ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်အား လျော့ကျမှု မျှော်မှန်းထားတာထက် ပိုမိုညင်သာမယ်လို့ WTO ပြော 

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်အား လျော့ကျမှု မျှော်မှန်းထားတာထက် ပိုမိုညင်သာမယ်လို့ WTO ပြော 
Photo - AFP

အောက်တိုဘာ ၇

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကြောင့် အကြီးအကျယ် ထိခိုက်ထားခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကတော့ ယခုနှစ်မှာ မျှော်မှန်းထားတာထက် ပိုမိုနည်းပါးတဲ့ အတိုင်းအတာပမာဏနဲ့ ကျုံ့ဝင်မယ်လို့ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO) က ပြောဆိုလိုက်ပါတယ်။ 

ဒါပေမယ့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပိုင်း အကျဘက်ကနေ အတက်ဘက် ပြန်သွားမှုကလည်း ယခင် ခန့်မှန်းချက်ထက် တော်တော်လေး အားနည်းနေလိမ့်မယ်ဆိုပြီး WTO က ပြောပါတယ်။ 

“၂၀၂၀ မှာ ကမ္ဘာလုံးဆိုင်ရာ ကုန်စည် ကုန်သွယ်မှု ပမာဏဟာ ၉ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းမယ်လို့ WTO က အခု ခန့်မှန်းပါတယ်၊ အဲဒီနောက် ၂၀၂၁ မှာတော့ ၇ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ပြန်တက်ပါလိမ့်မယ်၊ ဒီတော့ ကုန်သွယ်မှုဟာ ကပ်ရောဂါမတိုင်မီ သွားခဲ့တဲ့ တိုးတက်မှုအတိုင်းအတာတွေအောက်မှာ ကောင်းကောင်းကြီးကို ရောက်နေပါလိမ့်မယ်” လို့ WTO ရဲ့ ဒုတိယညွန်ကြားရေးမှူးချုပ် ရှောင်ကျွန် ယီက ပြောပါတယ်။ 

“ဒုတိယသုံးလပတ်မှာ မှတ်တမ်းတင်ထားခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်စည် ကုန်သွယ်မှုပိုင်း ကျဆင်းမှုကတော့ ၁၄ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်ပါတယ်၊ ဒါကတော့ ၂၀၀၅ ခုနှစ် နောက်ပိုင်း ကျွန်တော်တို့ရဲ့ အချိန်ကာလတွေထဲမှာ သုံးလပတ်တွေအကြား နှိုင်းယှဉ်ရာမှာ အကြီးဆုံး ကျဆင်းမှု ဖြစ်ပါတယ်၊ ဒီတော့ ဒါက ကုန်သွယ်မှုမှာ တော်တော်လေး သိသာပြတ်သားတဲ့ ကျဆင်းမှုတစ်ခု ဖြစ်ခဲ့ပါတယ်” လို့ WTO ရဲ့ အကြီးတန်း စီးပွားရေး ပညာရှင် ကိုးလ်မန်း နီးက ပြောပါတယ်။ 

“မျှော်မှန်းထားထက် ပိုမိုသေးငယ်တဲ့ ကျဆင်းမှုတစ်ခုကြောင့် ကျွန်တော်တို့ဟာ ကုန်သွယ်မှုနဲ့ပတ်သက်လို့ အကောင်းမြင်စိတ် ထားနိုင်မယ့် အကြောင်းရင်းတစ်ခု ရှိတယ်လို့ ကျွန်တော်တို့ တွေးနိုင်ပေမယ့်လည်း ဆောင်းဦးနဲ့ ဆောင်းရာသီမှာလည်း မသေချာမရေရာမှုတွေ အများကြီး ရှိနိုင်ပါတယ်၊ အာရှ ပို့ကုန်တွေကတော့ အားကောင်းထားခဲ့ပါတယ်၊ ဒါပေမယ့် အဲဒီပို့ကုန်တွေရဲ့ အားကောင်းမှုကို ဆက်ထိန်းထားနိုင်ဖို့အတွက်ဆိုရင် ခင်ဗျားတို့အနေနဲ့ အမေရိကန်နဲ့ အီးယူလိုမျိုး သွင်းကုန်သွင်းတဲ့ နိုင်ငံတွေဆီက အားကောင်းတဲ့ ဝယ်လိုအား လိုပါတယ်၊ ဒါပေမယ့် ဗိုင်းရပ်စ်ကူးစက်မှု ပြန်တက်လာပြီး အစိုးရတွေအနေနဲ့ အားဖြည့် ဘဏ္ဍာရေး ထောက်ကူမှုတွေ ဆက်လုပ်နိုင်တာမျိုး မရှိဘူးဆိုရင် စားသုံးမှု ဝယ်လိုအား ဘယ်လိုဘယ်ပုံ ဆက်လက် အားကောင်းနိုင်မလဲ ဆိုတာနဲ့ပတ်သက်လို့ ကျွန်တော်တို့လည်း မသိပါဘူး” လို့ WTO ရဲ့ စီးပွားရေးပညာရှင်အကြီးအကဲ ရောဘတ် ကုမန်း က ပြောသွားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly