“အလံရှူးပါတီတွေကို ဖျက်သိမ်းပစ်”

“အလံရှူးပါတီတွေကို ဖျက်သိမ်းပစ်”

ခုဆိုရင် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပြီးနောက် စာချုပ်ပါ အချက်တွေကို ဆက်ပြီး အကောင်အထည် ဖော်နေကြပါတယ်။ အပစ်ရပ်စာချုပ်မှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့စုံ မပါဝင်တာကြောင့် နောက်ဆက်တွဲ ဒီ စာချုပ်ပါ အချက်တွေကို အကောင်အထည်ဖော်မှု အဆင်ပြေနိုင်ပါ့မလား ဆိုတာကလည်း စိုးရိမ်စရာပါ။ အခုကိုပဲ အခက်အခဲတစ်ချို့ စတွေ့နေရပါပြီ။

အဲဒါကတော့ UPDJC လို့ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီထဲမှာ ပါဝင်မယ့် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ် ရွေးချယ်ရေး ကိစ္စမှာပါ။ ဘယ်လို အခက်အခဲ ဖြစ်တာလဲ၊ ဒီ ပြသနာမျိုး ဘယ်လိုနည်းနဲ့ ဖြေရှင်းရင် သင့်တော်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အပစ်ရပ် စာချုပ် အကောင်အထည် ဖော်ရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ အလုပ်နှစ်မျိုး တစ်ပြိုင်နက်တည်း လုပ်နေကြပါတယ်။ တစ်ခုကတော့ လက်နက်ကိုင်တပ်တွေ နယ်မြေ သတ်မှတ်ရေး ကိစ္စလို၊ နှစ်ဖက် တပ်မှူးတွေ တွေ့ဆုံ ဆွေးနွေးရေး ကိစ္စလို တပ်ပိုင်းဆိုင်ရာတွေ လုပ်ကိုင်နေကြသလို၊ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ မူဘောင်ချမှတ်နိုင်ရေး ဆွေးနွေးပွဲတွေ စတင်ဖို့လည်း ကြိုးစားနေကြတာ တွေ့ရပါတယ်။ မူဘောင်ရေးဆွဲဖို့ အတွက်ဆိုပြီး UPDJC လို့ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဆိုတာကိုလည်း ဖွဲ့စည်းထားပြီးပါပြီ။ ဒါပေမယ့် ဖွဲ့စည်းမှု အပြီးမသတ်ရသေးပါဘူး။ နဂို စဉ်းစားကြစဉ်တုန်းကတော့ အဲဒီ ကော်မတီထဲမှာ အစိုးရ၊ လက်နက်ကိုင်တိုင်းရင်းသား၊ နိုင်ငံရေးပါတီ အစုအဖွဲ့ သုံးဖွဲ့ ပါဝင်ကြမယ်၊ လက်နက်ကိုင် တိုင်းရင်းသား ၁၆ ဖွဲ့လောက်ကို ရည်ရွယ်ပြီး တစ်စုဆီကနေ ၁၆ ယောက်စီ ပါဝင်မယ် စသဖြင့် အကြမ်းဖျဉ်း ရည်မှန်းထားကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်တွေ့ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးရာမှာ တိုင်းရင်းသားအဖွဲ့(၈) ဖွဲ့ပဲ ပါတဲ့အတွက် အဲဒီ ၈ ဖွဲ့ကနေပဲ ၁၆ ယောက် ပါဝင်မယ့် သဘော ဖြစ်လာပါတယ်။ နောင် အခြားအဖွဲ့တွေ လက်မှတ်ထိုးလာတဲ့အခါ အဲဒီ့ ၁၆ ယောက်ကိုပဲ အဖွဲ့လိုက် ပါဝင်မှုကနေ အတိုးအလျော့ လုပ်သွားဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အစိုးရနဲ့ တပ်မတော်ဘက်က ၁၆ ယောက် ဆိုတာကတော့ ရှင်းပါတယ်။ နှစ်ဖက် ညှိပြီး ပါဝင်ကြတာပါ။ ခက်နေတာက နိုင်ငံရေးပါတီတွေကနေ ကိုယ်စားလှယ် ၁၆ ယောက် ရွေးချယ်ရေး ကိစ္စပါ။ ဒီနေရာမှာ နိုင်ငံရေးပါတီ စုစုပေါင်း ၉၀ ကျော်လောက် ရှိနေတာမို့ ကိုယ်စားလှယ် ရွေးချယ်ရေး ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။ ဒါဟာ မှန်ပါသလား။ ပါတီပေါင်း ၉၀ ကျော် ဆိုတဲ့ ကိစ္စ အရင် ဆွေးနွေးကြည့်ကြရအောင်ပါ။

လက်ရှိ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို ကြည့်ရင် ၁၉၉၀ ဝန်းကျင်မှာ ပေါ်ပေါက်ခဲ့တဲ့ ပါတီ တစ်ချို့ ရှိပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ် ဆိုတဲ့အခါ ထပ် ဖွဲ့ကြတဲ့ ပါတီတွေ ရှိပါတယ်။ နောက်ပိုင်း ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ မှတ်ပုံတင်ပြီး တည်ထောင်ထားကြတာတွေ လည်းရှိပါတယ်။ ဒီပါတီတွေထဲမှာ တကယ့် နိုင်ငံရေးကို ပီပီပြင်ပြင်လုပ်တဲ့၊ တိုင်းရင်းသား အရေးကို တကယ်လုပ်တဲ့ ပြည်သူလူထုကို တကယ်စည်းရုံးတဲ့ ပါတီတွေ ရှိသလို၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပွဲစည်အောင်ဆိုပြီး အာဏာပိုင်တွေက ပံ့ပိုး ဖွဲ့စည်းခိုင်းလိုက်တဲ့ အလံရှူးပါတီတွေလည်း ရှိပါတယ်။ ၂၀၁၅ မတိုင်ခင်မှာလည်း အာဏာပိုင်တွေနဲ့ စည်းဝါးရိုက်ပြီး တည်ထောင်တဲ့ ပါတီတစ်ချို့ရှိသလို၊ ကိုယ်ကျိုးစီးပွားအတွက် ပါတီထောင် ဗန်းပြလုပ်စားတာတွေလည်း ရှိလာပါတယ်။ ပြောရရင် နိုင်ငံရေးပါတီတွေ ဖေါင်းပွနေတယ်လို့ ပြောနိုင်ပါတယ်။ အရင် ၁၉၉၀ ရွေးကောက်ပွဲ ကာလတုန်းကတော့ နိုင်ငံရေးပါတီပေါင်း ၂၀၀ ကျော် တည်ထောင်ခဲ့ပေမယ့် ရွေးကောက်ပွဲမှာ အမတ်လောင်း တစ်ယောက်မှ အရွေးချယ်မခံရတဲ့ ပါတီတွေကို စစ်အစိုးရက ဖျက်သိမ်းပစ်ခဲ့ပါတယ်။

၂၀၁၀ နောက်ပိုင်း အခု တစ်ကြိမ်မှာတော့ အဲလို မဟုတ်တော့ပါဘူး။ ဖွဲ့စည်းထားတဲ့ ပါတီမှန်သမျှ ရွေးကောက်ပွဲမှာ နိုင်နိုင် မနိုင်နိုင် ဖျက်သိမ်းခြင်း မပြုတော့ပါဘူး။ အခြားတစ်ဖက်မှာတော့ အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီး နောက်ပိုင်းအချိန်ကစ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ အချိန်တိုင်းလိုလို ခွင့်တောင်းပါတယ်။ ၂၀၁၂ ရွေးကောက်ပွဲဝင် လွှတ်တော်ထဲ ရောက်ပြီးနောက်မှာလည်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ခွင့်တောင်းပါတယ်။ ဒီလို ခွင့်တောင်းတဲ့အခါတိုင်း သမ္မတ ဦးသိန်းစိန် ဘက်ကနေ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးပါတီ တစ်ခုရဲ့ ဥက္ကဋ္ဌ ဖြစ်တယ်၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီပေါင်း ၆၀ကျော် (အဲဒီ အချိန်က) ရှိတဲ့အတွက် နိုင်ငံရေးပါတီ တစ်ခုနဲ့ပဲ သီးသန့် တွေ့ဆုံရင် မကောင်းဘူး ဆိုတာမျိုး အမြဲပဲ အကြောင်းပြပြီး နည်းပေါင်းစုံနဲ့ ရှောင်လွဲှလေ့ ရှိခဲ့ပါတယ်။ ပြောရရင် သမ္မတ ဦးသိန်းစိန် အစိုးရဟာ တကယ့် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲ မလုပ်ချင်တာကို အကြောင်းပြဖို့ အဲဒီ ဖေါင်းပွနေတဲ့ နိုင်ငံရေးပါတီ အရည်အတွက်ကို အမြဲ အသုံးချလေ့ ရှိခဲ့တာပါ။

ငြိမ်းချမ်းရေးကိစ္စမှာလည်း ဒီလိုပါပဲ။ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးခင်ကတည်းက လက်မှတ်ထိုးပြီးရင် မူဘောင် ဆွေးနွေးပွဲတွေမှာ အစိုးရ၊ တိုင်းရင်းသား၊ နိုင်ငံရေးပါတီ (၃) ပွင့်ဆိုင် ပါဝင်မယ်၊ နိုင်ငံရေးပါတီတွေဘက်ကလည်း ပါဝင်ဖို့ ပြင်ထားကြပါ ဆိုပြီး အဲဒီ ဖေါင်းပွနေတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို တမင်ကလာ ခေါ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ခုဆို အဲဒီ မူဘောင်ဆွေးနွေးပွဲမှာ ဘယ်နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ ပါဝင်ရမလဲ ဆိုတဲ့ကိစ္စ အငြင်းပွားဖွယ်ရာ ဖြစ်လာပြန်ပါပြီ။ အစိုးရဘက်ကတော့ ထုံးစံအတိုင်း ပါတီပေါင်း ၉၀ ကျော် ရှိတယ် ဆိုတာကြီးကို ပြောမြဲ ပြောနေတုန်းပါပဲ။

တကယ်ကတော့ အခုဆို ရွေးကောက်ပွဲ ကျင်းပပြီးသွားပါပြီ။ မူဘောင် ဆွေးနွေးပွဲမှာ ဘယ်သူတွေကို ထည့်သွင်းမလဲ ဆိုတဲ့ကိစ္စ၊ ပြည်သူလူထု ထောက်ခံမှု အများဆုံးရထားတဲ့ အင်န်အယ်လ်ဒီ ပါတီကို တာဝန်ပေး စေခိုင်းသင့်ပါတယ်။ အင်န်အယ်လ်ဒီ ပါတီကမှ စည်းမျဉ်းမူဘောင် ရေးဆွဲပြီး ပါဝင်မယ့်သူ စာရင်းပြုစုစေသင့်ပါတယ်။ အဖြစ်နိုင်ဆုံး နည်းနာကတော့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ရေး ကော်မတီ ဖွဲ့စဉ်တုန်းက လွှတ်တော်ထဲ ရောက်တဲ့ အမတ်အရေအတွက်ကို အခြေခံပြီး အချိုးအစားအလိုက် ကော်မတီ ဖွဲ့စည်းခဲ့တာကို နမူနာယူနိုင်ပါတယ်။ ဒီအတွက် ကျင်းပပြီးသွားတဲ့ ရွေးကောက်ပွဲမှာ ပြည်သူထောက်ခံမှုနဲ့ အနိုင်ရ အမတ်အရည်အတွက်ကို မူတည်ပြီး မူဘောင်ဆွေးနွေးပွဲမှာ ပါဝင်မယ့် ကိုယ်စားလှယ်တွေကို အချိုးကျ ထည့်သွင်းသင့်ပါတယ်။ ဒါကြောင့် အစိုးရနဲ့ လက်ရှိ မူဘောင် ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အကောင်အထည် ဖော်နေတဲ့ MPC အဖွဲ့သားတွေ အနေနဲ့ ဖေါင်းပွနေတဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်ဆိုတဲ့ စကားတွေပြောပြီး ကိုယ်စားလှယ် ရွေးချယ်ရေး ပြဿနာရှုတ်ထွေးအောင် မလုပ်သင့်ပါကြောင်း၊ နိုင်ငံရေးပါတီ ဖေါင်းပွမှုကို နိုင်ငံရေးမှာ အသုံးချမှု ရပ်ဆိုင်းသင့်ပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly