အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့်ဇနီးတို့ကို ကိုဗစ်ကူးစေခဲ့သည့် ဟုပ်ဟစ်ဆိုတာ ဘယ်သူလဲ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့်ဇနီးတို့ကို ကိုဗစ်ကူးစေခဲ့သည့် ဟုပ်ဟစ်ဆိုတာ ဘယ်သူလဲ 

အောက်တိုဘာ ၆
 
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်းနှင့် ဇနီး မယ်လန်နီယာထရမ့်တို့သည် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း ပြီးခဲ့သည့် သောကြာနေ့မနက်က တွစ်တာကတစ်ဆင့် အသိပေးခဲ့သည်။ ထရမ့်၏ ယုံကြည်စိတ်ချရသော လက်ထောက်တစ်ဦးဖြစ်သူ ဟုပ်ဟစ် (Hope Hicks) ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းအတည်ပြုပြီးနောက် ထရမ့်က ၎င်းတို့လည်း ရောဂါစမ်းသပ်မှုပြုလုပ်ထားကြောင်း အစောပိုင်းက ပြောကြားခဲ့သေးသည်။

“နားချိန်လေးနည်းနည်းတောင်မယူဘဲ အရမ်းအလုပ်ကြိုးစားတဲ့ ဟုပ်ဟစ်က ကိုဗစ်-၁၉ ကူးစက်ခံထားရပါတယ်။ ကြောက်စရာကောင်းလှပါတယ်။ ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက်လည်း စမ်းသပ်မှုအဖြေကို စောင့်ဆိုင်းနေပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ကွာရန်တင်းလုပ်ငန်းစဉ်အတွက် စတင်လုပ်ဆောင်သွားမှာပါ” ဟု ထရမ့်က ပြောခဲ့သည်။ 

၂၀၂၀ ခုနှစ် အမေရိကန်သမ္မတ  စကားစစ်ထိုးပွဲအတွက် အိုဟိုင်းယိုးပြည်နယ် ကလိဗ်လန်းမြို့သို့ ပြီးခဲ့သည့် ရက်အနည်းက ထရမ့်နှင့်အတူသွားရောက်ခဲ့သော ဟစ်သည် ၂၀၁၂ ခုနှစ်ကတည်းက ထရမ့်နှင့် တွဲဖက်အလုပ်လုပ်ခဲ့သူဖြစ်ပြီး ထရမ့် သမ္မတအဖြစ် ရွေးချယ်ခံရန် ဆုံးဖြတ်လိုက်ချိန် ၂၀၁၅ ခုနှစ်က ဟစ်အား ပြန်ကြားရေးအတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 
 
ထရမ့်အတွက် အဖြူရောင်မုသားများ ပြောဆိုခဲ့ခြင်း 
 

ကွန်နက်တီကက်ပြည်နယ် ဂရင်းနစ်ချ်မြို့၌မွေးဖွားသော ဟစ်သည် ၂၀၁၅ ခုနှစ် အသက် ၂၆ နှစ်အရွယ်တွင် ထရမ့်၏ သမ္မတမဲဆွယ်စည်းရုံးရေး၏ အစိတ်အပိုင်းဖြစ်လာခဲ့သည်။  

သို့သော် ဟစ်သည် ပြည်သူ့ဆက်ဆံရေးကုမ္ပဏီ Hiltzik Strategies သို့ဝင်ရောက်ပြီး ဒေါ်နယ်ထရမ့်၏ အိမ်ခြံမြေလုပ်ငန်း၊ ဧည့်ဝတ်ကျေပွန်မှုနှင့်ဖက်ရှင်စီးပွားရေးလုပ်ငန်းဆိုင်ရာများကို စတင်လုပ်ဆောင်ပေးခဲ့သည့် ၂၀၁၂ နှစ်ကတည်းက ထရမ့်နှင့်ပတ်သက်မှု စတင်ခဲ့ခြင်းဖြစ်သည်။ ဟစ်သည် ထရမ့်၏သမီးဖြစ်သူ အီဗန်ကာထရမ့်၏ ဖက်ရှင်အမှတ်တံဆိပ်တိုးချဲ့မှုလုပ်ငန်းတွင်လည်း တွဲဖက်လုပ်ကိုင်ခဲ့သည်။ 

တက္ကဆက်ပြည်နယ် Methodist တက္ကသိုလ်မှ ဘွဲ့ရခဲ့သော ဟစ်သည် ကျောင်းတွင် ပိုက်ကွန်တပ်တုတ်တံဖြင့် ဘောလုံးဖမ်း သယ်ဆောင်သော ကစားနည်းဖြစ်သည့် lacrosse ကို ကစားခဲ့သည်။ ကျောင်းတွင် အနေအထိုင် သိုသိပ်သော်လည်း လူအများစိတ်ဝင်စားသော ပြည်သူ့ဆက်ဆံရေးများနှင့် စီမံရေးရာလုပ်ငန်းများတွင် နောကျေသူဖြစ်သည်။  

ဟစ်၏ဖခင် Paul B. Hicks မှာ Ogilvy Public Relations ကုမ္ပဏီ၏ အမေရိကန်ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး အမျိုးသားဘောလုံးအဖွဲ့ချုပ် (NFL) ၏ ဆက်သွယ်ရေးဆိုင်ရာ အမှုဆောင်ဒု-ဥက္ကဋ္ဌ ဖြစ်သည်။ အဘိုးဖြစ်သူမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီ Texaco ၏ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ အထွေအထွေမန်နေဂျာနှင့် ဒုဥက္ကဋ္ဌ ဖြစ်သည်။ သမ္မတ လန်ဒန်ဘန်းနက်စ်ဂျွန်ဆင်နှင့် ရစ်ချက်နစ်ခ်ဆင်လက်ထက်အတောအတွင်း၌  မိခင်ဘက်က အဘွားသည် သယ်ယူပို့ဆောင်ရေးဌာနတွင်အလုပ်လုပ်ခဲ့ပြီး အဘိုးသည် စိုက်ပျိုးရေးဌာန၌ လုပ်ကိုင်ခဲ့သည်။  

ထရမ့်က သမ္မတအရွေးခံရန် ချင့်ချိန်စဉ်းစားနေချိန်တွင် သူမအား ပြန်ကြားရေးဆိုင်ရာအတွင်းရေးမှူးအဖြစ် တာဝန်ပေးခဲ့ပုံနှင့်စပ်လျဉ်း၍ ဟုပ်ဟစ်က “ထရမ့်က သူ သမ္မတအဖြစ် ဝင်အရွေးခံဖို့ စဉ်းစားနေတယ်။ မင်းက ငါ့ရဲ့ ပြန်ကြားရေးဆိုင်ရာအတွင်းရေးမှူးဖြစ်လာမှာပါ လို့ ကျွန်မကို ကြည့်ပြီးပြောခဲ့ပါတယ်” ဟု အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။  

ဟစ်သည် ၂၀၁၆ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအတွက် ဆက်သွယ်ရေးဒါရိုက်တာအဖြစ်ဆောက်ရွက်ခဲ့ပြီး  သမ္မတအကူးအပြောင်းအဖွဲ့တွင် နိုင်ငံ့ပြန်ကြားရေးဆိုင်ရာ အတွင်းရေးမှူးဖြစ်လာခဲ့သည်။ 

၂၀၁၈ ခုနှစ်တွင် ဟစ်သည် အိမ်ဖြူတော် ဆက်သွယ်ရေးဒါရိုက်တာရာထူးမှ နုတ်ထွက်ခဲ့ပြီး  မီဒီယာ ဥသျှောင် Rupert Murdoch ၏ သားဖြစ်သူ Lachlan Murdoch ဦးစီးနေသော Fox ကုမ္ပဏီ၏ ဆက်သွယ်ရေးအရာရှိ အကြီးအကဲအဖြစ်အလုပ်လုပ်ရင်း ပုဂ္ဂလိကလုပ်ငန်းဘက်သို့ ကူးပြောင်းခဲ့သည်။ သို့သော် ဤနှစ်အစောပိုင်းက သမ္မတ၏အကြံပေးအဖြစ် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ယခုအခါ ထရမ့်၏သားမက် ဂျရက်ကူရှ်နာအတွက် တာဝန်ထမ်းဆောင်ပေးလျက်ရှိသည်။  

အိမ်ဖြူတော်၌ အစောပိုင်းကာလတွင် ဟစ်သည် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရုရှားဝင်ရောက်စွက်ဖက်မှုကိုစစ်ဆေးသောအဖွဲ့၏ ကိုးနာရီကြာ မေးမြန်းမှုကို ခံခဲ့ရသည်။ စစ်ဆေးရေးအဖွဲ့ကို ဟစ်ပြောခဲ့သော အစီရင်ခံချက်များအရ ဟစ်သည် ဒေါ်နယ်ထရမ့်အတွက် ရံဖန်ရံခါ အဖြူရောင်မုသားများကို ပြောဆိုခဲ့သော်လည်း ရုရှားနှင့်သက်ဆိုင်သော အကြောင်းအရာမှန်သမျှ လိမ်ညာထွက်ဆိုခဲ့ခြင်းမရှိဟု ဆိုသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required