ထရမ့်၏ နာမကျန်းဖြစ်မှုကို လျှော့ပေါ့ပြောဆိုခဲ့ဟု ဆရာဝန်များ ဝန်ခံ၊ အခြေအနေ တိုးတက်လာနေဟု ဆို 

ထရမ့်၏ နာမကျန်းဖြစ်မှုကို လျှော့ပေါ့ပြောဆိုခဲ့ဟု ဆရာဝန်များ ဝန်ခံ၊ အခြေအနေ တိုးတက်လာနေဟု ဆို 

အောက်တိုဘာ ၅

ကိုဗစ်-၁၉ ရောဂါ ကုသမှုခံယူနေရသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အခြေအနေနှင့်ပတ်သက်၍ အစောပိုင်းရက်က အားတက်စဖွယ် အကဲဖြတ်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သမ္မတ၏ ဆေးဘက်ဆိုင်ရာအဖွဲ့က အောက်တိုဘာ ၄ ရက်တွင် ဝန်ခံခဲ့သော်ငြား သမ္မတသည် အခြေအနေ တိုးတက်လာနေပြီး အောက်တိုဘာ ၅ ရက်တွင်ပင် ဆေးရုံကနေ ဆင်း၍ ရနိုင်သည်ဟု ပြောသွားခဲ့သည်။ 

ထရမ့်သည် အောက်တိုဘာ ၂ ရက်က အဖျားကြီးခဲ့ကြောင်း၊ အောက်တိုဘာ ၃ ရက်တွင် ၎င်း၏ အောက်ဆီဂျင်လယ်ဗယ် ကျဆင်းခဲ့ကြောင်း ဆရာဝန်များက ပြောသည်။ ၎င်းသည် အောက်တိုဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ကိုဗစ်-၁၉ နှင့် ရင်ဆိုင်ရစဉ်အတွင်း အောက်ဆီဂျင် ကုထုံးဖြင့် နှစ်ကြိမ် ကုသမှုခံယူခဲ့ရသည်ဟု ၎င်းတို့က ပြောသည်။ 

ထရမ့်၏ အောက်ဆီဂျင်လယ်ဗယ်များသည် အခိုက်အတန့်တစ်ခုတွင် ၉၃ ရာခိုင်နှုန်းအထိ ကျခဲ့ကြောင်း ဆရာဝန်များက ပြောသည်။ ၉၄ ရာခိုင်နှုန်းအောက်ရှိ အတိုင်းအတာပမာဏသည် ပြင်းထန် ကိုဗစ်-၁၉ ရောဂါ လက္ခဏာရပ်တစ်ခုဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ အများအပြားက ယုံကြည်ကြသည်။ 

“နာမကျန်းမှုအခြေအနေကို အခြား ဦးတည်ချက်တစ်ခုနဲ့ လမ်းကြောင်း ပြောင်းကောင်း ပြောင်းသွားစေနိုင်တဲ့ ဘယ်လို သတင်းအချက်အလက်မျိုးကိုမှ ကျွန်တော် မပေးချင်ပါဘူး၊ အဲဒီလို လုပ်ခြင်းအားဖြင့်လည်း ခင်ဗျားတို့လည်း သိတဲ့အတိုင်းပဲ သေချာပေါက် မှန်ကန်ခြင်းမရှိတဲ့ အရာတစ်ခုခုကို ကျွန်တော်တို့ ဖုံးကွယ်ဖို့ ကြိုးစားသလို ဖြစ်သွားပါလိမ့်မယ်” ဟု အိမ်ဖြူတော် ဆရာဝန် ဒေါက်တာ ရှောင်ကွန်လေးက ဝါရှင်တန်အနီး ဝေါ်လ်တာ ရိဒ် အမျိုးသား စစ်ဘက် ဆေးဘက်စင်တာအပြင်ဘက်၌ အောက်တိုဘာ ၃ ရက်က သတင်းထောက်များနှင့် တွေ့ဆုံသည့် ရှင်းလင်းပွဲတစ်ခုတွင် ပြောသွားခဲ့သည်။ 

ထို့ပြင် ထရမ့်ကို ဒက်ဆာမီသာဇုန်းဆေး ပေးခဲ့ရကြောင်းလည်း ကွန်လေးက ပြောသည်။ အဆိုပါ ဒက်ဆာမီသာဇုန်းဆေးသည် စတီးရွိုက်ဆေးတစ်မျိုးဖြစ်ပြီး ယင်းက အောက်ဆီဂျင် လိုအပ်ပြီး ပြင်းထန် ကိုဗစ်-၁၉ ရောဂါအခြေအနေဖြင့် ဆေးရုံတက်နေရသည့် လူနာများအတွက် အသက်ရှင်နိုင်ခြေကို တိုးတက်စေသည်ဟု လေ့လာချက်များတွင် ပြသထားသည်။ 

အောက်တိုဘာ ၂ ရက်နောက်ပိုင်း ထရမ့်သည် အဖျားမရှိတော့ကြောင်း၊ Gilead Science ကုမ္ပဏီက ရောင်းချသည့် ရမ်ဒီစီဗီယာဆေးကို ငါးရက် ဆေးပေးကုသမှုအတွင်း ဒုတိယမြောက် ဆေးသုံးပြီးနောက်  ၎င်း၏ အသည်းနှင့် ကျောက်ကပ် လုပ်ငန်းဆောင်တာများသည်လည်း ပုံမှန်အတိုင်း ရှိနေကြောင်း ဆရာဝန်များက ပြောသည်။ 

အောက်တိုဘာ ၃ ရက်တွင် ကွန်လေးက သမ္မတသည် အလွန်ကောင်းစွာ တိုးတက်လာနေကြောင်းနှင့် လက်ရှိတွင် ကုသမှု တစ်စိတ်တစ်ပိုင်းအဖြစ် အောက်ဆီဂျင် ပေးထားရခြင်း မရှိတော့ကြောင်း ပြောသွားခဲ့သည်။ သို့သော် သမ္မတကို ဆေးရုံမတက်မီ အောက်ဆီဂျင် ပေးခဲ့ရသေးသလား ဆိုသည့် မေးခွန်းကို ၎င်းက ဖြေဆိုခဲ့ခြင်း မရှိပေ။ 

ထရမ့်၏ အခြေအနေနှင့်ပတ်သက်၍ ဤ ရှင်းလင်းချက် ထွက်ပေါ်ပြီးနောက် သမ္မတ၏ ကျန်းမာရေးနှင့်ပတ်သက်သည့် အကျွမ်းတဝင် သိသူတစ်ဦး (အိမ်ဖြူတော် အရာရှိချုပ် မာ့ခ် မီးဒိုးစ်ဖြစ်မည်ဟု နယူးယော့ခ်တိုင်းမ်က ဖော်ပြ) က ပြောကြားရာတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထရမ့်၏ အရေးကြီး ကိုယ်ခန္ဓာ အစိတ်အပိုင်းများက အလွန် စိုးရိမ်စရာ ကောင်းနေခဲ့ကြောင်းနှင့် နောက် ၄၈ နာရီသည် ၎င်းကို ကုသမှုပိုင်းနှင့်ပတ်သက်၍ အရေးကြီးလာလိမ့်မည်ဟု ပြောခဲ့သည်။ 

“ကျွန်တော်တို့ဟာ အပြည့်အဝ ပြန်လည်သက်သာကောင်းမွန်ဖို့ ရှင်းလင်းတဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ ရှိမနေသေးပါဘူး” ဟု ဤပုဂ္ဂိုလ်က ပြောသည်။ 

ယင်းကဲ့သို့ ပြောစကားများ ကွဲလွဲနေမှုကြောင့်လည်း ထရမ့်နှင့်ပတ်သက်၍ သတင်းအချက်အလက်ပေးနေသော ဆရာဝန်များဘက်က ထရမ့်၏ အခြေအနေနှင့်စပ်လျင်း၍ ပြောဆိုနေပုံနှင့်ပတ်သက်၍ မေးခွန်းများ ထွက်ပေါ်ခဲ့သည်။ 

အောက်တိုဘာ ၃ ရက် ညနေခင်းက Fox News နှင့် ပြောကြားခဲ့ရာတွင် မီးဒိုးစ်က “မနေ့ကတော့ ကျွန်တော်တို့ဟာ တကယ်ပဲ စိုးရိမ်ပူပန်ခဲ့ရပါတယ်၊ သူ့ (သမ္မတထရမ့်) မှာ အဖျား ရှိနေခဲ့တယ်၊ ပြီးတော့ သွေးတွင်းအောက်ဆီဂျင်လယ်ဗယ်ကလည်း မြန်မြန်ဆန်ဆန် ကျခဲ့တယ်” ဟု ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly