မြေရှားသတ္တုကို တရုတ်ချုပ်ကိုင်ထားမှု အဆုံးသတ်သွားစေရန် နည်းလမ်းများ

By မောင်မြသာ
08 October 2020
မြေရှားသတ္တုကို တရုတ်ချုပ်ကိုင်ထားမှု အဆုံးသတ်သွားစေရန် နည်းလမ်းများ
An excavator loads rare earth onto a truck on a quay at the Port of Lianyungang in Lianyungang city, east China's Jiangsu province, on November 4, 2012. Photo: AFP

အောက်တိုဘာ ၈
 
ဘူမိဗေဒပညာရှင်တွေအဆိုအရ မြေရှားသတ္တုများသည် မရှားလှပါ၊ သို့သော် အဖိုးအခကြီးခြင်းသာဖြစ်သည်ဟု ဆိုသည်။ ဒြပ်စင် ၁၇ မျိုးပါဝင်သော  မြေရှားသတ္တုကို ပထမဆုံးတွေ့ကာ အသုံးပြုခဲ့သည်ကား အမေရိကားဖြစ်သည်။ သို့သော် လုပ်သားစားရိတ်သက်သာမှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအပေါ် သိပ်အလေးမထားရမှုတို့ကြောင့် မြေရှားသတ္တုထုတ်လုပ်ရေးကား တရုတ်နိုင်ငံကိုပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်ပြီး တကမ္ဘာလုံးထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။
 
သို့သော် အမေရိကန်နှင့် မဟာမိတ်အဖွဲ့များသည် အီလက်ထရောနစ်နှင့် အမျိုးသားကာကွယ်ရေးအတွက် အရေးပါသော ဒြပ်စင်များအား ပေကျင်း၏ လက်ဝါးကြီးအုပ်မှုကို ချိုးဖျက်နိုင်သော နည်းလမ်းများရှိနေပါသည်။

တရုတ်သည် မြေရှားသတ္တုကဏ္ဍတွင် ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးလျက်ရှိသည်။ သို့သော် ၎င်းသည် သဘာဝ၏လက်ဆောင်မဟုတ်ပဲ ၁၅ နှစ်ကြာ စီးပွားရေးပေါ်လစီ၏ ရလဒ်သာဖြစ်သည်။ တရုတ်အစိုးရသည် အရေးပါသော စီးပွားရေးချုပ်ကိုင်မှုကို ဖော်ထုတ်ခဲ့ပြီး၊ ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံကာ  ပြိုင်ဆိုင်မှုကို အဆုံးသတ်စေကာ လက်ဝါးကြီးအုပ်မှုကို လုပ်ဆောင်နေခဲ့သည်။
 
အမေရိကန်၏ စစ်ရေးနှင့် စီးပွားရေး နယ်ပယ်နှစ်ခုလုံး၊ ဥပမာ- အဆင့်မြင့်လက်နက်များနှင့်  မိုက်ခရိုအီလက်ထရောနစ်ပစ္စည်းထုတ်လုပ်ရေးတို့အတွက် အရောင်းကွင်းဆက် (supply chain) များ အားလုံး တရုတ်အပေါ်တွင် အလုံးစုံမှီခိုနေရသည်။ မြေရှားသတ္တုတွင်ပါဝင်သော ဒြပ်စင်အချို့မှာ  အမည်မှတ်ရန်ခက်ခဲ့သော ytterbium (TV၊ ကွန်ပြူတာ မျက်နှာပြင်များ၊ ကင်ဆာဆေးများတွင် သုံးသည်)၊ praseodymium (သံလိုက်များဖန်တီးရန်နှင့် လေယာဉ်အင်ဂျင်များအတွက် သတ္တုကို ပိုခိုင်မာလာစေရန် သုံးသည်) တို့ ပါဝင်သည်။ ၎င်းတို့သည် ပြန်လည်အားသွင်းနိုင်သော ဘက်ထရီများ၊ ကွန်ပြူတာမှတ်ဉာဏ်၊ အလင်းရောင်ရှိသည့် မျက်နှာပြင်များ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ မီးချောင်းများနှင့် လေဆာပဲ့ထိန်းဒုံးကျည်များထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည်။

  မြေရှားသတ္တုအပေါ် တရုတ်၏ချဉ်းကပ်ပုံသည် အနောက်တိုင်း စီးပွားရေးလုပ်ငန်းများကို ဖျက်စီးပြီး အရောင်းကွင်းဆက်များကို အားကောင်းလာစေသည့် သံမဏိလုပ်ငန်းအပေါ် ၎င်းတို့၏ လွှမ်းမိုးမှုပြုခဲ့သည့် ပုံစံအတိုင်းပင်ဖြစ်သည်။

 မြေရှားသတ္တုသည် တရုတ်ထုတ်လုပ်မှုအပေါ် အနောက်နိုင်ငံများက မှီခိုအားထားနေရကြောင်း အင်မတန်မှထင်ရှားလှသော ဥပမာပင်ဖြစ်သည်။ အကယ်၍ အမေရိကန်သည် အမြော်အမြင်ရှိစွာ အစိုးရ၏ ကြိုးပမ်းအားထုတ်မှုနှင့် အာရုံစူးစိုက်မှုကို ရယူနိုင်ပါက တရုတ်ကိုမှီခိုနေရမှုလွတ်မြောက်သွားပေမည်။ ထိုသို့ဖြစ်လျှင် အမေရိကန်နှင့် အနောက်နိုင်ငံများအတွက် အရောင်းကွင်းဆက်များ ပိုမိုတောင့်ခံလာနိုင်သော စံနမူနာပြဖြစ်ရပ်ဖြစ်လာပါလိမ့်မည်။

 စီးပွားရေးသည် အခြေခံကျသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ အမေရိကန်၏ ရည်မှန်းချက်သည်   နိုင်ငံတော်ဖူလုံမှုအတွက်သာ မဟုတ်ပဲ တည်မြဲသော အရောင်းကွင်းဆက်ရှိရေး ဖြစ်သင့်သည်။ အမေရိကန်သည် ပြည်တွင်းထုတ်လုပ်မှုကို အားပေးခြင်း၊  သတ္တုတင်သွင်းမှုများကို တရုတ်ထံမှသာယူတာမပြုလုပ်ခြင်း၊ တရုတ်၏ ထိန်းချုပ်မှုအောက်မှ တစ်ဦးကို တစ်ဦး သီးခြားခွဲထုတ်ရန် မဟာမိတ်အချင်းချင်း ပူးပေါင်းခြင်း၊ အခြားသော အရောင်းကွင်းစက်များစွာ ဖန်တီးခြင်း၊ အကြပ်အတည်းနှင့် ကြုံပါက ဖြေရှင်းနိုင်ရန် မြေရှားသတ္တုများကို သိုလှောင်ရုံများ တည်ဆောက်ခြင်းနှင့် အခြားနည်းလမ်းများအပေါ်ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ဝယ်လိုအားကို လျော့ချခြင်းတို့ကို ဆောင်ရွက်သင့်သည်။

 အခြေခံအရာများနှင့် စတင်ရမည်။ မြေရှားသတ္တုသည် ပမာဏအနည်းငယ်သာရှိပြီး အနားပတ်ဝန်းကျင်ရှိ ကျောက်အစအနများမှ ခွဲယူရန်လည်း မလွယ်ကူပေ။ ၎င်းသတ္တုသိုက်များသည် တရုတ်၊ ဘရာဇီး၊ ဩစတြေးလျ နှင့် အိန္ဒိယနိုင်ငံအပြင် ပင်လယ်ရေနက်တွင်ရှိသည်။ ဒြပ်စင် ၁၇မျိုးထဲမှ ၁၆ မျိုးသည် အမေရိကန်ရှိ လက်ရှိတွင်တည်ဆောက်ပြုပြင်နေသော အနောက်ဘက် တက္ကဆက်ပြည်နယ်တွင် ရှိသည်။

 ၎င်းတို့ကို ထုတ်လုပ်ခြင်းနှင့် ပြုပြင်ခြင်းတို့သည် ငွေကုန်ကြေးကျများပြီး ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော်လည်း အမေရိကန်ဒေါ်လာ ခုနှစ်ထရီလီယံခန့်သော ကုန်ချောများအတွက် မရှိမဖြစ်လိုအပ်သည်။ ချမ်းသာသောနိုင်ငံများသည် လိုင်စင်ချထားရေးကို ပိုမိုခက်ခဲအောင်ပြုလုပ်ခဲ့ပြီး အခြားအတားအဆီးများကို ပိုမိုတိုးမြှင့်ကာ စက်ရုံများကိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ စွမ်းဆောင်ချက် အားနည်းပြီး အလုပ်သမားစရိတ်သက်သာသော တရုတ်နှင့် မလေးရှားနိုင်ငံများတွင် တည်ဆောင်ထားက စီးပွားရေးအရ တွက်ချေကိုက်ရန် လုပ်ဆောင်ခဲ့ကြသည်။

 မြေရှားသတ္တုသုံးစွဲမှုသည် နောက်ဆယ်စုအပြီး ၂ ခန့် မြင့်တက်လာမည်ဟု သုံးသပ်

 အထူးသဖြင့် တရုတ်သည် အဆင့်မြင့် အီလက်ထရောနစ်အတွက် အရေးပါသော စက်မှုလုပ်ငန်းတစ်ခုအား လက်ဝါးကြီးအုပ်ထားနိုင်မှုသည် အားသာချက်ဖြစ်သည်ကို မြင်ခဲ့သည်။ ဖက်စပ်လုပ်ငန်းများမှ အပ နိုင်ငံခြားကုမ္ပဏီများ အဆိုပါဈေးကွက် ဝင်ရောက်ခွင့်ကို ကန့်သတ်ခဲ့သည်။ ကမ္ဘာပေါ်တွင် ကျန်ရှိနေသော သတ္တုသိုက်များအတွင်း တရုတ်၏ ပိုင်ဆိုင်မှုမှာ ၂၅% မှ ၄၅% ခန့်ရှိသည်ဟု ခန့်မှန်းရသည်။ အမေရိကန်အပါအဝင် ကမ္ဘာပေါ်ရှိမည်သည့်နေရာ၌မဆို တူးဖော်သော မြေရှားသတ္တုအားလုံးနီးပါးသည် တရုတ်နိုင်ငံ၌ ထုတ်လုပ်သည်။

 ယခုနှစ် ကော်လိုရာဒို သတ္တုတူးဖော်ရေးကျောင်းမှ အစီရင်ခံစာတွင် “ထိုမြေရှားသတ္တုအောက်ဆိုဒ်များကို နောက်ဆုံးအဆင့်ထွက်လာသော ပစ္စည်းများအတွက် သတ္တုစပ်အဖြစ် ပြောင်းလဲခြင်းသည် တရုတ်၏ အားသာချက်ဖြစ်သည်” ဟု ဖော်ပြထားသည်။

တရုတ်၏ လက်ဝါးကြီးအုပ်ချုပ်မှုကို ချိုးဖျက်ရန် ပေကျင်း၏ ထိန်းချုပ်မှုပြင်ပတွင် အရောင်းကွင်းဆက်များနှင့် ပြုပြင်ရေးစက်ရုံများ တည်ဆောက်ရန် လိုအပ်သည်။

 ဂျပန်၏ အတွေ့အကြုံသည် မည်သို့လုပ်ရမည်ကို သင်ပေးသွားသည်။ ၂၀၁၀ ပြည့်နှစ်တွင် ရေကြောင်း အငြင်းပွားမှုကာလအတွင်း ဂျပန်နိုင်ငံအား ဝင်ရောက်မှုပိတ်ပင်ခြင်းအားဖြင့် တရုတ်အစိုးရသည် ၎င်း၏ မြေရှားသတ္တုအပေါ် စီးပွားရေးအရလွှမ်းမိုးမှုကို နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် အသုံးချခဲ့သည်။ ဂျပန်နိုင်ငံကုမ္ပဏီများအတွက် ရေတိုအတွက် လုံလောက်သော သိုလှောင်မှုရှိသော်လည်း အရေးနိမ့်ကြောင်း ဂျပန်ဝန်ခံခဲ့ရသည်။ တရုတ်ကုမ္ပဏီများသည် စီးပွားရေးပိတ်ပင်မှုကို ချိုးဖောက်ခဲ့ပြီးလုပ်ကိုင်ရာက ဈေးကွက်ပိုကြီးလာသောကြောင့် ပို၍တောင် အကျိုးဖြစ်ထွန်းခဲ့သည်။
 
 ရေရှည်အကျိုးသက်ရောက်မှုမှာ ဂျပန်ကုမ္ပဏီများသည် မြေရှားသတ္တုပါဝင်မှုအပေါ် မှီခိုမှုနည်းပါးသော နည်းပညာများကို တီထွင်ခဲ့ခြင်းဖြစ်သည်။ ဂျပန်အစိုးရသည် မြေရှားသတ္တုတူးဖော်ရေးအတွက် ဩစတြေးလျကုမ္ပဏီများအား ဈေးကွက်အောက်လျော့သော အတိုးနှုန်းဖြင့် ချေးငွေများထုတ်ပေးခဲ့ကာ တရုတ်နိုင်ငံတစ်ခုတည်းအပေါ် မှီတည်နေရတာမဖြစ်အောင် ပြုလုပ်ခဲ့သည်။ ဆယ်စုနှစ်တစ်ခုအတွင်းတွင်ပင် ဂျပန်သည် တရုတ်အပေါ်မှီခိုမှုကို သုံးပုံတစ်ပုံ လျော့ချနိုင်ခဲ့သည်။

 အမေရိကန်အစိုးရသည်လည်း ရေရှည်ရင်းနှီးမြှုပ်နှံမှုများနှင့် ဈေးကွက်သစ်ဖော်ဆောင်ခြင်း အစပြုနေပြီဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် မြေရှားသတ္တုများသည် ပြည်တွင်းတွင် တူးဖော်ခြင်းလုံးဝမရှိခဲ့ပါ။ ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ Mountain Pass သတ္တုတွင်းကို ပန်တဂွန်စစ်ဌာနချုပ်၏ အထောက်အပံ့ဖြင့် ပြန်လည်ဖွင့်လှစ်ပြီး ယခုအချိန်တွင် အမေရိကန်သည် ကမ္ဘာတစ်ဝှမ်း မြေရှားသတ္တုရိုင်း၏ ၁၂% ခန့် ထောက်ပံ့ပေးလျက်ရှိသည်။

 အမေရိကန်သည် Nebraskaတွင် Elf Creek သတ္တုတွင်း၊ Wyomingတွင် Bear Lodge သတ္တုတွင်း၊ Texas တွင် Round Top၊ Colorado တွင် ရှေ့ပြေးသတ္တုသန့်စင်ရေးစက်ရုံ၊ Alaska ရှိ Bokan သတ္တုတွင်းတွင် တူးဖော်ခြင်းနှင့် သန့်စစ်ခြင်း စက်ရုံ၊ Texas နှင့် California တို့တွင် သတ္တုသန့်စင်ရေးစက်ရုံများ ဖွင့်လှစ်ရန်ရှိသည်။ စွမ်းအင်ဌာနသည်လည်း မြေရှားသတ္တုများပါဝင်မှုနည်းသော စွမ်းအင်ထုတ်ကုန်များကို ဖန်တီးနိုင်ရန် သုတေသနပြိုင်ပွဲများကို ငွေကြေးထောက်ပံ့ခဲ့သည်။ ပင်လယ်ရေနက် သတ္တုတူးဖော်ခြင်း၊ သတ္တုတူးဖော်ရေး စွန့်ပစ်ပစ္စည်းများနှင့် ဓာတ်အားပေးစက်ရုံများထွက်ရှိလာသော ကျောက်မီးသွေးပြာများမှ ထုတ်ယူခြင်းသည်လည်း အလားအလာရှိကြောင်း ပြသည်။

 နိုင်ငံတော်ကာကွယ်ရေးဌာနအတွက် အမေရိကန် မြေရှားသတ္တုလိုအပ်မှု၏ ၅% မှ ၁၀% သာ လိုအပ်သော်လည်း ထိုသတ္တုများသည် ခဲယမ်းများ၊ ဂြိုဟ်တုများ၊ ဒုံးများနှင့် မိုက်ခရိုအီလက်ထရောနစ် ပစ္စည်းများအတွက် အရေးပါသောကြောင့် ကိုရိုနာဗိုင်းရပ်ကပ်ဘေးကြောင့် အိမ်ဖြူတော်က ဧပြီလတွင် ခွင့်ပြုခဲ့သည့် ကာကွယ်ရေးထုတ်လုပ်မှုအက်ဥပဒေအရ ပြည်တွင်းထုတ်လုပ်မှုများကို  ပန်တဂွန်က  ထောက်ပံ့ရန် ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်လျက်ရှိသည်။ ပန်တဂွန်က အမေရိကန်အတွင်းသာမက မိတ်ဖက်နိုင်ငံများကိုလည်း သတ္တုသန့်စင်ရေးစက်ရုံများအတွက် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံနိုင်ရေးကို လှုံ့ဆော်ရန် ထောက်ပံ့ငွေများ ပေးလျက်ရှိသည်။

 ဤရင်းနှီးမြှုပ်နှံမှုများသည် ဖြေရှင်းရန်အတွက် အရေးကြီးသော ပံ့ပိုးမှုများဖြစ်လာနိုင်သော်လည်း အမေရိကန်သည် တရုတ်၏သန့်စင်ပြီး မြေရှားသတ္တုများဝင်ရောက်မှုကို လျော့ချရန်နှင့် ခံနိုင်ရည်ကို မဖန်တီးနိုင်ပါက မြေရှားသတ္တုသည် ဆိုးဝါးသောအားနည်းချက်အဖြစ် တည်ရှိနေနိုင်သည်။ ဈေးကွက်အင်အားများကလည်း တိုးတက်လာမှုမရှိဘဲ ကြန့်ကြာမှုများရှိနေသည်။ အကြောင်းအကျိုးညီညွတ်ပြီး တည်မြဲသော အစိုးရ၏လုပ်ဆောင်ချက်များသည် လိုအပ်လျက်ရှိသည်။ အကြံပြုချက်များတွင်-

 (၁) သုံးလစာခန့် ထောက်ပံ့ရေးပစ္စည်းများကို သိုလှောင်ရန် ထုတ်လုပ်သူများကို အားပေးပါ။ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ဝယ်ယူသိုလှောင်ရန် တုံ့ဆိုင်းနေနိုင်သော်လည်း ဂျပန်နိုင်ငံ၏ ၂၀၁၀ ပြည့်နှစ် အတွေ့အကြုံသည် ထောက်ပံ့ရေးများတည်ဆောက်ခြင်းသည် ထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်သော မည်သည့်ကြိုးပမ်းမှုကိုမဆိုတားဆီးရန် ဖြစ်ကြောင်း ဆွဲဆောင်လျက်ရှိသည်။

 (၂) ကာကွယ်ရေးဦးစီးဌာနသို့ ထောက်ပံ့ရေးပစ္စည်းများအရေးပါမှုအတွက် ဥပဒေ ပြဌာန်းပါ။ ပန်တဂွန်သည် စီးပွားဖြစ် သတ္တုတူဖော်ခြင်းနှင့် သန့်စင်ခြင်းမှ အမြတ်အစွန်းရခြင်းကိုသေချစေရန် ကြီးမားသေား ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်လိမ့်မည်။ ထိုအရာသည် အရေးကြုံလာပါက နိုင်ငံတော်ကာကွယ်ရေးအနေနှင့် ပြည်တွင်းထုတ်လုပ်မှုများအပြင် သွင်းကုန်များကိုပါ ဦးစားပေးအခွင့်အရေးကို ကွန်ကရက်က သေချာစေရန်ဖြစ်သည်။

 (၃) ပြည်သူပိုင်မြေများတွင်လည်း မြေရှားသတ္တုတူးဖော်ခြင်းကို ချဲ့ထွင်ပါ။ ပြည်တွင်းသတ္တုတွင်းများကို ပြန်လည်ဖွင့်ခြင်းသည် ဒေသတွင်းနေထိုင်သူများ၏ ခွင့်ပြုချက်ရရန်  လိုအပ်သည်။ ပြည်သူပိုင်မြေများသည် ထုတ်လုပ်ရေးကို မြန်ဆန်လာနိုင်စေသော်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်စရာများရှိနေကြောင်း ပြနေသည်။

(၄)  နိုင်ငံခြားမှီခိုမှုကိုလျော့ချရန် စီးပွားရေးဆန်းသစ်ပြောင်းလဲမှု ငွေကြေးထောက်ပံ့မှုလုပ်ပါ။ အမေရိကန်နှင့် မိတ်ဖက်များသည် ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးသော သတ္တုတူးဖော်ခြင်းနှင့် အဆင့်မြင့် သန့်စင်ခြင်းများကို တီထွင်ဖန်တီးလျက်ရှိသည်။ ကာကွယ်ရေးဦးစီးဌာနထောက်ပံ့လျက်ရှိသည့် အရည်အချင်းပြည့်မှီသော ကုမ္ပဏီများကို အစိုးရမှ ငွေကြေးထောက်ပံ့ပေးခြင်းသည် မည်သည့်ချဉ်းကပ်လာမှုအပေါ်တွင်မှ အလွန်အကဲမှီခိုခြင်းမရှိသော ဆန်းသစ်တီထွင်မှုများကို ပြုလုပ်နိုင်စွမ်းရှိလာအောင် တွန်းအားပေးနေခြင်းဖြစ်သည်။

 (၅) ကုလသမ္မဂ၏ ရေကြောင်းဆိုင်ရာဥပဒေကို အတည်ပြုပါ။
ပင်လယ်ရေနက် သတ္တုတူးဖော်ခြင်းသည် အခြားသော သတ္တုအရင်းအမြစ်များကို ပေးနိုင်ပြီး အမေရိကန်ကုမ္ပဏီများသည် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန် စိတ်ဝင်စားလျက်ရှိသည်။ သို့သော် သူတို့သည် ရင်းနှီးမြှုပ်နှံမှု အတွက် ကြိုတင်ခန့်မှန်းနိုင်မှုကို ပေးစွမ်းနိုင်ရန် ၁၉၉၄ တွင် အမေရိကန်က လက်မှတ်ရေးထိုးခဲ့ပြီး အတည်မပြုရသေးသော ကုလသမဂ္ဂ သဘောတူညီချက်ပါ နိုင်ငံတကာ ဥပဒေကာကွယ်ရေးများ လိုအပ်သည်။

 (၆) ဂျပန်၊ ဩစတြေးလျ၊ ကနေဒါ၊ ယူကေတို့နှင့်လက်တွဲ၍ ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းစုတစ်ခု တည်ဆောက်ပါ။
ထိုနိုင်ငံများသည် ထောက်ပံ့ရေးပစ္စည်းများအတွက် သတ္တုတွင်းများနှင့် သန့်စင်ရေးအတွက်လိုအပ်သော စွမ်းဆောင်ရည်များ ပိုင်ဆိုင်သည်။ ၎င်းတို့တွင် စီးပွားဖြစ် ဉာဏပစ္စည်းမူပိုင်ခွင်နှင့် အစိုးရ၏ ဘုံရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်သည့် တီထွင်ဆန်းသစ်မှုစွမ်းရည်ရှိသော ကုမ္ပဏီများပိုင်ဆိုင်သည်။

 မိတ်ဖက်တိုင်းပြည်များသည် ၎င်းတို့၏ ရှင်းလင်းသော ဘုံစည်းမျဉ်း မူများအတွက် မြေရှားသတ္တုများနှင့် စက်မှုလုပ်ငန်းများ၏ အရေးပါမှုကို သိရှိပြီး ပါဝင်သူအားလုံးအတွက် လုံလောက်သော ရန်ပုံငွေများထုတ်ပေးရန် ကတိပြုသည်။ အစိုးရများအနေဖြင့် သူတို့၏ စီးပွားရေးများကို နိုင်ငံများအားလုံးအတွက် မဟာဗျူဟာအတိမ်အနက်ကို ဖန်တီးနိုင်သော လက်တွဲပူးပေါင်းမှုအဖြစ် ပြောင်းလဲနိုင်သည်။ သို့မဟုတ် ဆွဲဆောင်မှုမအောင်မြင်ပါက ပူးပေါင်းဆောင်ရွက်မှုကို ထိန်းညှိနိုင်သည်။ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ပါဝင်သော လေးနိုင်ငံ လုံခြုံရေး ဒိုင်ယာလော့ဂ် Quadrilateral Security Dialogue သည်
ပူးပေါင်းဆောင်ရွက်ခြင်းအတွက် အသုံးဝင်သော ယန္တားရားဖြစ်ကြောင်း သက်သေပင်ဖြစ်သည်။
 
(၇)  ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် “white CFIUS”လုပ်ငန်းစဉ်ကို ဆောင်ရွက်ပါ။
 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ကျရောက်လောက်သော အန္တရာယ်များမှ ကာကွယ်ပေးနေသော အမေရိကန်ရှိ လွတ်လပ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီကိုမူ ချန်လှပ်ထားသည်။ ကုမ္ပဏီများသည် မြေရှားသတ္တုတူးဖော်ရေးနှင့် သန့်စင်ရေးလုပ်ငန်းများတွင် ပါဝင်ကြောင်း အတည်ပြုပေးသော အစိုးရ အသုံးအနှုန်းနှင့် “အဖြူရောင်” လုပ်ငန်းစဉ်ကဲ့သို့ အပြိုင်ပါဝင်သည့် စနစ်လိုအပ်သည်။ မဟာမိတ်နိုင်ငံများအကြား သတ္တုရှာဖွေ တူးဖော်ခြင်း နှင့် သတ္တုဗေဒနည်းပညာများအတွက် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများအတွက် မက်လုံးများဖန်တီးခြင်း၊ ဖယ်ထုတ်ထားရမည်ဖြစ်သော ကုမ္ပဏီများနှင့် သတင်းအချက်အလက်များမျှဝေခြင်း တို့သည် ဈေးကွက်ပါဝင်မှုကို ပိုမို အားဖြစ်စေလိမ့်မည်။မြေရှားသတ္တုအတွက် white CFIUSကို လုပ်ဆောင်ခြင်းသည် ဆေးဝါးများအတွက် ကြိုတင်ထုတ်လုပ်သော ဓာတုပစ္စည်းများကို အတည်ပြုရန် ဥပမာအားဖြင့် ဆိုက်ဘာနည်းပညာအတွက် ရင်းနှီးမြှုပ်နှံမှုများကို အကဲဖြတ်ရန် စသည်ဖြင့် ပိုမိုများပြားသော အကျိုးကျေးဇူးများရနိုင်သည်။
 
ထိုခြေလှမ်းများသည် တရုတ်၏ ကျဆင်းလာသော ကမ္ဘာတစ်ဝှမ်း သတ္တုတွင်းပိုင်ဆိုင်မှုကို အခွင့်ကောင်းယူနိုင်ပြီး ၊ အမေရိကန်နှင့် မဟာမိတ်အဖွဲ့များအတွက်မူ ကမ္ဘာမြေရှားသတ္တုတူဖော်ရေးနှင့် သန့်စင်ရေး နယ်ပယ်တွင် နည်းပညာအရ ဦးဆောင်မှုပေးနိုင်မည့်အပြင် ၎င်းတို့အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလေးနေလာစေလိမ့်မည်။

 အကြံပြုချက်များသည်ကာကွယ်ရေး၊ စွမ်းအင်၊ ပြည်ထဲရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ပြည်နယ်နှင့် ဘဏ္ဏာရေး ဌာနများမှ အရေးယူဆောင်ရွက်ချက်များ လိုအပ်သည်။ ၎င်းတို့သည် လူသိမများသော ဥပဒေအရ အရေးယူမှုများ လိုအပ်လိမ့်မည်။ ထို့ကြောင့် အုပ်ချုပ်ရေးအပိုင်းမှ ခေါင်းဆောင်မှုကိုမူ အစားထိုး၍ မရပေ။ မြေရှားသတ္တုအပေါ် တရုတ်၏ချုပ်ကိုင်ထားမှုကို ဖျက်သိမ်းရန်မှာ တာဝန်ခံမှုနှင့် တိုးတက်မှုကို သေချာစေနိုင်သည့် အိမ်ဖြူတော်မပါဝင်ပါက မအောင်မြင်နိုင်ပေ။

 အမြဲ အလေးပေးဆောင်ရွက်ပါက အမေရိကန်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသော  တရုတ် အရောင်းကွင်းဆက်ကို ဖြတ်တောက်ရန်မှာ ဖြစ်နိုင်သည်။ ငွေကုန်ကြေးကျများမည့်အပြင် လွယ်ကူမည်လည်း မဟုတ်ပါ။ သို့သော် မဟာမိတ်နိုင်ငံများနှင့် နက်ရှိုင်းသော ပူးပေါင်းလုပ်ဆောင်မှုများသည် အမေရိကားကို  ကာကွယ်နိုင်စေလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly