ဥရောပ သမဂ္ဂ စေလွှတ်သော ရွေးကောက်ပွဲ ကျွမ်းကျင်ပညာရှင်များအဖွဲ့ မြန်မာကို ရောက်ရှိ

ဥရောပ သမဂ္ဂ စေလွှတ်သော ရွေးကောက်ပွဲ ကျွမ်းကျင်ပညာရှင်များအဖွဲ့ မြန်မာကို ရောက်ရှိ
ဓာတ်ပုံ - သူရ / မဇ္ဈိမ

အောက်တိုဘာ ၈၊ ၂၀၂၀

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဖိတ်ခေါ်မှုကြောင့် ဥရောပ သမဂ္ဂက စေလွှတ်လိုက်သော ရွေးကောက်ပွဲ ကျွမ်းကျင်ပညာရှင်များအဖွဲ့ (EEM) သည် ယနေ့ အောက်တိုဘာလ ၈ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။

ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ပွားသည့် ဘေးကင်းလုံခြုံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ကန့်သတ်ချက်များကို ထည့်သွင်းစဉ်းစား၍ ရွေးကောက်ပွဲ ကျွမ်းကျင်ပညာရှင်များအဖွဲ့ (EEM) အား ဖွဲ့စည်းခဲ့ကြောင်း ဥရောပ သမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။   

EEM ကို အတွေ့အကြုံပြည့်ဝသော ကျွမ်းကျင်ပညာရှင် လေးဦးဖြင့် ဖွဲ့စည်းထားပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်အဆင့်ဆင့်၊ ရွေးကောက်ပွဲ စီမံအုပ်ချုပ်ရေး၊ ဥပဒေမူဘောင်၊ နိုင်ငံရေးအခြေအနေတို့သာမက မီဒီယာနှင့် ဆိုရှယ်မီဒီယာဝန်းကျင်များကို စောင့်ကြည့်လေ့လာ၍ အကဲဖြတ်ဆန်းစစ်မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် တိုင်ကြားခြင်းနှင့် အယူခံတင်ခြင်း ကဏ္ဍလည်း ပါဝင်ကြောင်း သတင်းထုတ်ပြန်ထားသည်။  

ဥရောပသမဂ္ဂ  EEM အဖွဲ့သည် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များ ဆောင်ရွက်သည့် လုပ်ငန်းတာဝန်များ အားလုံးကို ဆောင်ရွက်မည် မဟုတ်သော်လည်း  ရွေးကောက်ပွဲ လုပ်ငန်းစဉ်အကြောင်း ဆန်းစစ်လေ့လာ သည့် အစီရင်ခံစာ အပြည့်အစုံသာမက တိုးတက် ကောင်းမွန်အောင် မွမ်းမံနိုင်ရန်အတွက် အကြံပြုချက်များလည်း ပေးအပ်သွားမည်ဟု သိရသည်။  

EEM သည် အထွေအထွေ ရွေးကောက်ပွဲ ကျင်းပသည့် နေ့မတိုင်မီအထိ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်သည့်အနေဖြင့် အရာရှိများ၊ အာဏာပိုင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ သာမက အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

EEM အဖွဲ့ဝင် ကျွမ်းကျင်ပညာရှင် လေးဦးတို့သည် ရွေးကောက်ပွဲလုပ်ငန်းစဉ် ပြီးဆုံးသည်အထိ မြန်မာနိုင်ငံတွင် နေထိုင်မည်ဟုလည်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required