါးများ ပိတ်ပင်မှုတို့ကို ခံရသည်ဟု ထုတ်ဖော်ထားခဲ့ကြသည်။ ထို့ပြင် ၎င်းတို့၏ ဘာသာရေးကို ကျင့်ကြံခြင်း သို့မဟုတ် ၎င်းတို့၏ ဘာသာစကားပြောဆိုခြင်းကနေလည်း တားမြစ်ခံထားခဲ့ရကြောင်း ပြောဆိုကြသည်။ 

ယခုအခါ ပေကျင်းသည် အထက်ပါ ပြောဆိုချက်များကို ပယ်ချသလို တစ်ချိန်တည်းမှာပင် ဒေသတွင်းသို့ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများကို ခွင့်ပြုရန် ငြင်းဆန်ခြင်းနှင့်အတူ လူနည်းစု မွတ်ဆလင်များအပေါ် တရုတ်၏ ကြမ်းကြုတ်ရက်စက်မှုများနှင့် သက်ဆိုင်သော သတင်းများကို ထပ်မံထွက်ပေါ်စေလျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly