မုန်တိုင်းနဲ့ ရေကြီးမှုတွေကြောင့် ပြင်သစ်နဲ့ အီတလီတို့ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်

မုန်တိုင်းနဲ့ ရေကြီးမှုတွေကြောင့် ပြင်သစ်နဲ့ အီတလီတို့ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်
Photo - AFP

 အောက်တိုဘာ ၅

ရေကြီးမှုကြောင့် တောင်ထူထပ်ရာ နယ်စပ်ဒေသက ကျေးရွာတွေနဲ့ အဆက်အသွယ် ပြတ်တောက်မှုတွေ ဖြစ်ပြီးနောက်မှာ ပြင်သစ်နဲ့ အီတလီ ကယ်ဆယ်ရေးအဖွဲ့တွေဟာ တနင်္ဂနွေနေ့မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို စတင်လုပ်ဆောင်ကြပါတယ်။ 

ဒီရေကြီးမှုတွေမှာ ပျက်စီးဆုံးရှုံးမှု များပြားပြီး အနည်းဆုံး လူ လေးဦး သေဆုံးတယ်လို့ သိရပါတယ်။ 

မိုးသက်မုန်တိုင်း တိုက်ခတ်တာ၊ မိုးသည်းထန်တာနဲ့ ရေကြီးမှုတွေ ဖြစ်ပွားတဲ့ အဲဒီ ဒေသက ပြင်သစ်ဖက်ခြမ်းမှာ သေကျေပျက်စီးမှုကို စာရင်းမကောက်နိုင်သေးဘဲ ရှိနေပါတယ်။ ခုလို မိုးသည်းထန်တာကြောင့် လမ်းတွေ၊ အိမ်တွေ ရေကြီးရေလျှံမှုဖြစ်ပြီး ရွာတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေပါတယ်။ မြေပြိုမှုတွေလည်း ဖြစ်ပွားကြောင်း သိရပါတယ်။ 

အီတလီက လီဂွါရီယာ ကမ်းရိုးတန်းအရပ်မှာ တနင်္ဂနွေနေ့က အရေးပေါ်ဌာနဟာ ရုပ်အလောင်း လေးလောင်း ရှာဖွေတွေ့ရှိကြောင်း ANSA သတင်းဌာနနဲ့ အခြား အီတလီ သတင်းဌာနတွေက ဖော်ပြပါတယ်။ 

ထို ရုပ်အလောင်းတွေက မည်သူမည်ဝါဖြစ်ကြောင်း သိရဖို့ အီတလီနဲ့ ပြင်သစ်အဖွဲ့တွေက အတူကြိုးစားနေပေမယ့် ခုလို သေဆုံးတာဟာ ရေကြီးမှုဘေးကြောင့်လား ဒါမှမဟုတ် အခြားတစ်ခုခုကြောင့် သေဆုံးတာလားဆိုတာ သေသေချာချာ မသိရသေးပါ။ 

ပြင်သစ် ကယ်ဆယ်ရေး လုပ်သားတွေက ရေကြီးမှုအတွင်း မျောပါသွားတယ်လို့ လူတွေက ပြောကြတဲ့ ပျောက်ဆုံးစာရင်းသွင်းထားသူ ရှစ်ဦးကို လိုက်လံရှာဖွေနေပါတယ်။ ပျောက်ဆုံးလား၊ သေဆုံးလားဆိုတာကို မသိရသေးတဲ့ အခြား ၁၂ ဦးလည်း ရှိနေပါတယ်။ 

အီတလီနယ်စပ်က ပြင်သစ်အပိုင် ရိုယာရွာမှာ အိမ်တွေဟာ ရွံ့တွေ ဖုံးလွှမ်းပြီး ကားတွေလည်း မြစ်ကြမ်းပြင်အောက် ရောက်ရှိသွားကြပါတယ်။ 

ရိုယာတောင်ကြားမှာ ရဟတ်ယာဉ်တွေ၊ စစ်သားတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ မီးသတ်သမား အင်အား ၁၀၀၀ လောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဇောက်ချလုပ်ဆောင်နေပြီး အသက် ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေသလို အိမ်တွေ နေလို့မရအောင် ပျက်စီးသွားသူတွေကိုလည်း အကူအညီ ပေးနေပါတယ်။ 

အဲလက်ဇ်မုန်တိုင်းဟာ ပြင်သစ်အနောက်ဖက် ကမ်းရိုးတန်းဆီ ကြာသပတေးနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး အီတလီ မြောက်ပိုင်းဆီ မဝင်ရောက်မီ ပြင်သစ်နိုင်ငံမှာ မိုးသက်လေပြင်းတွေ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာ ဖြစ်ပါတယ်။ 

“ကျွန်တော်တို့တွေ တော်တော်လေးကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။”လို့ စီရင်စုအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်တဲ့ ဘာနက်ဂွန်ဇာလက်ဇ်က ပြောပါတယ်။ အဆိုးဆုံး ဧရိယာတွေမှာဆိုရင် ၂၄ နာရီအတွင်း မိုးရေချိန် ၆၀ စင်တီမီတာ (နှစ်ပေ) အထိ ရွာသွန်းခဲ့တာ ဖြစ်ပါတယ်။ 

ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ အရန်မီးသတ်သမားတစ်ဦးနဲ့ ကားနဲ့အတူ ရေထဲ မျောပါသွားသူတစ်ဦးတို့ သေဆုံးတယ်လို့ အီတလီက တနင်္ဂနွေနေ့မှ အတည်ပြုပါတယ်။ 

ပြင်သစ်နိုင်ငံကလည်း လူနှစ်ဦး သေဆုံးတယ်လို့ ကြေညာခဲ့ပါတယ်။ ပထမတစ်ဦးက သိုးကျောင်းသားတစ်ဦးဖြစ်ပြီး သူ့ ရုပ်အလောင်းကို နယ်စပ်က မြစ်တစ်မြစ်ကမ်းပါးမှာ တွေ့တာ ဖြစ်ပါတယ်။ နောက်ထပ် သေဆုံးသူကိုတော့ ကားအတွင်းမှာ သေဆုံးနေတာကို တွေ့ရှိတာလို့ မီးသတ်ဌာနက နောက်ပိုင်းမှာ ကြေညာပါတယ်။ 

ဖြစ်ပွားရာ ဒေသကို သဘာဝဘေးဇုန်အဖြစ် ပြင်သစ်က ကြေညာထားပါတယ်။ 

နစ်မြို့ မြောက်ဖက်က လူဦးရေ ၁၄၀၀ ရှိတဲ့ စိန့်မာတင်ဗီဆူဘီကျေးရွာဟာ မုန်တိုင်းကြောင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ 

ကျေးရွာရင်ပြင်မှာ ညစ်ပတ်ပေကျံနေတဲ့ ခရီးသွားဧည့်သည်တွေနဲ့ ရွာသားတွေဟာ ရဟတ်ယာနဲ့ လာကယ်မှာကို စုရုံးစောင့်ဆိုင်းနေကြတယ်လို့ ခြေလျင်ရောက်ရှိသွားတဲ့ အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောပါတယ်။ 

“ကျွန်မရဲ့ သုံးထပ်အိမ်ဟာ မြစ်ထဲ မျောပါသွားပြီ။”လို့ အသက် ၆၂ နှစ်အရွယ် ရွာခံတစ်ဦးဖြစ်တဲ့ ဆန်ဒရာက ပြောပါတယ်။ “နံရံ အပိုင်းအစ အနည်းငယ်နဲ့ တံခါးတစ်ချပ်ပဲ ကျန်ခဲ့တယ်။”လို့ ရေကြီးမှုမှာ အိမ်ဆုံးရှုံးသွားခဲ့တဲ့ သူက ပြောပါတယ်။ 

နယ်မြေအနှံ့မှာ အရေးပေါ်အဖွဲ့တွေဟာ အစားအစာတွေ လိုက်လံဝေငှနေပြီး မုန်တိုင်းကြောင့် ဆက်သွယ်မှု ပြတ်တောက်သွားတဲ့ အစွန်အဖျားကျေးရွာတွေဆီ ရဟတ်ယာဉ်တွေပေါ်ကနေ ရေဘူး ထောင်ပေါင်းများစွာကို သွားရောက်ကြဲချပေးခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly