ရုရှမှာ တောမီးကြောင့် စစ်လက်နက်ဂိုထောင် မီးလောင်ပေါက်ကွဲမှု ဖြစ်

ရုရှမှာ တောမီးကြောင့် စစ်လက်နက်ဂိုထောင် မီးလောင်ပေါက်ကွဲမှု ဖြစ်
Photo - AFP

အောက်တိုဘာ ၉

မော်စကို အရှေ့တောင်ဖက် ရိုင်ယာဇန်အရပ်မှာ တောမီးလောင်ရာက စစ်လက်နက်ဂိုထောင် မီးကူးစက်ပြီး ပေါက်ကွဲမှုတွေ ဖြစ်ပွားတာကြောင့် အနီးနား ကျေးရွာက ပြည်သူပေါင်း ၂၀၀၀ ကျော်ထက်မနည်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

အဲဒီ လက်နက်ဂိုထောင်မှာ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းက လောင်တဲ့ မီးကို မီးသတ်သမား ၄၀၀ ကျော်နဲ့ ညနေပိုင်းအထိ ငြှိမ်းသတ်နေခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ငါးဦး ရှိပေမယ့် သေဆုံးသူ မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ 

အနီးဝန်းကျင်က မြက်ခြောက်တွေကနေ တောမီးစလောင်ပြီး စစ်လက်နက်ဂိုထောင်ကိုပါ မီးလောင်ကျွမ်းတာကြောင့် ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်လို့ အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။ 

စစ်လက်နက်ခဲယမ်း တန်ချိန် ၇၅၀၀၀ နီးပါး သိုလှောင်ထားတဲ့ ဒီ ဂိုထောင်ကနေ မီးတောက်မီးလျှံတွေနဲ့ မီးခိုးလုံးတွေ ကောင်းကင်ကို လွှင့်တက်နေတာကိုလည်း မြင်တွေ့ရပါတယ္။ 

လက်နက်စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ထားနိုင်ခြေ ရှိတာကြောင့် ရာဇဝတ်မှုတစ်ရပ်အနေနဲ့ အမှုဖွင့်ထားတယ်လို့ စုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။ 

မော်စကိုကနေပြီး ထပ်တိုးမီးသတ်အင်အားကို စေလွှတ်ထားသလို မီးသတ်ရထားတစ်စင်းအပါအဝင် နည်းပညာတွေကိုလည်း အသုံးပြု မီးငြှိမ်းသတ်နေတယ်လို့ အရေးပေါ်ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ပြောပါတယ်။ ဖြစ်ပွားရာဆီကိုလည်း အရေးပေါ်ဝန်ကြီး ဇီနီချော့က သွားရောက်ခဲ့ပါတယ်။ 

အခြေအနေက ခက်ခဲရှုပ်ထွေးတယ်လို့ ဒေသအုပ်ချုပ်ရေးမှူး လိုင်ယုဘီမော့က ပြောပေမယ့် ညနေပိုင်း ထုတ်ပြန်ချက်မှာတော့ ‘အဆိုးတွေက ကျန်ခဲ့ပြီ၊’ ‘အခြေအနေကို ထိန်းချုပ်နိုင်ပြီ’လို့ ဆိုထားပါတယ်။ 

မီးလောင်တဲ့ နေရာရဲ့ ငါးကီလိုမီတာ အချင်းဝက်အတွင်းက ဒေသခံ ၂၅၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး အဝေးပြေးလမ်းကိုလည်း ယာဉ်ကြောပိတ်ဆို့မှုကြောင့် ပိတ်ထားတယ်လို့ အရေးဝန်ကြီးဌာနက ပြောပါတယ်။ 

ဒီ နယ်မြေခံ အနောက်ပိုင်း စစ်ဌာနက တပ်ဖွဲ့ဝင်တွေဟာ မီးကို ငြှိမ်းသတ်ကြဖို့ ကြိုးစားပေမယ့် မအောင်မြင်တာကြောင့် တပ်တွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း ထုတ်ပြန်ပါတယ်။ 

ရုရှနိုင်ငံမှာ ဟောင်းနွမ်းတဲ့ စစ်လက်နက်ခဲယမ်းတွေ အမြောက်အမြားကို သိုလှောင်ထားရှိထားတာကြောင့် ခုလို လက်နက်ဂိုထောင် မီးလောင်ပေါက်ကွဲမှုမျိုး ဖြစ်လေ့ရှိပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly