ကပ်ဘေးကာလအတွင်း ကမ္ဘာ့သူဌေးကြီးများ စံချိန်တင် ပို ချမ်းသာလာ

ကပ်ဘေးကာလအတွင်း ကမ္ဘာ့သူဌေးကြီးများ စံချိန်တင် ပို ချမ်းသာလာ

အောက်တိုဘာ ၈ ၊ ၂၀၂၀

ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွင်း၌ ကမ္ဘာ့ ဘီလျှံနာသူဌေးကြီးများ၏ စည်းစိမ်ကြွယ်ဝမှုသည် စံချိန်တင် မြင့်မားခဲ့ပြီး နည်းပညာ၊ ကျန်းမာရေးနှင့် အီလွန်မတ်ကဲ့သို့သော စွန့်ဦးတီထွင်သူများက ဦးဆောင် နေကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်အရ သိရသည်။

ဘီလျှံနာသူဌေးကြီးများ၏ စုစုပေါင်း ချမ်းသာကြွယ်ဝမှုသည် ဇူလိုင်လအကုန်အထိ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ ထရီလီယံ ရှိထားသည်ဟု ဆွစ်ဇာလန် UBS ဘဏ်နှင့် စာရင်းအင်ကုမ္ပဏီ PricewaterhouseCoopers အရ သိရသည်။

ယခု နှုန်းထားသည် ၂၀၁၇ ခုနှစ်က ဒေါ်လာ ၈ ဒသမ ၉ ထရီလီယံ ရှိသည့် အမြင့်ဆုံးနှုန်းထားထက်ပင် ကျော်လွန်ခြင်း ဖြစ်သည်။

ဇူလိုင်လကုန်အထိ ဘီလျှံနာ သူဌေးဦးရေသည်လည်း ၂၀၁၇ ခုနှစ်ကထက် ၃၁ ဦး ပိုတိုးလာပြီး ၂၁၈၉ ဦး ရှိလာခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွင်း၌ ဖျော်ဖြေရေး သို့မဟုတ် အိမ်ခြံမြေလုပ်ငန်းကဲ့သို့သော သမရိုးကျနယ်ပယ်များထက် နည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း စသည့်နယ်ပယ်များတွင် ရင်းနှီးမြုပ်နှံမှု အရှိန်မြင့်ခဲ့ ကြောင်း အဆိုပါ အစီရင်ခံစာက ဖော်ပြသည်။

သို့ရာတွင် ကပ်ဘေးကြောင့်ဖြစ်သော စီးပွားရေး ဘေးကျပ်နံကျပ်ကာလကို ဝေဖန်ပြောဆိုမှုများ သိသိသာသာ မြင့်မားကြောင်း ယင်း အစီရင်ခံစာက ဆိုသည်။

“လူတွေက အကြွေးနစ်တဲ့အချိန်၊ စီးပွားရေးတွေ ပြိုလဲပြီး အလုပ်လက်မဲ့နှုန်း ထိုးတက်နေတဲ့အချိန် COVID-19 ကပ်ဘေးမှာ ဘီလျှံနာသူဌေးတွေကတော့ လက်ခမောင်း ခတ်နိုင်ကြတယ်။”ဟု ဗြိတိန် အလုပ်သမားပါတီ၏ လက်ထောက်အကြီးအကဲ အန်ဂျလာရေးနားက တွစ်တာတွင် ရေးသားသည်။

ကပ်ဘေးအစောပိုင်းတွင် ကမ္ဘာ့သူဌေးကြီးများ ထိခိုက်ခံစားမှုများ ကြုံခဲ့ရသည်ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။

တစ်ကမ္ဘာလုံးက စီးပွားရေးဖွံ့ဖြိုးမှုအပေါ် စိုးရိမ်ပူပန်ခြင်းကြောင့် ဖေဖော်ဝါရီနှင့် မတ်လတွင် သူဌေးကြီးများ၏ စည်းစိမ်ကြွယ်ဝမှုက ၆ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

မတ်လအတွင်း စတော့ရှယ်ယာ ပြိုဆင်းမှု ဖြစ်ပြီး ဘီလျှံနာအချို့ သူဌေးစာရင်းမှ ပယ်ပျောက်ခဲ့ပြီးမှ နည်းပညာနှင့် ကျန်းမာရေး စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာခြင်း ဖြစ်သည်။

ထိုအတွက် မကြာမီမှာပင် ၎င်း၏ စည်းစိမ်ကြွယ်ဝမှုသည် ဧပြီနှင့် ဇူလိုင်လကုန်အကြား ၂၇ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

“ခေတ်သစ် စီးပွားရေးတော်လှန်ရေးက ခေါင်းဆောင်တွေကြားမှာ နည်းပညာကို ဦးတည်လာကြောင့်တာကြောင့် ဓနစည်းစိမ်ဟာ အလှည့်အပြောင်း ဖြစ်ခဲ့တယ်။”ဟု ယင်း အစီရင်ခံစာက ဆိုသည်။

“အဲဒီလို စည်းစိမ်ကြွယ်ဝမှု အပြောင်းအလဲဟာ ကိုဗစ်-၁၉ ကြောင့် ပိုပြီး သိသာစေတယ်။ နည်းပညာဖက်မှာ မရှိတဲ့ အချို့သူဌေးကြီးတွေက စည်းစိမ်လျော့ပါးလာခဲ့တယ်။”ဟု ထို အစီရင်ခံစာက ဖော်ပြသည်။

လျှပ်စစ်ကားနှင့် ပုဂ္ဂလိကအာကာသခရီးသွားလုပ်ငန်းကို စွန့်ဦးတီထွင်လုပ်ကိုင်သော Tesla နှင့် Space X ကုမ္ပဏီများကို ပိုင်ဆိုင်သည့် တောင်အာဖရိက၌ မွေးဖွားသူ အီလွန်မတ်အား ထို အစီရင်ခံစာက ထောက်ပြသည်။

Tesla ၏ ရှယ်ယာများ ထိုးတက်ပြီးနောက် အီလွန်မတ်သည် ဩဂုတ်လအတွင်းမှာပင် ကမ္ဘာ့ ပဥ္စမမြောက် အချမ်းသာဆုံးအဖြစ် ဒေါ်လာ ၁၀၀ ဘီလီယံ ချမ်းသာသူ စာရင်းတွင် ပါဝင်လာခဲ့ကြောင်း Forbes အရ သိရသည်။

တရုတ်မှ ယမန်နှစ်၌ မှတ်ပုံတင်သော Hansoh Pharmaceutical ဆေးကုမ္ပဏီကို ပိုင်ဆိုင်သည့် ဓာတုဗေဒပါမောက္ခဟောင်း Zhong Huijuan သည် ဒေါ်လာ ၂၀ ဒသမ ၄ ဘီလီယံ ကြွယ်ဝခဲ့သည်။

၂၀၁၈၊ ၂၀၁၉ နှင့် ၂၀၂၀ ၏ ပထမ ခုနစ်လကာလအတွင်း နည်းပညာကဏ္ဍမှ သူဌေးကြီး လေးဦး၏ စည်းစိမ်သည် ၄၂ ဒသမ ၅ ရာခိုင်နှုန်း တိုးပွားကာ ၎င်းတို့ စုစုပေါင်း စည်းစိမ်သည် ၁ ဒသမ ၈ ထရီလီယံ ရှိသည်။

ကျန်းမာရေးကဏ္ဍမှ သူဌေးကြီးများမှာ ၅၀ ဒသမ ၃ ရာခိုင်နှုန်း စံချိန်တင် တိုးပွားပြီး ၎င်းတို့၏ စုစုပေါင်း ကြွယ်ဝမှုသည် ၆၅၈ ဒသမ ၆ ဘီလီယံ ရှိခဲ့သည်။

ကိုဗစ်-၁၉ ကုသမှုနှင့် အကာအကွယ်ပစ္စည်းများနှင့်အတူ ရောဂါဗေဒနှင့် ဆေးဖက်ဆိုင်ရာ နည်းပညာ၏ ခေတ်သစ်၌ ချမ်းသာကြွယ်ဝမှု တိုးပွားကြခြင်း ဖြစ်သည်ဟု ယင်း အစီရင်ခံစာက ဆိုသည်။

နှိုင်းယှဉ်ပါက ဖျော်ဖြေရေး၊ အိမ်ခြံမြေနှင့် ဘဏ္ဍရေးဝန်ဆောင်မှုကဲ့သို့သော လုပ်ငန်းနယ်ပယ်များမှ သူဌေးကြီးများ၏ အသားတင်ကြွယ်ဝချမ်းသာမှုသည် ၁၀ ရာခိုင်နှုန်းပင် တိုးပွားခြင်း မရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly