စားရေးက ( ၁ ) ၊ ကိုဗစ်က (၂)

စားရေးက ( ၁ ) ၊ ကိုဗစ်က (၂)

အောက်တိုဘာ ၈

အမှိုက်ပုံထဲက ကန်းစွန်းဥအပုတ်မျာအားရွေးကာ ဆာ‌လောင်နေသော သူမကလေးငယ်များအတွက်ကောက်၍ အိမ်သို့ယူလာသည်။ ဆန်မရှိတော့သည့်အိမ်တွင် ဆာလောင်မွတ်သိပ်နေသော  နှစ်နှစ်အရွယ်၊ လေး နှစ်အရွယ်နှင့် ၁၃ နှစ်အရွယ် သူ့မကလေးငယ်များအတွက် လတ်တလော အကောင်းဆုံးနည်းလမ်းဖြစ်သည်။

“ ကန်စွန်းဥကောက်ပြီး ကျမတို့စားတာ။ စားစရာမှ မရှိတာ ကလေးကဆာနေတော့ ရှိတာလေးကောက်ဆေး ကျွေးတာပေါ့ ” ဟု အသက် ၄၇ နှစ်အရွယ် ဒေါ်ယုမော်က  ပြောသည်။

သူမမှာ တောင်ဒဂုံမြို့နယ်ထဲက ကျူး‌ကျော်များနေထိုင်သည့် ၂၃ ရပ်ကွက်တွင် နေထိုင်လျက် ရှိသည်။ ဘေးတွင်ငမိုးရိပ်ချောင်း ရှိနေသည်။ ရေအလျဉ်စီးမျောနေသော ချောင်းကြီးက သာယာသောရှုခင်းဖြစ်ပေမဲ့ သူတို့ဘဝကား မလှပ။ ကိုဗစ်ရိုက်ခက်မှုများက လက်လုပ်လက်စား မိသားစုကို နွံထဲဆွဲချလိုက်သလို ဖြစ်သွားသည်။ ယခင်က ဒေါ်ယုမော်က စက်ရုံဆင်း အလုပ်လုပ်သဖြင့် မိသားစုစားဝတ်နေရေး ဒီလောက်မပူရ၊ အခုတော့ စက်ရုံလည်းမသွားရပြီ၊  ကိုဗစ်ထောက်ပံ့ငွေလည်း မရ။

၁၃ နှစ်အရွယ် သမီးလေးက အနီးအနားရှိ ဘုန်းကြီး‌ကျောင်းသို့ မကြာမကြာ ထမင်းသွားစားတက်ကြောင်း ဒေါ်ယုမော်က ပြောသည်။ တစ်ခါတရံမှာ အိမ်သို့ ထမင်းများ သယ်ခဲ့၍ အိမ်သားများ ဝေမျှစား၍ရသည်။ ယခုအခါမှာတော့ ဘုန်းကြီးများလည်းဆွမ်းခံ ထွက်မရသည့်အခြေအနေဆိုတော့ အားကိုးတစ်ခုမဲ့သွားသည်။ နာတာရှည် ဒုက္ခိတ ခင်ပွန်းသည်နှင့် အရွယ်မမယ် ကလေးသုံးဦးအား ရှာကျွေးနေရသော သူမမှာ နေ့စဉ်စားရေးအတွက် ခေါင်းမီးတောက်နေရသည်။ ယနေ့အဖို့တော့ ဘေးအိမ်က ချေးထားသော ဆန်နှစ်ပြည် ရှိသေးသည်ဟု သူမက ဆိုသည်။  “ စားဖို့၊ သောက်ဖို့လေးရရင် ကျေနပ်ပါတယ် ” ဟု  သူမက ပြောသည်။

အစိုးရမှ ရန်ကုန်နေ ပြည်သူများအား Stay at Home အိမ်မှာနေထိုင်ရေး အစီအစဉ်ချမှတ်ခဲ့ပြီး နွမ်းပါးသူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးရန် စက်တင်ဘာ တတိယအပတ်တည်းက ရပ်ကွက်အလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များက စာရင်းကောက်ခဲ့ကြသည်။ သူတို့မိသားစုအတွက်တော့  ယခုထိ လက်တွေ့အကောင်အထည် ဖော်လာသေးခြင်းမရှိသော အစီအစဉ်ဖြစ်သည်။  ဒေါ်ယုမော်မှာ ကိုဗစ်ထောက်ပံ့ငွေများအား သုံးကြိမ်စလုံး တစ်ကြိမ်မှ မရခဲ့ဟု ဆိုသည်။ နိုင်ငံတော်မှ မရှိဆင်းရဲသားများကိုသာ ထောက်ပံ့ပေးသော တစ်အိမ်ထောင် နှစ်သောင်းကျပ်မှာ သူမတို့မိသားစု ဘာကြောင့် မရပါသနည်း။ သူလည်း မစဉ်းစားတတ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ချပေးသော ကိုဗစ်ထောက်ပံ့ငွေစာရင်းမှာ ပိုလျှံပေးထားသည်ဟု သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး၏ သတင်းထောက်များအား ပြောဆိုခဲ့သော အချက်အလက်များအရ သိရသည်။ သို့သော်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကောက်ယူခဲ့သော လူဦးရေစာရင်းနှင့် ကိုက်ညီမှုမရှိဖြစ်‌နေကာ စားဝတ်နေရေး အဆင်မပြေသူများ မရခဲ့ဘဲ အဆင်ပြေသောသူများ ရခဲ့သည့် လွှဲမှားမှုများ ဖြစ်စေခဲ့သည်။ ယခုကဲ့သို့ စာရင်းရှိသင့်သော အခြေခံပြည်သူများ ထောက်ပံ့‌ငွေ မရရှိခြင်း၊ စာရင်းရှိပြီး ထောက်ပံ့ငွေများ မရခြင်းများက ဒေါ်ယုမော်တို့ မိသားစုတစ်ခုတည်းတော့မဟုတ်။

ဒေါ်ယုမော်နှင့် (၂၃) ရပ်ကွက် တစ်ရပ်ကွက်ထဲနေ ကလေးသုံးဦးမိခင် မချိုချိုမာမှာလည်း ကိုဗစ်ကာလ အလုပ်လက်မဲ့ဖြစ်နေသော သူမအမျိုးသားကြောင့် ဝင်ငွေမရှိသဖြင့် ဆန်  အကြွေးဝယ်ထားကြောင်း ပြောသည်။ သူမလည်း ကိုဗစ်ထောက်ပံ့ငွေ
မရ‌ခဲ့ပေ။ သူ့အိမ်မှာ မိဘနှစ်ပါးအပါအဝင် စုစုပေါင်း ခုနှစ်ဦးရှိနေသည်။ “ ပန်းရံတွေက သုံးလလောက်ရှိပြီ နားနေရတာ။ ဝင်ငွေတပြားမှ မရှိဘူး။ ဘယ်ကိုမှလည်း ထွက်လို့မရဘူး။ ဈေးထဲတောင် ကဒ်ပေးထားတာလေ ” ဟု မချိုချိုမာက ပြောသည်။ ယခင်က သူမယောက်ျားက ပန်းရံလုပ်၊ သူက လက်အိတ်စက်ရုံဆင်း အခုတော့ အားလုံးရပ်နေသည်။  

ယနေ့တော့ သူမတို့မျှော်လင့်နေသော လှူဒါန်းသူများ သူမတို့ကျူးကျော်များနေထိုင်ရာ (၂၃) ရပ်ကွက်သို့ ရောက်လာကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ လာရောက်လှူဒါန်းကြခြင်း ဖြစ်သည်။ သို့သော် သူမတို့ဘက်ခြမ်းရှိ ကျူးကျော်များ မရလိုက်ကြ။ ကျူးအနားရှိ ကျူးမဟုတ်သော ရပ်ကွပ်သားများကိုသာပေးခြင်းဖြစ်သည်။ ကျူး မိသားစုတွေက စာရင်းမပေါက်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အောင်တိုဘာ ၅ ရက်ဖြင့် ကိုဗစ်ကပ်ရောဂါအခြေအနေများကြောင့် စက်ရုံများ ပိတ်ထားရန် ကြေညာခဲ့သည်။ အချက် ၄ ချက်ပါသော ယင်းထုတ်ပြန်ချက် နံပါတ် (၂) နှင့် နံပါတ် (၃) အချက်တွင် ယခုလို ပါရှိသည်။ -

၂။ အဆိုပါကြေညာချက် အပိုဒ် ၃။ အပိုဒ်ခွဲ (ဂ) ၌ မိမိနေအိမ်တွင် နေထိုင်ရန် စည်းကမ်းချက်များတွင် ကုန်းကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့် သူများအား ၂၄-၉-၂၀၂၀ ရက်မှ ၇-၁၀-၂၀၂၀ ရက်‌ထိ လုပ်ငန်းခွင် သွားရောက်ခွင့် မပြုရန် သတ်မှတ်ခဲ့ပါသည်။

၃။ သို့ရာတွင် လက်ရှိအ‌ခြေအနေ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် COVID-19 ရောဂါ ဓာက်ခွဲအတည်ပြုလူနာများ ပိုမိုတွေ့ရှိရခြင်း၊ COVID-19 ရောဂါ ကူးစက်ခံထားရသူ ဖြစ်သော်လည်း မည်သည့် ရောဂါလက္ခဏကိုမျှ မပြသေးသဖြင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှား လုပ်ကိုင်နေသူများကြောင့် ရောဂါဖြစ်ပွားပြန့်နှံ့မှုနှုန်း မြင့်မားသွားနိုင်ပါသဖြင့်  ကုန်းကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့် သူများအား ၈-၁၀-၂၀၂၀ ရက်မှ ၂၁-၁၀-၂၀၂၀ ရက်‌နေ့အထိ လုပ်ငန်းခွင် သွားရောက်ခွင့် မပြုကြောင်း ထပ်မံထုတ်ပြန် ကြေညာလိုက်သည်။ - ဟု ပါရှိသည်ကို တွေ့ရသည်။

“ ကိုဗစ်ကြောင့် မသေဘဲလေ၊ ငတ်ကြီးကျလို့ သေလို့ကုန်သွားမယ် ” လှိုင်သာယာမြို့နယ်က မခိုင်ရီဝင်း၏ ငိုမဲ့မဲ့နှင့်ပြောသော စကားက လက်ရှိ ပြည်သူများ ရင်ဆိုင်နေရသော ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော အခက်အခဲ အခြေအနေများအား မီးမောင်းထိုးပြလိုက်သည်။ သူမအတွက် လက်တလော စားရေးသောက်ရေး အခက်အခဲအား မည်ကဲ့သို့ ဖြေရှင်းရမည်ကို စဉ်းစားမရ ဖြစ်နေသည်။ သူမက Global Fashion အထည်ချုပ်စက်ရုံမှအလုပ်သမားတစ်ဦး ဖြစ်သည်။ သူ့စက်ရုံမှ အောင်တိုဘာ ၆ ရက်နေ့စွဲဖြင့် စက်ရုံဝန်ထမ်းများအား ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်စောင် ထုတ်ခဲ့သည်။ ထို့ကြေညာချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။ -

၁။ အထက်ပါအကြောင်းအရာကိစ္စနှင့် ပတ်သက်၍ Global Fashion အထည်ချုပ်စက်ရုံသည် ကျန်းမာရေနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်အမှတ်(၁၀၇/၂၀၂၀)ဖြင့် စက်တင်ဘာ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသော ကြေညာစာအရ (၈-၁၀-၂၀၂၀) ရက်နေ့မှ (၂၁-၁၀-၂၀၂၀) ရက်နေ့အထိ စက်ရုံပိတ်ရက်အဖြစ် ထပ်မံတိုးမြှင့်ထားပါသောကြောင့် စက်ရုံမှဝန်ထမ်း အားလုံးအတွက် လစာမဲ့ခွင့်ဖြင့် ရက်ပေါင်း (၁၄) ရက်တိတိ ထပ်မံပိတ်မည် ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါသောကြောင့် ဝန်ထမ်းများအားလုံးအတွက် စက်ရုံသို့သွားရောက်လစာတွက်ချက်ပေးရန် လမ်းပန်းအခက်အခဲနှင့် အချိန်အခက်အခဲ ဖြစ်နေပါသောကြောင့် စက်တင်ဘာ ၉ လပိုင်း၏ လုပ်ခလစာကို ၂၄-၂၀-၂၀၂၀ တွင် ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း ဝန်ထမ်းများအားလုံး သိရှိနားလည် ပေးနိုင်ပါရန် လေးစားစွာဖြင့် ကြိုတင်အသိပေး ကြေညာအပ်ပါသည်။ - ဟု ထုတ်ပြန်ထားသည်။

အ‌ဆောင်နေ သူမအတွက် အဆောင်ခကိုပေးရန် ရှိနေသော်လည်း ရက်ရွှေ့ထားပေးဖို့ မေတ္တာရပ်ခံထားရသည်။ သူမစက်ရုံအပါအဝင် တစ်နိုင်ငံလုံးမှ စက်ရုံများအား ကိုဗစ်ကပ်ရောဂါကြောင့် ယခုလ ၈ ရက်နေမှ ၂၁ ရက်နေ့ထိ ပိတ်ထားဖို့ ထုတ်ပြန်ခဲ့သည်။ ယခုကဲ့သို့ ထုတ်ပြန်ချက်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမတစ်ကြိမ်ကိုလည်း စက်တင်ဘာ ၂၄ ရက်မှ အောင်တိုဘာလ ၇ ရက်ထိ ပိတ်ခဲ့ပြီး ဖြစ်သည်။ ပထမအကြိမ် ပိတ်စဉ်က အလုပ်သမားများအတွက် အခြေအနေ မဆိုးသော်လည်း နှစ်ပတ်နှစ်ကြိမ်ဆက်တိုက် ပိတ်ခဲ့မှုကြောင့် စားဝတ်နေရေးက ကြပ်တည်းလှသည်။

“ အဆင်မပြေတာကတော့ အများကြီးပေါ့။ အကုန်လုံးပေါ့။ တော်တော်လေးကို ကြပ်တည်းနေတာ။ သူတို့ပြောတော့ ကိုယ်ခံအားကောင်းမှ ကိုယ်ခံအားကောင်းမှ ပိုက်ဆံရှိမှလည်း စားလို့ရမှာ ပိုက်ဆံမရှိဘဲနဲ့ ဘယ်လိုလို့စားမလဲ ” ဟု မခိုင်ရီဝင်းက ဆိုသည်။ နယ်မှ အလုပ်လာလုပ်သော သူမမှာ မိဘအိမ်ကိုလည်း ပြန်မရဘဲ ရန်ကုန်တွင် ပိတ်မိနေပြီ ဖြစ်သည်။

သူမကဲ့သို့ အ‌ခြေခံပြည်သူအတော်များများ စားရေးသောက်ရေး အခက်အခဲ ကြုံနေကြရသည်။ အစိုးရက အိမ်မှာနေထိုင်ရေးအစီအစဉ်အား ကြေညာထားသော်လည်း လက်လုပ်လက်စား ပြည်သူများမှာ အခက်အခဲများစွာ ရှိနေသည်။ လှူမည့်သူများကလည်း နည်းပါးသွားသည့်အတွက် ယခင်ထက်ပို အခက်အခဲ ဖြစ်လာကြသည်။ ငွေချေးပေးသူများကလည်း ထပ်မချေးပေးကြတော့။ ဒီကြားထဲ နောက်ဆက်တွဲပြဿနာများက ဘာဖြစ်လာမည်မသိ။

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(CTUM)မှ ရင်ဆိုင်လာရနိုင်သော ယင်းအခက်အခဲများနှင့် ပတ်သက်ပြီး အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ၊ ပြည်သူများသို့ အောင်တိုဘာ ၆ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်ထဲတွင် အလုပ်ပိတ်လိုက်လျှင် လူမှုဖုံလုံရေးတွင် အကျုံးမဝင်သော အလုပ်သမားများအား ထောက်ပံ့ပေးရန်ကိစ္စအား တိုက်တွန်းထားသည်။ ထိုထုတ်ပြန်ချက်ထဲမှ ကောက်နုတ်ဖော်ပြရသော် ယခုလိုပါရှိသည်ကို တွေ့ရသည်။

“ အလုပ်များရပ်နားထားစဉ်အတွင်း နေထိုင်စားသောက်မှုအတွက် လက်ထဲတွင် ငွေကြေး လုံးဝမရှိသော အလုပ်သမားများစွာ ရှိပါသည်။ အလုပ်သမား အများစုသည် အဆောင်များ၊ အငှားအိမ်ယာများတွင် နေထိုင်ကြပါသည်။ အဆောင်ပိုင်ရှင်၊ အိမ်ပိုင်ရှင်များ အနေဖြင့် အဆောင်ခ၊ အိမ်ခ မပေးနိုင်သောကြောင့် အလုပ်သမားများကို အဆောင်မှ ထွက်ခွါပေးရန် အဓမ္မ ဖိအားပေးခြင်းများ ရှိပါသည်။

၎င်းတို့အနေဖြင့် ကိုဗစ်ရောဂါကို ခုခံရန်အတွက် ကိုယ်ခံအားကောင်းစေမည့် လိုအပ်သော အစာအဟာရကို စားသောက်ရမည် ဖြစ်ပါသည်။ သို့ပါ‌သော်လည်း နေထိုင်စားသောက်မှုအတွက် အခကြေးငွေ လက်ထဲတွင် ရှိမနေပါ။ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးကများအနေဖြင့် လက်တလော စားသောက်နေထိုင်မှုအတွက် အလုပ်သမားများ၏ လက်ဝယ်တွင် အခကြေးငွေ တစ်စုံတစ်ရာ ရရှိရေး အလျှင်အမြန်ဆုံး ဆောင်ရွက်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။ ” ဟု ပါရှိသည်။

အလုပ်သမားများအတွက် CTUM ၏ ထုတ်ပြန်ချက် ဖြစ်သည်။ CTUM ၏ ထုတ်ပြန်ချက်က အလုပ်သမားထုများစွာရှိသည့် လှိုင်သာယာ၊ ရွှေပြည်သာတို့မှ အလုပ်သမားများအပြင် တစ်ပြည်လုံးမှ အလုံးသမားများ၏ ဒုက္ခများအား အစိုးရအနေဖြင့် ကြည့်ပေးရန် မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။

“ စားဖို့ပဲ အရင်ဆုံး လုပ်နေရတယ် ” ဟု ပဲခူးနေသူ အမည်မဖော်လိုသည့် အမျိုးသမီးငယ်လေးတစ်ဦးက ဆိုသည်။ သူမက ပဲခူး VHT အထည်ချုပ်စက်ရုံက အလုပ်သမားတစ်ဦးဖြစ်ပြီး သူမအဆောင်ခအတွက် လာမည့် ၁၅ ရက်နေ့မှယူရန် အဆောင်မှူးအား တောင်းဆိုထားသည်။ သူမက ယင်းနေ့မှ စက်ရုံမှလစာရမည် မဟုတ်လား။ ပဲခူးတိုင်းထဲက အလုပ်သမားများစွာအခြေအနေက ဒီလိုမျိုးတွေပဲဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုနိုင်နိုင်အောင်က ပြောသည်။

ယခု ရက်သတပတ်ထဲမှာတင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျူးများရှိရာ (၆၀) ရပ်ကွက်တွင် စားဝတ်နေရေးပြဿနာကြောင့် ယောက်ကျားဖြစ်သူက ဇနီးနှင့် သုံးလသားကလေးကို ထားခဲ့ကာ ကိုယ့်ကိုကြိုးဆွဲချ သေဆုံးသွားသည့်ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ရသည်။ ယင်းကျူးကျော်ရပ်ကွက်မှာ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျူးကျော်များထဲတွင် အကြီးဆုံးကျူးတစ်ခုဖြစ်ပြီး လက်လုပ်လက်စား များသည်။ သူတို့အသက်မွေးဝမ်းကြောင်းက ပန်းရံ၊ လက်သမား၊ ဆိုင်ကားနှင်းသူ၊ ကယ်ရီဆွဲသူများရယ်လို့ဖြစ်ကြသည်။ သူတို့အများစုမှာလည်း ကိုဗစ်ထောက်ပံ့ငွေ၏ အမေ့လျော့ခံများဖြစ်ကြသည်။ အိမ်မှာနေရေးအစီအစဉ်ရှိ၍ ယင်းနေရာသို့ အလှူရှင်များလည်း  ထပ်မရောက်လာနိုင်ကြ။

အောက်ခြေလူတန်းစားတို့အတွက် ကိုဗစ်ထက် စားရေးက ပိုကြောက်စရာကောင်းလာနေရသည်။ ထို့အခက်အခဲများအတွက် အစိုးရတွင် တာဝန်ရှိနေသည်။ အစိုးရမှ ထောက်ပံ့ရေးလုပ်ငန်းစဉ်အား စာရင်းပြန်လည် စီစစ်ရန်နှင့် အမြန်ဆုံးအကောင်အထည်ဖော်ဖို့ လိုအပ်နေသည်။ ပြည်သူများ၏ အဟာရပြည့်ဝရေးက နိုင်ငံအတွက် အလွန်အရေးကြီးသည် မဟုတ်ပါလား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly