ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံရန်ရှိ

ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံရန်ရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားခေါင်းဆောင်များ နိုဝင်ဘာ တတိယအပတ်အတွင်း နေပြည်တော်တွင် တွေ့ဆုံရန် ရှိနေသည်ဟု အမည်မဖော်လိုသည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးက ပြောသည်။

"ကျွန်တော်တို့ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေ ရွေးချယ်ပြီးတော့ တွေ့မှပါ။ ဘယ်နေ့တွေ့မလဲ ဆိုတာတော့ မသေချာသေးဘူး။ နေပြည်တော်မှာပဲ တွေ့ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ အစည်းအဝေး အပြီးပေါ့။ အဲ့လောက် ဖြစ်နိုင်မယ်ထင်ပါတယ်"ဟု ၎င်းက ပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌကို ဂုဏ်ပြု စကားပြောရန် နှင့် ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးရန် တွေ့ဆုံရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ယင်းတွေ့ဆုံမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဘက်ကမူ အတည်ပြုပေးခြင်း မရှိသေးပေ။

အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ဖွဲ့သည် အစိုးရ နှင့် ပြည်ထောင်စုအဆင့် နိုင်င့ရေးဆွေးနွေးပွဲ ပူးပေါင်းကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၁၇၊ ၁၈ ၌ နေပြည်တော်ရှိ Horizon Lake View hotel၊ အဆောင် (၂) တွင် နံနက် (၉) မှစတင်၍ ကျင်းပပြုလုပ်မည်သည်။

အပစ်ရပ်လက်မှတ်ထိုးထားသည့် အဖွဲ့ ၈ဖွဲ့သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KUN/KNLA-PC)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းတပ်မတော် (RCSS/SSA)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly