အင်ဒိုနီးရှားမှာ ကပ်ရောဂါကာလအတွင်း စိတ်ဝေဒနာရှင်တွေကို သံကြိုးတွေနဲ့ ချုပ်နှောင်ထား 

အင်ဒိုနီးရှားမှာ ကပ်ရောဂါကာလအတွင်း စိတ်ဝေဒနာရှင်တွေကို သံကြိုးတွေနဲ့ ချုပ်နှောင်ထား 
Photo - AFP

အောက်တိုဘာ ၇  

ကမ္ဘာမှာ လူဦးရေ စတုတ္ထအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ စိတ်ကျန်းမာရေးချို့တဲ့သူတွေအတွက် သင့်တော်တဲ့ ကျန်းမာရေးပံ့ပိုးပေးမှုတွေမရှိတာကြောင့် သော့ခလောက်၊ သံကြိုးတွေကို အသုံးပြုပြီး ထိန်းသိမ်းထားကြပါတယ်။ 

 စိတ်ကျန်းမာရေးချို့တဲ့သူတွေဟာ ဆေးကုသမှုတွေခံယူပြီး စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ ကောင်းမွန်လာလို့ လွတ်လွတ်လပ်လပ်သွားလာခွင့်ရပြီးတဲ့နောက်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကူးစက်မှာစိုးရိမ်ရတဲ့အတွက် သံကြိုး၊ သော့ခလောက်တွေနဲ့ ပြန်လည်ချုပ်နှောင်ခံထားကြရပါတယ်။  

အသက် ၄၀ နှစ်ရှိပြီဖြစ်တဲ့ စိတ်ဝေဒနာရှင် ရာ့ဖ် ဆိုသူဟာ ဆယ်စုနှစ်နဲ့ချီပြီး သံခြေကျင်းတွေ၊ ခြေထိတ်တွေနဲ့ ထိန်းသိမ်းခံခဲ့ရပြီး မကြာသေးခင်နှစ်တွေကမှ လူစည်ကားရာနေရာတွေဆီ လွတ်လပ်စွာသွားခွင့်ရထားတာပါ။  

အခုတော့ ရာ့ဖ်ဟာ အရင်လိုပဲ အိမ်နောက်ဖေးက အခန်းလေးထဲမှာ ထိန်းသိမ်းခံထားရပါတယ်။  

ရာ့ဖ်ရဲ့ အဒေါ်ဖြစ်သူ ဟက်စ်နီက “ သူ့ကို ကိုရိုနာဗိုင်းရပ်စ် ကူးမှာစိုးရိမ်လို့ အခန်းထဲမှာ သော့ပိတ်ထားတာပါ။ အခု ဗိုင်းရပ်စ်ကူးစက်မှုက အရမ်းဆိုးရွားနေတာလေ။ သူက နေ့ရော ညရော မအိပ်ဘူး ။ အော်ဟစ်နေတာ။ တခြားသူတွေကို အန္တရာယ်မပြုအောင်လို့ သူ့အဖေက အောက်ထပ်နောက်ဖေးအခန်းထဲမှာ သော့ခတ်ထား, ထားတာပါ” လို့ပြောပါတယ်။ 

စိတ်ဝေဒနာရှင်တွေကို သင့်တော်တဲ့ ကုသမှုမပေးနိုင်တဲ့မိသားစုတွေဟာ သူတို့ကို အခန်းတွေထဲ သော့ပိတ်ထားကြတာဟာ အင်ဒိုနီးရှားမှာ တွေ့မြင်နေကျဖြစ်ပါတယ်။  

ရာ့ဖ်ရဲ့ အစ်ကိုဖြစ်သူက “စိတ်ဝေဒနာရှင်ကို မချုပ်နှောင်ထားရင် ဒီပတ်ဝန်းကျင်ကလူတွေ လန့်နေကြမှာပေါ့” လို့ ဆိုပါတယ်။  

အင်္ဂါနေ့က လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ကပ်ရောဂါကာလမှာ အသက် ၁၀ နှစ်ခန့်အပါအဝင် စိတ်ကျန်းမာရေးချို့တဲ့သူ ရာပေါင်းများစွာဟာ သံခြေကျင်း၊ ခြေထိတ် လက်ထိတ်တွေနဲ့ နေ,နေကြရတယ်လို့ ဖော်ပြထားပါတယ်။  

အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနရဲ့အဆိုအရ နိုင်ငံတွင်းမှာ စိတ်ကျန်းမာရေးချို့တဲ့သူ ၃၀၀ ၀၀၀ နီးပါးရှိပြီး ပထမနှစ်ဝက်မှာ  အချုပ်အနှောင်နဲ့ထားရသူ ၆ ၀၀၀ ကျော်ရှိပြီး ၂၀၁၉ ခုနှစ်တစ်နှစ်လုံးထက်စာရင် ၁ ၀၀၀ လောက် ပိုများလာတယ်လို့ ပြောပါတယ်။ ကပ်ရောဂါသာ ဆက်ဖြစ်နေမယ်ဆိုရင် စိတ်ကျန်းမာရေး ချို့တဲ့သူအရေအတွက် နှစ်ဆဖြစ်လာနိုင်တယ်လို့ စိတ်ကျန်းမာရေးဆိုင်ရာဒါရိုက်တာ စီတီခါလီမာက ပြောပါတယ်။  

အနောက်ဂျာဗား ရှန်ဂျားမြို့က သံခြေကျင်းနဲ့ ရှစ်နှစ်လောက်နေခဲ့ရတဲ့ အသက် ၃၄ နှစ်အရွယ် ဆိုဒီကင်ဆိုသူဟာ ၂၀၁၆ ခုနှစ်ကမှ အချုပ်အနှောင်တွေနဲ့ လွတ်ကင်းခွင့်ရခဲ့တာပါ။ ကောင်းကောင်းမွန်မွန်ဆေးကုသနိုင်ခဲ့လို့ ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်လာခဲ့ပြီး ၂၀၁၈ မှာတော့ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နိုင်ခဲ့ကာ အိမ်ကို ရှာကျွေးနိုင်ခဲ့သူဖြစ်ခဲ့ပါတယ်။  

ခုတော့ ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်တွေကြောင့် အလုပ်အဆင်မပြေဖြစ်ကာ ဆေးပြန်သောက်နေရပြီး လူထုအခြေပြုစိတ်ကျန်းမာရေးဝန်ဆောင်မှုဆေးခန်းတွေဆီ သွားနေရပါပြီ။ အခုတော့ သူ့မိသားစုက မထိန်းနိုင်တော့တဲ့အတွက် သံကြိုးတွေနဲ့ ပြန်ချုပ်ထားရပါတယ်။

အင်ဒိုနီးရှား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က သုတေသီ အန်ဒရေး ဟာဆိုနိုက “သူတို့ကို ကုသပေးဖို့ ဒီအနီးအနားမှာ စိတ်ရောဂါအထူးကုဆရာဝန်တွေမရှိပါဘူး။ ဒါကြောင့် သူတို့ကို ထိန်းသိမ်းထားဖို့ကလွဲပြီး တခြားရွေးစရာမရှိပါဘူး။ အစိုးရက ကိုဗစ်-၁၉ တိုက်ဖျက်ရေးကိုပဲ အာရုံရောက်နေတော့ သူတို့တွေဟာ လျစ်လျူရှုခံရသလိုဖြစ်နေတာပါ။ အစိုးရအနေနဲ့ ဒီလိုလူတွေအတွက်လည်း ဆေးတွေထောက်ပံ့သင့်ပါတယ်” လို့ပြောပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly