ဥရောပနိုင်ငံများက တရုတ်၏ 5G ကွန်ရက်ကို တားမြစ်သွားမည်ဟု ယုံကြည်ကြောင်း မိုက်ပွန်ပဲယိုးပြော

ဥရောပနိုင်ငံများက တရုတ်၏ 5G ကွန်ရက်ကို တားမြစ်သွားမည်ဟု ယုံကြည်ကြောင်း မိုက်ပွန်ပဲယိုးပြော

အောက်တိုဘာ ၆

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုးသည် ခရိုအေးရှားဝန်ကြီးချုပ် အန်ဒရေးပလန်ကိုဗစ်နှင့်တွေ့ဆုံပြီးနောက် တရုတ်နိုင်ငံက  5G ကွန်ရက်မှတစ်ဆင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးရာအချက်အလက်များရယူခြင်းကို တားဆီးနိုင်ရန် ဥရောပနိုင်ငံများအနေဖြင့် ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း သောကြာနေ့က ပြောသည်။

“ဥရောပနိုင်ငံတွေဟာ သတင်းအချက်အလက်တွေကို ပွင့်ပွင်းလင်းလင်းဝေမျှတာဖြစ်တာကြောင့် သူတို့ရဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာဆိုင်ရာဆုံးဖြတ်ချက်ကို ချမှတ်သွားကြမယ်ဆိုတာ ယုံကြည်ပါတယ်” ဟု ပွန်ပဲယိုးက ပြောဆိုခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။

“ကျွန်တော်တို့နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို တရုတ်ကွန်မြူနစ်ပါတီလက်ထဲ မရောက်စေချင်ပါဘူး။ ဥရောပနိုင်ငံတိုင်းလည်း အခု ဒါကို နားလည်သဘောပေါက်ပြီး သတိထားမိလာမယ်လို့ ထင်ပါတယ်။ ခရိုအေးရှားအပါအဝင် ဥရောပနိုင်ငံတွေလည်း ဒီအတွက် အရေးတယူဆောင်ရွက်တာကို တွေ့ရပါလိမ့်မယ်” ဟု ပွန်ပဲယိုးကပြောသည်။  

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ဥရောပအရှေ့ပိုင်း မြေထဲပင်လယ်ဒေသသို့ တစ်ပတ်ကြာ အလည်အပတ်ခရီးရောက်ရှိနေခြင်းဖြစ်သည်။  

“လှပတဲ့ ခရိုအေးရှား ခရီးစဉ်က နှစ်လိုဖွယ်ကောင်းပါတယ်။ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ ကျွန်တော်တို့ရဲ့ သဘောတူညီချက်တွေအတွက် ဂုဏ်ယူမိပြီး ဥရောပစွမ်းအင်အမှီအခိုကင်းမှု တိုးတက်ရေးအတွက် လုပ် ဆောင်နေတဲ့ ခရိုအေးရှားရဲ့ ကဏ္ဍကိုလည်း လေးစားပါတယ်” ဟု ပွန်ပဲယိုးက တွစ်တာတွင် ရေးသားခဲ့သည်။  

အမေရိကန်သည် ချက်၊ ပိုလန်နှင့် အက်စတိုးနီးယားအပါအဝင် ဥရောပနိုင်ငံများစွာနှင့် 5G လုံခြုံရေးဆိုင်ရာ ကြေညာချက်များကို လက်မှတ်ရေးထိုးထားသည်။

5G ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သော Huawei သည် အဖွဲ့အစည်းများအားထောက်လှမ်းခြင်းနှင့် နိုင်ငံ့လုံခြုံရေး ခြိမ်းခြောက်ခြင်းများရှိသည်ဟုဆိုကာ အစောပိုင်းက အမေရိကန်သည် Huawei အပေါ် ပိတ်ဆို့မှုများ ကြေညာခဲ့သည်။ သို့သော်  တရုတ်က အမေရိကန်တို့ စွပ်စွဲချက်များအားလုံးကို ငြင်းဆန်ခဲ့သည်။

ပြီးခဲ့သည်လက ကနေဒါကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် အဲရင်အိုတူးလ်က ၎င်းတို့နိုင်ငံတွင်း၌ တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei ၏ 5G ကွန်ရက် တည်ဆောက်ခြင်းကို တားမြစ်သွားမည်ဟု ပြောခဲ့သည်။  

“ကျွန်တော်က ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးလို မဟုတ်ပါဘူး။ ကျွန်တော်သာ ဝန်ကြီးချုပ်ဖြစ်ရင် Huawei ကို 5G  ကွန်ရက်တည်ဆောက်ခွင့်မပေးပါဘူး” ဟု အိုတူးလ်က တွစ်တာတွင်ရေးသားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly