“မဖြစ်နိုင်တာ ဘာမှမရှိပါ” ဆိုပြီး နိုဘယ်လ်ဆုရှင်က လူငယ်အမျိုးသမီးသိပ္ပံပညာရှင်တွေကို ရည်ညွန်းပြောဆို

“မဖြစ်နိုင်တာ ဘာမှမရှိပါ” ဆိုပြီး နိုဘယ်လ်ဆုရှင်က လူငယ်အမျိုးသမီးသိပ္ပံပညာရှင်တွေကို ရည်ညွန်းပြောဆို

အောက်တိုဘာ ၈

ယခုနှစ် ၂၀၂၀ အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ရရှိခဲ့တဲ့ အီမန်နျူရယ် ချာပန်တီယာက သူမ ရရှိခဲ့တဲ့ ဒီဆုက ငယ်ရွယ်တဲ့ လူငယ်အမျိုးသမီး သိပ္ပံပညာရှင်တွေကို ဘဝမှာ “မဖြစ်နိုင်တာ ဘာမှ မရှိဘူး” ဆိုပြီး သဘောပေါက်နားလည်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ်အတွက် ဓာတုဗေဒ နိုဘယ်လ်ဆုကိုတော့ မျိုးဗီဇ တည်းဖြတ်မှု နည်းပညာတစ်ရပ် ထုတ်ဖော်ဖန်တီးနိုင်ခဲ့တဲ့ ပြင်သစ် အမျိုးသမီး သိပ္ပံပညာရှင် အီမန်နျူရယ် ချာပန်တီယာနဲ့ အမေရိကန် အမျိုးသမီးသိပ္ပံပညာရှင် ဂျနီဖာ ဒိုဒ်နာ တို့ကို အောက်တိုဘာ ၇ ရက်မှာ ချီးမြှင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ပထမဆုံးအကြိမ်အနေနဲ့ နိုဘယ်လ် သိပ္ပံဆုကို အမျိုးသမီး သီးသန့် အဖွဲ့တစ်ခုက ရရှိခဲ့တာ ဖြစ်ပါတယ်။

ချာပန်တီယာနဲ့ ဒိုဒ်နာ တို့ ဖန်တီးခဲ့တဲ့ CRISPR-Cas9 လို့ ခေါ်တဲ့ မျိုးဗီဇ စီစဉ်တည်းဖြတ်မှု နည်းလမ်းကိရိယာကို အသုံးပြုပြီးတော့ သုတေသီတွေအနေနဲ့ အလွန့်အလွန် အားကောင်းတဲ့ တိကျမှုနဲ့အတူ တိရစ္ဆာန်တွေ၊ အပင်တွေနဲ့ အလွန်သေးငယ်တဲ့ ဇီဝရုပ်တွေရဲ့ ဒီအင်န်အေကို ပြောင်းလဲနိုင်မှာဖြစ်တယ်လို့ နိုဘယ်လ်ဆု ခုံသမာဓိအဖွဲ့က ပြောပါတယ်။

“ဒီနည်းပညာက သက်ရှိ သတ္တဝါနဲ့ အပင်တွေကို လေ့လာတဲ့ ပညာရပ်တွေအပေါ်မှာ လုံးလုံးလျားလျား ပြောင်းလဲသွားတဲ့ အကျိုးသက်ရောက်မှုတစ်ခု ရှိထားခဲ့တယ်၊ ဒါ့အပြင် ဒါကြောင့်လည်း ကင်ဆာ ကုထုံးသစ်တွေ ရှိလာဖို့ အကြောင်းဖန်ပေးနေသလို မျိုးရိုးလိုက်တဲ့ ရောဂါတွေကို ကုသနိုင်မယ့် အိပ်မက်ကို အမှန်တကယ်ဖြစ်လာစေနိုင်ဖို့ တွန်းပို့ပံ့ပိုးပေးနေပါတယ်” လို့ ယင်းက ပြောပါတယ်။

ဒီ နည်းပညာဟာ ယခင်ကာလအတွင်း နိုဘယ်လ်ဆု ရဖို့ တစ်ပြေးခဲ့ပေမယ့် ခုချိန်မှာ တကယ်တမ်း ဆုရရှိတယ်ဆိုတာကို ကြားလိုက်ရချိန် အတော့်ကို အံ့အားသင့်ခဲ့ရတယ်လို့ ချာပန်တီယာက စတော့ဟုမ်းမှာ ရှိတဲ့ သတင်း ထောက်တွေကို တယ်လီဖုန်းကနေတဆင့် ပြောပါတယ်။

အသက် ၅၁ နှစ်ရှိ ချာပန်တီယာနဲ့ အသက် ၅၆ နှစ်ရှိ ဒိုဒ်နာ တို့ဟာ ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့တဲ့ ခြောက်ဦးမြောက်နဲ့ ခုနစ်ဦးမြောက် အမျိုးသမီးတွေဖြစ်ကြပါတယ်။

ဒါ့အပြင် ကျားမ မတူညီမှုဟာ သိပ်အရေးကြီးဘူးလို့လည်း ချာပန်တီယာက ဆိုပါတယ်။ သူမဟာ အရင်ဦးဆုံး သူမကိုယ်သူမ “သိပ္ပံပညာရှင်” အနေနဲ့ပဲ ရှုမြင်တယ်လိ့ုလည်း ပြောပါတယ်။

ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် ဒီဆုက “အမျိုးသမီးငယ်တွေအတွက် တကယ့်ကို အားကောင်းတဲ့ သတင်းမက်ဆေ့ချ်တစ်ခု” ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်တယ်လို့ ချာပန်တီယာက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly