Antigen Test Kit ဖြင့် ပထမအကြိမ် စစ်ဆေးရာ၌ ရောဂါပိုးမရှိသူများ ဒုတိယအကြိမ် ထပ်မံစစ်ဆေးရမည်

Antigen Test Kit ဖြင့် ပထမအကြိမ် စစ်ဆေးရာ၌ ရောဂါပိုးမရှိသူများ ဒုတိယအကြိမ် ထပ်မံစစ်ဆေးရမည်
Photo - EPA

အောက်တိုဘာ ၅ရက်

Antigen Test Kit ဖြင့် COVID -19 ရောဂါရှိ၊မရှိ စစ်ဆေးရာတွင် ပထမအကြိမ်၌ရောဂါပိုးမရှိကြောင်း (Negative) ပြပါက ဒုတိယအကြိမ် ထပ်မံစစ်ဆေးရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။  

“လုပ်ငန်းလမ်းညွှန် Guideline လို့ ချပေးထားတယ်ပေါ့နော်။ ဟိုတလောက ထပ်စစ်တယ်။ ထပ်စစ်တော့ လည်း negative ပဲ ။ အဲတော့ နှစ်ခါစစ်တာတောင် Negative ဖြစ်တော့ ဆရာဝန်ကိုမေးတော့ pressure တွေလည်း ကျနေတယ်။အောက်ဆီဂျင်တွေလည်း ကျနေတော့ နောက်တစ်နေ့မှာ သူ့ကိုဘာလုပ်လိုက်လဲဆိုရင် သူက ကြာပြီးမှရောက်လာတာ။ ခုနှစ်ရက်လောက်မှ ရောက်လာတာဆိုတော့ နှာခေါင်းတို့ဖတ်ယူပြီးတော့  NHL  (အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ကို ပို့လိုက်တဲ့အခါ နှာခေါင်းတို့ဖတ်က positive ဖြစ်တယ်” ဟု အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခဒေါက် တာ မာမာကြည်က ပြောသည်။

ပထမအကြိမ် Negative ပြသည့်လူနာသည် ရောဂါရှိသူနှင့် အနီးကပ် ဆက်စပ်ထိတွေ့သူများဖြစ်ပါက  Antigen Test Kit ဖြင့် တစ်ရက်မှ နှစ်ရက်အတွင်း ဒုတိယအကြိမ် စစ်ဆေးသင့်ကြောင်း ထုတ်ပြန်ထားသည်။

Antigen Test Kit ဖြင့်စစ်ဆေးရာတွင် ရောဂါလက္ခဏာပြပြီး ၇ ရက် မှ ၈ ရက် ကြာပြီးချိန်၌ စစ်ဆေးပါက ပိုးရှိ၊မရှိကိုသိရှိရန် ခက်ခဲကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် လူနာ၏ အာခေါင်နှင့်နှာခေါင်းနောက်တွင် အများဆုံးရှိနေနိုင်သည့်အတွက်  Antigen TestKit နည်းဖြင့် စစ်မည်ဆိုပါက ရောဂါလက္ခဏာစတင်ပြသသည့်နောက်ပိုင်း ၃ ရက် မှ ၆ ရက်ကြား၌ ဓာတ်ခွဲ ခန်း တို့ဖတ်ယူခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း သိရသည်။

 Antigen Test Kit ဖြင့် သံသယလူနာများအား စစ်ဆေးသည့်အခါ ပထမအကြိမ် Negative တွေ့ရှိပါက ယခင်ဓာတ်ခွဲစစ်ဆေးခဲ့သည့် RT-PCR စက်ဖြင့် နှစ်ရက်အတွင်း စစ်ဆေးရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

RT–PCR စက်ဖြင့် စစ်ဆေးခြင်းထက် Antigen Test Kit ဖြင့် စစ်ဆေးခြင်းသည် အချိန်အားဖြင့် မြန်ဆန်ပြီး အဆင်ပြေကြောင်း သိရသည်။

“အစ်မတို့က ဟိုကိုပို့ရမယ်ဆိုရင် ပြင်ဆင်ရတယ် ။နှာခေါင်းတို့ဖတ်တွေကို စုစည်းရတယ်။ ရေခဲသေတ္တာပုံး ထဲထည့်ရတယ်။ ပြီးလို့ရှိရင် စာကပ်ရတယ် ။ဖောင်တွေဖြည့်ရတယ်။ ဖောင်တွေကို တိတ်တွေနဲ့ပိတ်ရတယ်။ ပြီးလို့ရှိရင် ကားတွေနဲ့မောင်းပြီးတော့မှ NHL ကိုသွားပို့ရတယ်။ ပြီးလို့ရှိရင် နောက်နှစ်ရက်လောက်စောင့် ရတယ်။ အဲ့လိုဆိုရင် ကြာတယ်လေကွာ။ အခုကတော့ မြန်တယ်သိလား။ လူနာ ၁၀ ယောက် တစ်ဖြတ် ဖြတ်လိုက် တယ်။ ဒီနေ့ဆို ၄၃ ယောက်စစ်တယ် ၂၃ယောက် Positive” ဟု အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ  ပါမောက္ခဒေါက်တာမာမာကြည်က ပြောသည်။

Antigen Test Kit ဖြင့် စစ်ဆေးထားပြီး အနံ့မရခြင်း လက္ခဏာတစ်မျိုးသာရှိသည့် လူနာများ၊  အခြား COVID လက္ခဏာမရှိသည့်လူနာများ၏ ဓာတ်ခွဲအဖြေတွင် ရောဂါရှိကြောင်း Positive အဖြေထွက်လာပါက သက်ဆိုင် ရာ တိုင်းနှင့်ပြည်နယ်၊ မြို့နယ် COVID -19 ကာကွယ်၊ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစီအစဉ်ဖြင့် သက်ဆိုင်ရာသီးခြားထားရှိသည့်နေရာများသို့  ပို့ဆောင်ရ မည်ဖြစ်သည်။

သာမန်နှင့် အသင့်အတင့် ရောဂါလက္ခဏာရှိသောလူနာများအား လူနာရောက်ရှိနေသည့်ဆေးရုံ (သို့မဟုတ်) COVID-19 ကုသရေးဌာနများ ၊ဒေသန္တရဆေးခန်းနှင့် တွဲထားသော Fever Clinic များနှင့် နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ပြင်းထန်လက္ခဏာရှိသူများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊ ဝေဘာဂီ အထူးကုဆေးရုံကြီး၊ COVID-19 ကုသရေးစင်တာဖောင်ကြီး၊ တောင်ဥက္ကလာပအထူးကုဆေးရုံကြီးနှင့် တိုင်းနှင့် ပြည်နယ်အလိုက်သတ်မှတ် ဆေးရုံများသို့ ပို့ဆောင်ရမည်ဖြစ်သည်။

လက်ရှိတွင် Antigen Test Kit အရေအတွက် လေးသိန်းမှာယူထားပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံ ကိုးရုံတွင် စက်တင်ဘာ ၂၉ ရက်မှစတင်ကာ ကိုဗစ်ရောဂါရှိ၊မရှိ စစ်ဆေးခြင်းများကိုလုပ်ဆောင်ခဲ့ကြောင်းနှင့် အောက်တိုဘာ ၂ ရက်တွင် အနံ့ မရသူများကိုပါ ထည့်သွင်းစစ်ဆေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly