ကိုဗစ်ရွေးကောက်ပွဲလုပ်ပြီး ကိုဗစ်နိုင်ငံရေး မထူထောင်သင့်ဟု တစညပါတီ ဒု ဥက္ကဋ္ဌ ဝေဖန်

အောက်တိုဘာ ၇၊ ၂၀၂၀

COVID-19 ရောဂါ ကူးစက်မှု မြင့်မားနေသည့် ကာလတွင် ပြည်သူများငဲ့ကာ ကိုဗစ်ရွေးကောက်ပွဲလုပ်ပြီး ကိုဗစ်နိုင်ငံရေး မထူထောင်သင့်ကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောသည်။  

ဦးဟန်ရွှေက “ရွေးကောက်ပွဲ မဲစာရင်းအင်အားနဲ့ ရွေးကောက်ပွဲ မဲရုံနဲ့ကြည့်ရင် မဲရုံတစ်ရုံမှာ တစ်ထောင်ကျော် ရှိပါတယ်။ ကျွန်တော်တို့ မဲပေးလို့ရမယ့် အချိန်က မိနစ် ၆၀၀ ပဲ ရှိတယ်။ တစ်ယောက် တစ်မိနစ်ဆိုရင်တောင် ဘယ်လို ကိုဗစ်ကာကွယ်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ လက်ဆေးရတာတို့ ဒါတွေ မဲရုံလိုက်၊ မဲရုံလိုက် လုပ်ရမှာဆိုတော့ ကျွန်တော်ထင်တယ်၊ ဒါက တော်တော် ခက်ခဲလိမ့်မယ်လို့ ထင်တယ်။ ဒီအကန့်အသတ်တွေနဲ့ လုပ်မှာ ဆိုတော့ စည်းကမ်းချက်တွေကို ဘယ်လောက် လိုက်နာနိုင်မလဲ။ ဒီအနေအထားမှာ ပြည်သူတွေ မဲပေးဖို့ ဘယ်လောက် ထွက်လာနိုင်မှာလဲ။ ပြည်သူရဲ့ အနေအထားကို ကြည့်ပြီးတော့၊ ပြည်သူတွေကို ငဲ့ပြီးတော့ ကိုဗစ် ရွေးကောက်ပွဲလုပ်ပြီး ကိုဗစ်နိုင်ငံရေး မထူထောင်သင့်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

တစညပါတီအနေဖြင့် ၂၀၂၀ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကို ကိုဗစ်ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းပေးရန်လည်း သဘောထားကြေညာချက် ထုတ်ပြန်ထားသည်။

မဲဆွယ်စည်းရုံးရေးကာလ ဖြစ်သော်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ ပန်ကြားချက်များနှင့်အညီ တစညပါတီက အွန်လိုင်းမှတစ်ဆင့် မဲဆွယ်စည်းရုံးရေးများကိုသာ လုပ်ဆောင်နေကြောင်း သိရသည်။  

တစညပါတီအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးရှိ ကြံခင်း၊ ပန်းတနော်၊ အိမ်မဲ၊ ဝါးခယ်မ၊ ကချင်ပြည်နယ်ရှိ ပူတာအို၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးခရိုင်တို့ကို အဓိက အောင်နိုင်ရေး နေရာများအဖြစ် သတ်မှတ်ထား ကြောင်း သိရသည်။  

တစညပါတီက တစ်နိုင်ငံလုံးတွင် ကိုယ်စားလှယ်လောင်း ၃၈၄ ဦးဖြင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံသွားမည်ဟု သိရသည်။

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် တစညက တစ်နိုင်ငံလုံးနီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်ခုသာ အနိုင်ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly