သယံဇာတ ခေါင်းပုံဖြတ်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးနှင့် ကျန်းမာရေးကို တရုတ်က ခြိမ်းခြောက်နေဟု အမေရိကန် ပြော

သယံဇာတ ခေါင်းပုံဖြတ်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးနှင့် ကျန်းမာရေးကို တရုတ်က ခြိမ်းခြောက်နေဟု အမေရိကန် ပြော

အောက်တိုဘာ ၅

တရုတ်ပြည်သူများသည် အဆိုးဆုံး သဘာဝပတ်ဝန်းကျင် သက်ရောက်မှုများကို ခံစားနေရသည့်ကြား တရုတ်နိုင်ငံသည် ၎င်း၏ ရပ်ဝန်းနှင့် လမ်းပိုင်း BRI စီမံကိန်းတစ်လျှောက်တွင် သဘာဝသယံဇာတများအပေါ် ကိုယ်ကျိုး ရှာ ခေါင်းပုံဖြတ်ခြင်းများဖြင့် ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

“ခိုးဖမ်းငါးဖမ်းလှေတာတွေကို လုံးဝ သည်းခံမှာ မဟုတ်ဘူးဆိုတဲ့ ပေါ်လစီကို တရုတ် ကွန်မြူနစ်ပါတီက ပြောဆိုနေပေမယ့် တရုတ်ရေယာဉ်တွေဟာ အခြားကမ်းရိုးတန်းနိုင်ငံတွေနဲ့ အချုပ်အခြာအာဏာနဲ့ တရားရေးစည်း မျဉ်းတွေကို ပုံမှန်ဆိုသလို ချိုးဖောက်နေပြီး ခွင့်ပြုချက် မရှိဘဲ ငါးဖမ်းတာတွေကို လုပ်ဆောင်နေတယ်။”ဟု ယင်း ဝန်ကြီးဌာနက ဆိုသည်။

‘တရုတ်၏ သဘာဝပတ်ဝန်းကျင် အလွဲသုံးစားမှု အချက်အလက်များ’ဆိုသည့် အစီရင်ခံစာ၌ “တရုတ်သည် ကမ္ဘာပေါ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု အများဆုံး၊ ရေပြင်အမှိုက်သရိုက် အပျက်အစီးများ စွန့်ပစ်မှု အကြီး မားဆုံး၊ တရားမဝင်သော၊ စည်းမျဉ်းမလိုက်နာသော ငါးဖမ်းမှုများ အကျူးလွန်ဆုံး၊ တောရိုင်တိရစ္ဆာန်နှင့် သစ်ထုတ်လုပ်ရေး မှောင်ခိုကုန်ကူးမှု အများဆုံးနိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ လုပ်ရပ်များကြောင့် အဆိုးဆုံး သော သဘာဝပတ်ဝန်းကျင် သက်ရောက်မှုများကို တရုတ်ပြည်သူများက ခံစားနေရချိန် တရုတ်သည် ၎င်း၏ ရပ်ဝန်းနှင့် လမ်းပိုင်း စီမံကိန်းတစ်လျှောက် သဘာဝပတ်ဝန်းကျင်ကို အလေးမထားဘဲ သဘာဝသယံဇာတများကို ကိုယ်ကျိုးရှာအမြတ်ထုတ်နေခြင်းဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ကျန်းမာရေးတို့ကို ခြိမ်းခြောက်နေကြောင်း။” ဖော်ပြထားသည်။

BRI စီမံကိန်းအကြောင်း ထပ်လောင်း ပြောဆိုချက်အဖြစ် “ယင်း စီမံကိန်းသည် တရုတ်အား ကျန်ကမ္ဘာနှင့် ကုန်တွင်းနှင့် ရေကြောင်း ကုန်သွယ်လမ်းကြောင်းများ ပိုမိုကောင်းမွန်ချောမွေ့အောင် မြှင့်တင်သည့် ကွန်ရက်အဖြစ် ဖန်တီးရန် ရည်ရွယ်သည် ဆိုသော်လည်း BRI စီမံကိန်းကို အကောင်အထည် ဖော်ရာ၌ သဘာဝပတ်ဝန်းကျင် လမ်းညွှန်ချက်များ၊ ဘေးကင်းလုံခြုံရေးစံနှုန်းများနှင့် အလုပ်သမားများ ကာကွယ်ရေးတို့ ချို့တဲ့ကြောင်း။” ယင်း အစီရင်ခံစာက ဆိုသည်။

“BRI စီမံကိန်းကြီး၏ ရန်ပုံငွေထောက်ပံ့သော စီမံကိန်းအများစုသည် နိုင်ငံတကာစံချိန်စံနှုန်းများနှင့် မပြည့်မီကြောင်း၊ စီမံကိန်းတွင် သဘောတူပါဝင်သည် နိုင်ငံများသည် စီမံကိန်းတစ်ရပ်အပြီး၌ ထိခိုက်နစ်နာသော အကျိုး ဆက်များ ကျန်ရစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ဘေးကင်းမှုသည် စီမံကိန်းကို ခွင့်ပြုသော အိမ်ရှင်နိုင်ငံများ၏ ဥပဒေပေါ် မှီတည်နေပြီး တရုတ်သည် ယင်းနိုင်ငံများကို ဖွံ့ဖြိုးသော စီးပွားရေး တည်မြဲမှုမှ ဝေးကွာစေ ကြောင်း။” အဆိုပါ အစီရင်ခံစာက ထပ်လောင်းဆိုသည်။

“တရုတ်၏ စုစုပေါင်း ကာဗွန်ထုတ်လွှတ်မှုသည် အမေရိကန်ထက် နှစ်ဆရှိပြီး တစ်ကမ္ဘာလုံး၏ သုံးပုံတစ်ပုံနီးပါး ရှိသည်။”ဟု ယင်းက ဖော်ပြသည်။

ယင်းအပြင် တရုတ်သည် တရားဝင်ရော၊ တရားမဝင်ပါ တောရိုင်းတိရစ္ဆာန်များ စားသုံးမှုတွင် ကမ္ဘာ့အကြီးဆုံး နိုင်ငံဖြစ်ပြီး တောရိုင်းတိရစ္ဆာန် မှောင်ခိုကုန်ကူးမှု END အက်ဥပဒေအရ ပစ်မှတ်ထားရသော နိုင်ငံအဖြစ် ရှိနေကြောင်း ယင်း အစီရင်ခံစာက ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly