တရုတ်ထံ နည်းပညာလက်ဆင့်ကမ်းမှု သံသယဖြင့် ရုရှားသိပ္ပံပညာရှင် ထိန်းသိမ်းခံထားရ 

တရုတ်ထံ နည်းပညာလက်ဆင့်ကမ်းမှု သံသယဖြင့် ရုရှားသိပ္ပံပညာရှင် ထိန်းသိမ်းခံထားရ 

အောက်တိုဘာ ၆ 

ရုရှားသိပ္ပံပညာရှင်တစ်ဦးသည် တရုတ်နိုင်ငံထံသို့ နည်းပညာများ လက်ဆင့်ကမ်းမှု စွပ်စွဲချက်ဖြင့် ဆိုက်ဘေးရီးယားတွင် ထိန်းသိမ်းခံထားရကြောင်း ရုရှားမီဒီယာက ကြာသပတေးနေ့( အောက်တိုဘာ ၁) တွင် ဖော်ပြခဲ့သည်။ 

ဆိုက်ဘေးရီးယားနိုင်ငံ Tomsk မြို့မှ အသက် ၆၄ နှစ်အရွယ် အလက်ဇန္ဒားလူကာနင်သည် အင်္ဂါနေ့ (စက်တင်ဘာ ၂၉) ၌ တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် ထိန်းသိမ်းခံရခြင်းဖြစ်ကာ တရုတ်ရှိ ဒေသတက္ကသိုလ်တစ်ခုတွင် အလုပ်လုပ်သူဖြစ်ကြောင်း ရုရှားဝေဖန်သူ မီခေးလ် ခါဒိုကော့ဗ်စကီးတည်ထောင်သော MBKh မီဒီယာ၏ဖော်ပြချက်အရသိရသည်။ 

လူကာနင်နေထိုင်ရာတိုက်ခန်းကိုလည်း ရုရှားထောက်လှမ်းရေးအဖွဲ့ FSB က ဝင်ရောက်စီးနင်းခဲ့ကြောင်း ၎င်း၏သူငယ်ချင်းပြောပြချက်ကို ကိုးကားလျက် MBKh မီဒီယာ ကဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့် ကြာသပတေးနေ့က လူကာနင်၏အီးမေးလ်လိပ်စာသို့ ရိုက်တာမှ လှမ်းမေးမြန်းသော်လည်း ပြန်ကြားချက်တစ်စုံတစ်ရာမရရှိခဲ့ဘဲ ရုရှားနှင့်တရုတ်အာဏာပိုင်တို့ဘက်ကလည်း ၎င်းကိစ္စနှင့်ပတ်သက်၍ တုံ့ပြန်ပြောဆိုခြင်းမရှိပေ။ 

ရုရှားဥပဒေအရ နိုင်ငံခြားတိုင်းပြည်တစ်ခုသို့ နည်းပညာကို တရားမဝင်လွှဲပြောင်းခြင်းသည် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည်။ 

လူကာနင်သည် တရုတ်ဆီသို့ နည်းပညာ လွှဲပြောင်းမှုသံသယဖြင့် ထိန်းသိမ်းခံရခြင်းဖြစ်သော်လည်း ပြစ်ဒဏ်ပိုမိုပြင်းထန်နိုင်သော နိုင်ငံတော်လျှို့ဝှက်ချက်များကို ပေးသည့်သံသယဖြင့် စွပ်စွဲခံရခြင်းမဟုတ်ကြောင်း Interfax သတင်းဌာနကဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့်နှစ်များအတွင်း ရုရှားသိပ္ပံပညာရှင်အများအပြားသည် တရုတ်အပါအဝင် နိုင်ငံခြားသားများထံသို့ အကဲဆတ်သော အကြောင်းအရာများ လက်လွှဲသည်ဟု စွပ်စွဲခံရကာ နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ဖမ်းဆီးခံရခြင်းနှင့် တရားစွဲဆိုခံရခြင်းများ ကြုံခဲ့ကြရသည်။ 

ဖမ်းဆီးမှုများသည် တစ်ခါတရံ အခြေအမြစ်မရှိသော ယုံမှားသံသယလွန်ကဲမှုများကြောင့်ဖြစ်ကြောင်း ရုရှားဝေဖန်သူများက ဆိုသည်။ ဖေဖော်ဝါရီလက စိန့်ပီတာစဘတ်ရှိ အာတိတ်သိပ္ပံအကယ်ဒမီကို ဦးဆောင်သော သိပ္ပံပညာရှင် ဗယ်လရီမစ်ကိုသည် နိုင်ငံတော်လျှို့ဝှက်ချက်ကို တရုတ်ကိုလက်ဆင့်ကမ်းသည်ဟုဆိုကာ သစ္စာဖောက်မှု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံခဲ့ရသည်။ မစ်ကိုသည် လူကာနင်ကဲ့သို့ပင် တက္ကသိုလ်တစ်ခုတွင် အလုပ်လုပ်ရန် တရုတ်သို့ ခရီးထွက်ခဲ့ခြင်းဖြစ်သည်။  

အမျိုးသားရေးဝါဒီနိုင်ငံရေးသမားတချို့က သံသယရှိနေသော်လည်း ရုရှားသည် ၂၀၁၄ ခုနှစ်တွင် ယူကရိန်းထံမှ ခရိုင်းမီးယားဒေသကို တိုက်ခိုက်သိမ်းပိုက်မှုကြောင့် အနောက်နိုင်ငံများနှင့်ဆက်ဆံရေး ပျက်ပြားပြီးကတည်းက တရုတ်နှင့် ပိုမိုနီးကပ်သောဆက်ဆံရေးအတွက် ဦးစားပေးလုပ်ဆောင်ခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly