အာမေးနီးယား-အဇာဘိုင်ဂျန် တိုက်ပွဲ ဆက်ဖြစ်နေပြီး အရပ်သားတွေအတွက် စိုးရိမ်မှုတွေ ကြီးထွားလာနေ 

အာမေးနီးယား-အဇာဘိုင်ဂျန် တိုက်ပွဲ ဆက်ဖြစ်နေပြီး အရပ်သားတွေအတွက် စိုးရိမ်မှုတွေ ကြီးထွားလာနေ 
Photo - AFP

အောက်တိုဘာ ၆

နာဂေါ်နို-ကာရာဘက်ခ် အငြင်းပွားဒေသ အရေးနဲ့ပတ်သက်လို့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်ဘက်တပ်ဖွဲ့တွေအကြား ပဋိပက္ခတိုက်ပွဲတွေဟာ အောက်တိုဘာ ၅ ရက်မှာ သဲကြီးမဲကြီးနဲ့ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဘက်စလုံးဟာ အဓိကကျတဲ့ မြို့ကြီးတွေကို အမြှောက်၊ လက်နက်ကြီးတွေနဲ့ စတင် ပစ်ခတ်ခဲ့တဲ့နောက် ခုဆိုရင် အရပ်သားတွေအတွက် စိုးရိမ်ပူပန်မှုတွေ ကြီးထွားလာခဲ့ပါတယ်။ 

ရှေ့တန်း စစ်မျက်နှာတစ်လျှောက် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပြီး ဒေသရဲ့ မြို့တော် စတပ်ပန်နာကာ့တ်ဟာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကို ခံနေရတယ်လို့ ကာရာဘက်ခ်ရှိ ခွဲထွက်ရေးဝါဒီတပ်ဖွဲ့တွေက ပြောပါတယ်။ 

ကာရာဘက်ခ်ကတော့ အာမေးနီးယား တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာ နယ်မြေတစ်ခု ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်က အဇာဘိုင်ဂျန်နိုင်ငံထဲကနေ ခွဲထွက်ပြီး အာမေးနီးယားထိန်းချုပ်မှုအောက် ကွဲကွာရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

အလားတူ အာမေးနီးယား တပ်ဖွဲ့တွေဟာ အဇာဘိုင်ဂျန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဂန်းဂျ အပါအဝင် မြို့တချို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့တယ်လို့ အဇာဘိုင်ဂျန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဂန်းဂျမြို့ကတော့ အောက်တိုဘာ ၄ ရက်မှာ အရင်ဆုံး လက်နက်ကြီးကျည် ကျခဲ့တယ်လို့ ဆိုပါတယ်။ 

ခုလိုမျိုး မြို့ပြ ဧရိယာတွေအပေါ် အမြှောက်နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ တိုးမြင့် ဖြစ်ပေါ်လာနေတာနဲ့အတူ နှစ်ဘက်အကြား တိုက်ခိုက်မှုတွေ ဒီထက် ပိုပြင်းထန်လာမယ်ဆိုရင် အရပ်သား အမြောက်အမြား သေဆုံးမှုတွေ ဖြစ်လာနိုင်မယ့်အပေါ် စိုးရိမ်ပူပန်မှုတွေကိုလည်း ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်ပါတယ်။ 

အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားအကြား လက်ရှိ ပဋိပက္ခ တိုက်ပွဲတွေ စဖြစ်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ လူ ၂၆၀ ဦးထက်မနည်း သေဆုံးခဲ့ပြီဖြစ်သလို တိုက်ခိုက်မှုတွေဟာလည်း ဆက်လက်အရှိန်မြင့်ဖြစ်ပေါ်နေပါတယ်။ 

နှစ်ဘက်အကြား ပဋိပက္ခ တိုက်ပွဲတွေကတော့ စက်တင်ဘာ ၂၇ ရက်မှာ ပေါ်ပေါက်ခဲ့ပြီး ဆိုဗီယက် အဖွဲ့ဝင်ဟောင်း နိုင်ငံတွေအကြား ဆယ်စုနှစ်များစွာကြာ ပဋိပက္ခတစ်ခုကို တဖန် ပြန်လည် လောင်မြိုက်စေခဲ့တာ ဖြစ်ပါတယ်။  

ဒါ့အပြင် ဒီ ပဋိပက္ခဟာ ဒေသတွင်း ပါဝါ နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ တူရကီ ကို ဒီအရေးမှာ ပါဝင်ပတ်သက်လာစေနိုင်တဲ့ အခြေအနေနဲ့ပတ်သက်လို့လည်း ခြိမ်းခြောက်နေပါတယ်။ 

လက်ရှိအချိန်အထိ ဘယ်ဘက်ကမှ တပ်ခေါက်မယ့် လက္ခဏာတွေ ပြသတာမျိုး မရှိသေးသလို အပစ်ရပ်စဲဖို့နဲ့ ဒေသအရေး ဆွေးနွေးညှိနှိုင်းမှုတွေပြန်လုပ်ဖို့ နိုင်ငံတကာရဲ့ ဝိုင်းဝန်း တောင်းဆိုချက်တွေကိုလည်း လျစ်လျူရှုထားလျက် ရှိပါတယ်။ 

တောင်ထူထပ်တဲ့ ဒေသရဲ့ အလယ်ဗဟိုမှာ ရှိတဲ့ လူဦးရေ ၅၀,၀၀၀ နေထိုင်တဲ့ စတပ်ပန်နာကာ့တ်မြို့ကတော့ အောက်တိုဘာ ၂ ရက်နောက်ပိုင်းကတည်းက လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကို ခံနေရပြီး ဒေသခံတွေဟာလည်း မြေအောက်ခိုလှုံရာနေရာတွေမှာ ခိုအောင်းနေကြရပါတယ်။ 

စတပ်ပန်နာကာ့တ်မြို့ကို လက်နက်ကြီးနဲ့ပစ်ခတ်မှုဟာ မနက် ၆ နာရီ ခွဲလောက်မှာ ပြန်စလာခဲ့တယ်လို့ ခွဲထွက်ရေးဝါဒီတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက်မှာ ပြောပါတယ်။ ဒါ့အပြင် လက်နက်ကြီး ကျည်ကျ ပေါက်ကွဲမှုတွေ၊ ကြီးကြီးမားမား ထိခိုက်ပျက်စီးသွားတဲ့ တိုက်ခန်းအဆောက်အအုံတွေရဲ့ အပျက်အစီး အစုအပုံတွေ ကို ရိုက်ပြထားတဲ့ ဗီဒီယိုတစ်ခုကိုလည်း ယင်းက ထုတ်လွှင့်သွားခဲ့သလို အဇာဘိုင်ဂျန်တို့ဟာ  ဗုံးပဒေသာလို့ ခေါ်တဲ့ လက်နက်ခဲယမ်းတွေ သုံးခဲ့တယ်လို့လည်း စွပ်စွဲသွားခဲ့ပါတယ်။ 

လူဦးရေ ၃၃၀,၀၀၀ ကျော် နေထိုင်တဲ့ ဂန်းဂျမြို့၊ လူဦးရေ ၃၈,၀၀၀ လောက် နေထိုင်တဲ့ အက်ဂျဘက်ဒီမြို့ တို့အပြင် ဘေးလာဂန်၊ ဘာဒါ နဲ့ တာတာ မြို့တို့ကို အာမေးနီးယား တပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အဇာဘိုင်ဂျန်က ပြောပါတယ်။ 

အာမေးနီးယားတို့ဟာ လူနေထူထပ်တဲ့ အရပ်ဘက် ဧရိယာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ဂန်းဂျမြို့ရဲ့ မြို့လယ်စျေးကို အမြှောက်နဲ့ပစ်ခဲ့တယ်လို့ အဇာဘိုင်ဂျန်သမ္မတ အီဟမ် အလီယက်ဗ်ရဲ့ အကြံပေး ဟစ်ခ်မက် ဟာဂျီယက်ဗ်က စွပ်စွဲသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly