မြစ်ရေ စည်းချက် ဧရာဝတီ - ၁၇

မြစ်ရေ စည်းချက် ဧရာဝတီ - ၁၇

သန့်ဇော်(သန်လျင်)  

 

ကသာ၊ အင်းရွာကနေ အောက်ဖက် စုန်ဆင်းလေလေ ဧရာဝတီမြစ်ထဲမှာ သောင်တွေကို ဟိုတစ် ကွက်၊ ဒီတစ်ကွက် တွေ့ရလေပါပဲ။ သောင်ပြင်တွေကလည်း သုံးကီလိုမီတာလောက် ဧရာမအကြီးကြီးတွေဖြစ် ပါတယ်။ အင်းရွာကနေ ထီးချိုင့်မြို့ကို မိုင် ၂၀ လောက်သွားရပါ တယ်။ ထီးချိုင့်မြို့ဟာ ရန်ကုန် - မြစ်ကြီးနား လမ်းပေါ်က မြိုကလေးတစ်မြို့လို့လည်း ပြောလို့ရပါတယ်။    ကာသာ၊အင်းရွာ ကနေ ထီးချိုင့်မြို့ကိုသွားတဲ့ လမ်းခရီး ကတော့ရသနှစ်မျိုးကို ခံစားရပါတယ်။  

တစ်မျိုး ကတော့ စိမ်းလန်းစိုပြည်နေတဲ့တောတောင်တွေက တစ်ခြမ်း၊ နောက်တစ်ခြမ်းက သောင်တွေ ထွန်းနေ တာနဲ့ တစ်မျှော်တစ်ခေါ် ကွင်းပြင်ကျယ်ကြီးတွေဖက်ကတောင်ယာစိုက်ခင်းတွေပါပဲ။အင်းရွာကနေ ထီးချိုင့် အတွင်း ဧရာဝတီမြစ်တစ်လျှောက်နွေဖက်ဆိုတော့ ရေလယ်မှာ သောင်ကျွန်းကြီးတွေဟာသဲကန္တာရ အသေးစားလေးလိုပါပဲ။ လက်ဝဲဖက်မှာဆိုရင် မြစ်ကျိုးအင်းကြီးဟာလည်းဧရာမကြီးဖြစ်ပြီး ကျွန်းအလယ်မှာ ရွာလေး တောင် ရှိပါတယ်။ မိုးတွင်းမှာ ရွာက ရေမမြုပ်ပေမယ့် မိုးကြီးရေလျှံ ဖြစ်ရင်တော့      ပြောင်းရွှေ့ရတယ်လို့သိရပါတယ်။   

ပြောရရင်တော့ မိုးတွင်းရေပြည့်တဲ့အချိန်၊မိုးကြီးတဲ့အချိန်မှာဆိုအထက်က စီးလာတဲ့ မြစ်ရေက မြစ်ကမ်းနဖူးကို တိုက်စားလို့ နွေရာသီလည်းရောက်ရော ရေတွေကျပြီးတော့ မြစ်ကြီးဟာ ပြန့်ကား ကျယ်ထွက်ပြီး ကြည့်ရတော် တော် ဆိုးပါတယ်။ နှစ်တိုင်း မိုးတွင်းအခါသမယမှာလည်းမြစ်ရေတိုက်စား လို့ အိမ်ဘယ်နှစ်လုံး ရေထဲမျောပါသွားတယ်၊ စိုက်ခင်း ဘယ်နှစ်ဧက ရေတိုက်စားသွားတယ် ဆိုတာ လည်း နှစ်စဉ်ကြားရလို့ ရိုးအီနေပေမယ့် ပိုင်ရှင် တွေကိုတော့ ကျွန်တော်တို့ဟာ ကိုယ်ချင်းစာရမှာ ဖြစ် ပါတယ်။ ဒီဒေသတွေမှာတော့ ဒီလိုမျိုးကိစ္စတွေဟာသားစဉ်မြေးဆက် ယဉ်ပါးနေပြီလို့လည်း ဆိုကြပါ တယ်။  

လက်ဝဲဖက်မှာကျွန်းကြီး အကြီးကြီးတွေ့လို့ အဆုံးမှာတော့ လက်ယာဖက်မှာလည်း သဲသောင်ပြင်ကြီး ထပ်တွေ့ရပြန်ပါတယ်။ ကျွန်တော်တို့ လာရာ လမ်းတစ်လျှောက် မြစ်ကြီးနားကနေ အောက်ပိုင်း ဧရာဝတီဟာ နွေရာသီဆို ရင်ဖြင့် သောင်တွေ၊ မြစ်ကျိုးအင်းတွေနဲ့ မိုးရာသီမှာ ကမ်းပြိုထားတဲ့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ပြည့်နေတဲ့ မြွေလီမြွေကောက် မြစ်တစ်စင်းလိုပဲ သူ့ရဲ့ အိန္ဒြေကို ထိန်းသိမ်းရင်း စီးမြဲ စီးဆင်းနေပါတယ်။  

မြန်မာနိုင်ငံရဲ့ဟိုးမြောက်ဖျားကနေ ဧရာဝတီမြစ် ဖြစ်တည် စီးဆင်း တာကစလို့ ခု အပိုင်း(၁၃)ထိ ရေးရတာ လုံးဝပြည့်စုံမှာကုန်လုံမှာမဟုတ်ဘူးဆိုတာလည်း ဝန်ခံရင်း ဟိုးနှစ်ပေါင်း တစ်ထောင်ကျော် လောက်ကို စိတ်ကူးယဉ် ကြည့်လိုက်တော့ဧရာဝတီမြစ်ကြီးဟာ ယခုမျက်မြင် အနေအထားမျိုးတော့ မဟုတ်တာ သေချာပါတယ်။  

သဘာဝရာသီဥတုကဖောက်ပြန်လို့၊ ပတ်ဝန်းကျင်ဂေဟစနစ် ပျက်စီးလို့၊ဖျက်ဆီးလို့ ရာသီမမှန် ရေစီး ကြောင်းတွေမမှန်၊ မြစ်ရေတွေကတိုက်စား၊ ရေနည်းရာသီမှာ သောင်တွေထွန်း၊ မြစ်ကိုထိန်းသိမ်းမှုကလည်း မရှိဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်က ဧရာဝတီမြစ်ရဲ့အခြေအနေနဲ့သူ့ရဲ့အလှကို တွေးကြည့်တာနဲ့ကို သိသာနေပါတယ်။  

မိုင်ပေါင်း၃၅၀၀ ရှိတဲ့ ကျွန်တော်တို့နိုင်ငံကပိုင်တဲ့ မြစ်ကြီးတစ်စင်းက ရေပမာဏကို ကျွန်တော်တို့ အကျိုးရှိရှိ ဘာတွေများထုတ်ယူ သုံးစွဲခဲ့သလဲဆိုတာလည်းထပ်မံစဉ်းစားရပါမယ်။ နှစ်ပေါင်းမြောက်များ စွာမြစ်ရေတွေဟာ မြစ်ထဲကနေ ငါးဖမ်းတာရယ်၊ သောက်ရေ၊သုံးရေအဖြစ်သုံးတာရယ်၊ခရီးသွားလာ တာတွေရယ်လောက်သာကျွန်တော်တို့ အသုံးချခဲ့ပြီး ကျန်တာတွေကတော့ အဟောသိကံ ပင်လယ်ထဲ သို့ ရောက်ရှိသွားလေသတည်း ဆိုတာကိုလည်း စဉ်းစားရပါလိမ့်မယ်။   

ကျွန်တော်လည်းသဘာဝကပေးထားတဲ့ မြစ်ရေတွေကို လွန်စွာ နှမြောတသ ဖြစ်နေရင်း စဉ်းစားရင်း ငေးရင်း၊ တွေးရင်းက ထီးချိုင့်မြို့ကို လှမ်းမြင်နေရပါတော့တယ်။ ထီးချိုင့်မြို့ကတေ့ ဧရာဝတီမြစ်ရဲ့ ကသာ၊ အင်းရွာ ဖက်က အလာမှာ လက်ယာဖက်ကမ်း တောင်ကုန်းငယ်ပေါ်မှာ ရှိတာဖြစ်ပါတယ် ။ ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းယူစအခါက၊ ကသာခရိုင် ရုံးစိုက်ရာမြို့လည်း ဖြစ်ခဲ့ဘူးတယ်လို့ ပြောကြ ပါတယ်။ ၁၈၉၇ ခုနှစ်ခန့်က တည်းက ဈေး၊ ဗိုလ်တဲ၊ ရဲဌာနာ၊ စာတိုက်များကို ဖွင့်လှစ်ခဲ့တယ်လို့လည်း သိရပါ တယ်။   

ထီးချိုင့်မြို့ကို ရန္တပစ္စည်းနှင့် နန္တပစ္စည်း ညီနောင်နှစ်ပါးက တည်ထားခဲ့တယ်လို့လည်း အဆိုရှိပါတယ်။ ရန္တပစ္စည်းနှင့် နန္တပစ္စည်းတို့လက်ထက် တရုတ်တပ်များ ဝင်ရောက် တိုက်ခိုက်လာတာကို မြန်မာတပ်များ က ချီတက်ပြီး မြင်းခင်းရာအရပ်မှ တွန်းလှန်ဖြိုဖျက်ခဲ့လို့ ဆင်များ ချထားရာအရပ်ကို ဆင်ကျုံး၊ မြင်းများ ချထားရာ အရပ်ကို မြင်းကျုံးဟူ၍ ယခုတိုင်ခေါ်ဆိုနေတာလည်း ကြားရပါတယ်။  

ကျောက်ခံတပ်ပျက်များကိုလည်း ယခုတိုင်တွေ့မြင်နိုင်ပါတယ်။ မြို့တည်ရာ တောင်ကုန်းမှာတော့ သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့တဲ့ ထင်ရှားတဲ့ မြတသိန်းတန် စေတီရှိပါတယ်။   နရပတိစည်သူ မင်းကြီးဟာ ဖောင် စင်္ကြာနဲ့ လှည့်လည်လာခဲ့တဲ့အခါမှာ အဲဒီစေတီကို ဖူးမြင်ရတော့ ကြည်ညို လို့ဆိုပြီး အဖိုးတစ်သိန်း ထိုက်တန်တဲ့ မြခါးပတ်ကို စေတီမှာ လှူခဲ့တယ်လို့လည်း သိရပြီး တစ်သိန်းတန် မြခါး ပတ် လှူခဲ့တာကိုအစွဲပြုလို့  မြတသိန်းတန်ဘုရားလို့ အမည်တွင် ခဲ့တာလို့လည်း ဆိုကြပါတယ်။ မြို့အမည်မှာလည်း အဲဒီအရပ်မှာ လှူခဲ့တဲ့ ဘုရင်ရဲ့ ထီးနဲ့ကျိုင်းကို အစွဲပြုလို့ ထီးကျိုင်းလို့ ခေါ်ရာကနေ ကာလရွေ့လျောကာ ထီးချိုင့်ဖြစ်လာတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။   

ဟိုငေးဒီငေးနဲ့ ထီးချိုင့်မြို့ထဲ လျှောက်ကြည့်ရင်း ဟိုးအဝေးမှာ မြင်နေရတဲ့ ဧရာဝတီမြစ်ကူး(ထီးချိုင့်) တံတားကြီးအကြောင်း ဒေသခံတွေဆီက စပ်စုလိုက်ပါသေးတယ်။ ထီးချိုင့်မြို့နဲ့ တစ်ဖက်ကမ်း မြတောင် ကျေးရွာတို့ကို ချိတ်ဆက်ထားတဲ့ မြစ်ကူးတံတားကြီးဟာ ပေပေါင်း ၇၇၃၀ ရှိပြီး ၂၀၁၅ ခုနှစ် က ဆောက်ထားတာဆိုပဲ။ မိုးရာသီ‌ ရေပြည့်ချိန်ဆိုရင် မြစ်ရေပြင်ရယ်၊ တံတားကြီးရယ်နဲ့ ဟိုးအဝေးက တကောင်းတောင်တန်းကြီးတွေဟာ အရမ်းကြည့်ကောင်းတယ်လို့လည်း ပြောကြပါတယ်။ မိုးကြီးလို့ မြစ်ရေလျှံရင်တော့ မြို့ရဲ့ကမ်းနား အနိမ့်ပိုင်းကို ရေတက်လို့ နှစ်စဉ်နီးပါး ရွှေ့ပြောင်းရတာလည်း ထီးချိုင့် ဓလေ့လို ဖြစ်နေပြီလို့လည်း အရွှမ်းဖောက်ကာ ပြောပါသေးတယ်။  

တစ်ညအိပ်ပြီး ထီးချိုင့်မြို့ကနေ ဧရာဝတီကို စုန်ဆင်းတဲ့အခါ ရှေ့မှာတွေ့တာတွေကတော့ သောင် အကြီးကြီးတွေပဲ ဖြစ်ပါတယ်။ သောင်ကြီးတွေက ကျွန်းကြီးတွေလိုဖြစ်နေပြီး လွင်တီးခေါင်ကြီးတွေ အဖြစ် တွေ့ရပါတယ်။ ဧရာဝတီမြစ်ကူးတံတားကြီးကလည်း ရှည်မှရှည် လှမှလှပေါ့။ ဧရာဝတီတံတား ရဲ့ အလယ်လောက်မှာတော့ တံတားတိုင်တွေဟာ ရေမရှိတဲ့ သောင်တွေပေါ်မှာ ဒီအတိုင်းကို မြင်နေရ ပါတယ်၊ မိုးရာသီရေများရင်တော့ မြုပ်တာပေါ့။   

ကျွန်တော်တို့ သင်္ဘောလေးကတော့ မြစ်အလယ် ရေကြောကနေ သွားရပါတယ်။ လက်ယာဖက်မြစ် ကြောအတိုင်း သွားမယ်ဆိုရင် ရှေ့မှာ ထပ်ပြီး မြစ်က နှစ်ခုထပ်ပြီး ကွဲသွားပြန်ပါလိမ့်မယ်။ ပြီးတော့ ပြန်ဆုံ ဆက်သွား နောက်တော့မှ ပင်မမြစ်ကြီးနဲ့ ပြန်ဆက်သွားပါတယ်။   

ဆက်ပြီးရှေ့ကို တရွေ့ရွေ့ဆက်သွားလေလေ မြစ်ရဲ့ ဟိုဖက် ဒီဖက်မှာသောင်တွေကိုပဲ မြင်ရလေလေ ပါပဲ။ ရေလယ်ကျွန်းကြီး တစ်ကျွန်းကိုကျော်လိုက်တော့ ရေပြင်ကြီးပဲတွေ့ရပြီးနောက် ကျွန်းကြီးတွေ၊ ကျွန်းကလေးတွေ အများကြီးကိုထပ်မံတွေရပြန်ပါတယ်။ တစ်ခါတည်းမှာပဲ လက်ယာဖက်အခြမ်းကနေ မဲဇာမြစ်စီးဝင်လာတာကို တွေ့ရပါတယ်။ မဲဇာမြစ်ဟာ မြစ်ဆိုပေမယ့်လည်း ဧရာဝတီထက်စာရင် အင်မတန် ငယ်တဲ့ မြစ်ကလေးတစ်စင်း ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ မဲဇာမြစ်ဆိုတာနဲ့ မန်လည် ဆရာတော်ဘုရားကြီးကို သတိရမှာဖြစ်ပါတယ်။ ကဒူး၊ ကနန်း၊ ရှမ်းနီ စတဲ့ တိုင်းရင်းသား အများစု နေထိုင်တဲ့ ဒေသလည်းဖြစ်၊ အင်းတော်ရေအိုင်ကြီးနဲ့ သစ်တောလက်ကျန်တွေရှိနေတဲ့ နေရာပဲဖြစ်ပါ တယ်။  

မဲဇာမြစ်နဲ့ ဧရာဝတီမြစ်ဆုံရာ နေရာကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆက်သွားတော့ တကောင်းမြို့ မရောက်ခင်ထိ ဟိုတစ်ကွက် ဒီတစ်ကွက် သောင်တွေကိုတွေ့ရပါတယ်။ တကောင်းကို ကျော်သွားတဲ့ အခါမှာတော့ မြစ်က နည်းနည်းကျဉ်းသွားပြီး သောင်အသေးလေးတွေ ကတော့ အကွက်အကွက်တွေ တွေ့ရပါတယ်၊ ရေနက်တဲ့နေရာမှာ အရမ်းနက်ပြီး ရေတိမ်တဲ့နေရာများတယ်ဆိုတဲ့ သဘောပဲဖြစ်ပါ တယ်။ လက်ယာဖက်အခြမ်းမှာတော့ စိမ်းညို့နေတဲ့ တောင်တန်းကြီးကိုလည်းတွေ့ရပါတယ်။ တကောင်းမြို့ရဲ့ ထူးခြားတာလေးကတော့ မိုးတွင်းမြစ်ရေများချိန်ဆိုရင် မဲဇာမြစ်ကလည်းရေတွေတိုးလို့ ဧရာဝတီမြစ်ရေနဲ့ပေါင်းပြီး တကောင်းမြို့ဟာ ကျွန်းကြီးတစ် ကျွန်းလိုဖြစ်သွားတော့တာပဲ ဖြစ်ပါတယ်။     မြစ်နှစ်စင်းရဲ့ရေတွေက အရင်ဦးဆုံး တကောင်းမြို့ကိုရောက်လာပြီး တကောင်းမြို့သားတွေကတော့ မြစ်ရေတိုးလို့ ရေလွှမ်းတာဟာ သူတို့မရိုးနိုင်တဲ့ သဘာဝပဲဆိုတာကိုလည်း ပြောပြလို့ သိခဲ့ရပါတယ်။   

မိုးတွင်း မြစ်ရေလျှံတဲ့အချိန်ဆို တကောင်းမြို့ရဲ့ မြောက်ဖက်ကို ကြည့်လိုက်မယ်ဆိုရင် ပင်လယ်ပြင် အလား ဧရာဝတီမြစ်ရေပြင်ကြီးဟာ  အလွန်ပဲကျယ်ပြန့်နေတာကို တွေရမှာပဲဖြစ်ပါတယ်။ နွေဖက်မြစ် ရေ ကျတဲ့အချိန်ဆို စိုက်ပျိုးလို့ရတဲ့နေရာတွေ ဖြစ်ကုန်ကြတာလည်း ဒီဒေသရဲ့ သဘာဝက ပေးတဲ့ လက်ဆောင်တွေလို့ပဲ ခေါ်ရမှာပဲ မဟုတ်ပါလား။  ။  

(ဆက်လက်ဖော်ပြပါမည်)  

သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly