ဒယ်လ်တာ ဟာရီကိန်း မက္ကဆီကို ကမ်းခြေကို ဝင်ရောက်တိုက်ခတ် 

ဒယ်လ်တာ ဟာရီကိန်း မက္ကဆီကို ကမ်းခြေကို ဝင်ရောက်တိုက်ခတ် 
Photo - AFP

အောက်တိုဘာ ၈

ဒယ်လ်တာ ဟာရီကိန်းမုန်တိုင်းဟာ အောက်တိုဘာ ၇ ရက်က မက္ကဆီကိုနိုင်ငံရဲ့ ယုကက်တန် ကျွန်းဆွယ်တစ်လျှောက် ဝင်ရောက်တိုက်ခတ်ခဲ့ရာမှာ သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေကို ပြိုလဲစေခဲ့ပါတယ်။ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၁၀ ( ၁၇၅ ကီလိုမီတာ) အထိ ရှိတဲ့ ဟာရီကိန်းမုန်တိုင်းဟာ အဓိက ပင်လယ်ကမ်းခြေ အပန်းဖြေနေရာတွေကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ 

အားပျော့သွားခဲ့တဲ့ ဒယ်လ်တာ ဟာရီကိန်းဟာ ပြင်းအားအဆင့် ၂ မုန်တိုင်းတစ်ခုအနေနဲ့ ပူအာတို မိုရီလို့စ် မြို့အနီး နိုင်ငံရဲ့ ကာရစ်ဘီယန် ကမ်းခြေကို ဝင်တိုက်ခဲ့ကြောင်း အမေရိကန် အမျိုးသားဟာရီကိန်း စင်တာ (NHC) က ထုတ်ပြန်ပါတယ်။ 

ဒယ်လ်တာ ဟာရီကိန်းကြောင့် လူ့အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ ပင်လယ်ရေလှိုင်းမြင့်တက်မှုကို ဖြစ်စေကြောင်းလည်း NHC က ပြောပါတယ်။ 

နေရာတော်တော်များများမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ရှိခဲ့ပေမယ့် ဒေသဟာဆိုရင် အကြီးအကျယ် ထိခိုက်ပျက်စီးမှုကနေ လွတ်မြောက်သွားခဲ့ပုံရကြောင်း၊ လက်ရှိအချိန်အထိလည်း အသေအပျောက် သတင်းများ မကြားရသေးကြောင်း မက္ကဆီကို အရပ်ဘက် ကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။ 

ပြင်းထန်တဲ့ လေပြင်းတွေဟာ နိုင်ငံရဲ့ အကျော်ကြားဆုံး ခရီးသွားနေရာတစ်ခုဖြစ်တဲ့ ကန်ကွန်မြို့ကို ကျရောက်ခဲ့ရာမှာ သစ်ပင်တွေ လဲပြီး ကားတွေအပေါ် ပိမိထိခိုက်မိတာ၊ လမ်း အမှတ်အသား ဆိုင်းပုဒ်တွေ လေပြင်းအရှိန်နဲ့ လွင့်သွားတာနဲ့ စတိုးဆိုင်တွေ ထိခိုက်ပျက်စီးတာတွေ ဖြစ်ခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းထောက်တွေက ပြောပါတယ်။ 

မုန်တိုင်း ချဉ်းကပ်လာတာနဲ့အတူ ထောင်နဲ့ချီတဲ့ ခရီးသွားတွေဟာလည်း ရစ်ဗီရာ မေယာ ကမ်းရိုးတန်းတစ်လျှောက် အရေးပေါ် စခန်းနေရာတွေမှာ ခိုလှုံခဲ့ကြပေမယ့် နောက်ပိုင်း လေနဲ့ မိုး လျော့စဲသွားချိန်မှာ လမ်းတွေပေါ် တဖန် ပြန်ထွက်လာကြတာကို မြင်တွေ့ခဲ့ရပါတယ်။ 

ဒယ်လ်တာ ဟာရီကိန်းဟာ ကျွန်းဆွယ်အနီး နီးကပ်လာခဲ့ချိန်မှာ “အလွန့်အလွန် အန္တရာယ်ကြီး” တဲ့ ပြင်းအား အဆင့် ၄ ကနေ အဆင့်လျော့ကျခဲ့တာ ဖြစ်ပေမယ့် ယင်းဟာ မက္ကဆီကို ပင်လယ်ကွေ့ကို ဖြတ်ကျော် ရွေ့လျားချိန် အဓိက အားပြင်းဟာရီကိန်းမုန်တိုင်းတစ်ခု ဖြစ်လာဖွယ် ရှိတယ်လို့ မိုင်ယာမီ အခြေစိုက် NHC က ပြောပါတယ်။ 

တက္ကဆက်ပြည်နယ် High Island ဒေသကနေ စလို့ လူဝီစီးယားနားပြည်နယ် Grand Isle မြို့အထိ အမေရိကန် မြောက်ပိုင်း ပင်လယ်ကွေ့ကမ်းခြေဒေသတွေအတွက် ဟာရီကိန်းမုန်တိုင်း စောင့်ကြည့်မှုတစ်ရပ် ထုတ်ပြန်ထားကြောင်း NHC က ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly