ထိုင်ဝမ်က စစ်အသုံးစရိတ် တိုးမြှင့်သော်လည်း ကာကွယ်ရေးအတွက် မလုံလောက်သေးဟု အမေရိကန် ပြော

ထိုင်ဝမ်က စစ်အသုံးစရိတ် တိုးမြှင့်သော်လည်း ကာကွယ်ရေးအတွက် မလုံလောက်သေးဟု အမေရိကန် ပြော
Photo: Reuters/Tyrone Siu

အောက်တိုဘာ ၈

ထိုင်ဝမ်က ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအထိ တိုးမြှင့်ရန် စီစဉ်ခြင်းသည် မှန်ကန်သော လမ်းကြောင်းကို စတင်လိုက်ခြင်း ဖြစ်သော်လည်း မြင့်မားနေသည့် တရုတ်၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရခြင်းကြောင့် ဒဏ်ခံနိုင်သော ကာကွယ်ရေးအတွက်တော့ အာမခံနိုင်အောင် လုံလောက်မှု မရှိသေးကြောင်း အမေရိကန် အကြီးတန်း ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

လာမည့်နှစ်များ၌ ကာကွယ်ရေးအသုံးစရိတ်ကို လက်ရှိ ဘတ်ဂျက် နယူးထိုင်ဝမ်ဒေါ်လာ ၄၁၁ ဒသမ ၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉၉ ဘီလီယံ)ထက် ကျော်လွန်ပြီး နယူးထိုင်ဝမ်ဒေါ်လာ ၄၅၃ ဒသမ ၄ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂၄ ဘီလီယံ) ဆယ်ရာခိုင်နှုန်း ကျော် ပို၍ သုံးစွဲသွားရန် ထိုင်ဝမ်ကက်ဘိနက်အဖွဲ့က ဩဂုတ်လအတွင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ လုပ်ဆောင်လာခြင်းသည် ထိုင်ဝမ်အနီး၌ တရုတ်က စစ်ရေးလှုပ်ရှားမှုများ သိသိသာသာ ဆောင်ရွက်လာချိန်တွင်လည်း ဖြစ်သည်။ တရုတ်အနေဖြင့် ထိုင်ဝမ်အား ခွဲထွက်ပြည်နယ်တစ်ခုအဖြစ် ရှုမြင်ထားပြီး တစ်ချိန်ချိန်၌ အင်အားသုံးကာ ထိုင်ဝမ်ကျွန်းအား သိမ်းပိုက်လာမည့် စိုးရိမ်ပူပန်မှုများလည်း ရှိထားသည်။

တရုတ် ပြည်သူ့လွတ်မြောက်ရေးစစ်တပ်၏ လုပ်ရပ်များက ထိုင်ဝမ်၏ အနိုင်ကျင့်မှုများကို တုံ့ပြန်နိုင်စွမ်းနှင့် ပြင်ဆင်အသင့်ရှိမှုကို စမ်းသပ်နေကြောင်း အမေရိကန်-ထိုင်ဝမ် စီးပွားရေးကောင်စီက ကြီးမှူးကျင်းပသည့် အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲတစ်ရပ်၌ အမေရိကန် အရှေ့အာရှရေးရာ ယာယီလက်ထောက်အတွင်းဝန် ဒေးဗစ်ဟဲလ်ဗိုင်းက ပြောသည်။

“တရုတ်စစ်တပ်ရဲ့ လုပ်ရပ်တွေက အမှန်တကယ် အန္တရာယ် ရှိနေတယ်ဆိုပေမယ့် ယှဉ်ပြိုင်လို့ မရလောက်အောင်တော့ မဟုတ်ဘူး။ ထိုင်ဝမ်အနေနဲ့ အသုံးဝင်တဲ့ ရင်းနှီးမြုပ်နှံမှုတွေကနေ ထိုင်ဝမ်ရဲ့ လူ့အသိုင်းအဝိုင်းနဲ့ လက်နက်ကိုင်တပ်တွေဟာ ထိုင်ဝမ်ကို ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတာကို တရုတ် သိအောင် လုပ်ပြနိုင်ရမယ်။”ဟု ၎င်းက ပြောသည်။

အဆိုပြုထားသော ကာကွယ်ရေးအသုံးစရိတ်ကို ရည်ညွှန်းပြီး “ခုလို စစ်အသုံးစရိတ် တိုးမြှင့်တာဟာ မှန်ကန်တဲ့ လမ်းကြောင်းကို စလျှောက်တာပဲ ဒါပေမယ့် ထိုင်ဝမ်အနေနဲ့ သူ့ရဲ့ ပထဝီမြေပြင်၊ ခေတ်မီတဲ့ နည်းပညာ၊ အလုပ်စွမ်းအားစုနဲ့ မျိုးချစ်ပြည်သူတွေကို ခုခံနိုင်စွမ်းရှိတဲ့ ကာကွယ်ရေးစွမ်းရည်ရှိကြောင်းကို စိတ်သွင်းပေးနိုင်ရမှာ ဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

ထိုင်ဝမ်အနေဖြင့် ပြည်တွင်း ထုတ်လုပ်နိုင်စွမ်းနှင့် နိုင်ငံခြားမှ ဝယ်ယူမှုများကြားတွင် ကာကွယ်ရေးအတွက် ရင်းနှီးမြုပ်နှံမှုကို ဟန်ချက်ညီအောင် ဆက်လက်ကြိုးစားသွားရမည်ဖြစ်ပြီး အကန့်အသတ်ရှိနေသော သဘာဝအရင်းအမြစ်များအတွက် ရလဒ်ကောင်း ပြန်မရသော နယ်ပယ်များတွင် ပိုလွန်သော ရင်းနှီးမြုပ်နှံမှုများကို ရှောင်ရှားရမည်ဟု ဟဲလ်ဗိုင်းက ဆိုသည်။

ထိုင်ဝမ်သည် ကျူးကျော်မှုနှင့် တိုက်ခိုက်မှုများက အထိအခိုက် မများဘဲ ဖြစ်မလာနိုင်ဘူးဆိုသည်ကို သက်သေပြနိုင်မည့် စွမ်းအားစုငယ်များကို မြောက်မြောက်မြားမြား ဖြည့်တင်းသွားရန် အမေရိကန်က အားပေးထောက်ခံနေသည်ဟုလည်း ၎င်းက ပြောသည်။

အဆိုပါ ကာကွယ်ရေးစွမ်းရည် ဖြည့်တင်းမှုများတွင် တတ်နိုင်သမျှ ကမ်းခြေကာကွယ်ရေး ခရုဇ်ဒုံးကျည်များ ဖြည့်တင်းခြင်းနှင့် ကမ်းရိုးတန်းဧရိယာများနှင့် ကမ်းခြေများကို ကာကွယ်ပေးနိုင်သည့် စွမ်းရည်များ၊ တာတိုပစ်လေကြောင်းရန်ကာစနစ်၊ ရေမြုပ်ဗုံးများ၊ အမြန်တိုက်ခိုက်ရေးယာဉ်များ၊ ရွှေ့လျားနိုင်သော လက်နက်ကြီးများနှင့် အားကောင်းသော ထောက်လှမ်းရေးစနစ်များ ပါဝင်သည်။

ထိုင်ဝမ်အနေဖြင့် အရန်တပ်အင်အားကိုလည်း အားကောင်းအောင် တည်ဆောက်ထားသင့်ပြီး ပြည်သူများက အင်အားသေးသော်လည်း ထိုင်ဝမ်၏ ကာကွယ်ရေးစွမ်းရည်ကို ထောက်ကူထားနိုင်သည်ဟု ထင်မြင်အောင် စွမ်းဆောင်ရမည် ဖြစ်ကြောင်း ဟဲလ်ဗိုင်းက ပြောသည်။

တရုတ်၏ ခြေလှမ်းများအပေါ် စိုးရိမ်ပူပန်မှုများ ကြီးထွားလာလျက် ရှိချိန် ထိုင်ဝမ်၏ စစ်ရေးအသင့်ရှိမှုနှင့် တရုတ်၏ မည်သည့် တိုက်ခိုက်မှုကိုမဆို ထိုင်ဝမ်ပြည်သူများ၏ တုံ့ပြန်သဘောထားများပေါ် အမေရိကန်နှင့် အခြားသောနိုင်ငံများက စိုးရိမ်ပူပန်မှုများ ဖြစ်လျက် ရှိလာသည်။

အမေရိကန်အနေဖြင့် ထိုင်ဝမ်က ကိုယ်ကိုကို ကာကွယ်မှုတွင် ဥပဒေအားဖြင့် ထောက်ပံ့ပံ့ပိုးနိုင်သည်ဖြစ်သော်လည်း တရုတ်၏ တိုက်ခိုက်မှုမျိုး ဖြစ်စဉ်၌ စစ်ရေးအရ ကြားဝင်စွက်ဖက်နိုင်မနိုင်က မသေချာသည့် လမ်းကြောင်းပေါ်၌ ရှိနေသည်။

အမေရိကန်သည် မိုင်းများ၊ ခရုဇ်ဒုံးကျည်များနှင့် ဒရုန်းများအပါအဝင် အဓိကလက်နက်စနစ် ခုနစ်မျိုးလောက်အထိ ထိုင်ဝမ်ကို ရောင်းချရန် အစီအစဉ်ရှိကြောင်း သတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနအား ပြီးခဲ့သည့် လအတွင်း ထုတ်ဖော်ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly