မာဒါဂါစကာမှာ မစမ်းသပ်ရသေးတဲ့ ကိုဗစ်-၁၉ ကုသဆေးတောင့်တွေကို ထုတ်ဖော် 

မာဒါဂါစကာမှာ မစမ်းသပ်ရသေးတဲ့ ကိုဗစ်-၁၉ ကုသဆေးတောင့်တွေကို ထုတ်ဖော် 
Photo - AFP

အောက်တိုဘာ ၅

မာဒါဂါစကာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်တယ်ဆိုတဲ့ ဆေးတစ်မျိုးကို သမ္မတ အန်ဒရီ ရာဂျိုလီနာက အောက်တိုဘာ ၂ ရက်မှာ ထုတ်ဖော်ခဲ့ပါတယ်။  

ဒီဆေးကတော့ ကိုရိုနာဗိုင်းရပ်စ်အတွက် ကုထုံးတစ်ခုဖြစ်တယ်ဆိုပြီး သမ္မတ ရာဂျိုလီနာကိုယ်တိုင် အမွှမ်းတင်ထားတဲ့ ဆေးဖက်ဝင်အပင်နဲ့ဖော်စပ်ထားတဲ့ သောက်သုံးစရာဆေးရည်တစ်မျိုးကို ဆေးတောင့်ပုံစံ ဗားရှင်းနဲ့ ထုတ်ထားတာဖြစ်ပါတယ်။ 

ဒီ “Covid-Organics” ဆေးရည်ကိုတော့ ငှက်ဖျားရောဂါ တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေ ရှိတဲ့ အပင်တစ်မျိုးဖြစ်တဲ့ artemisia သစ်နံကိုင်းနဲ့ အခြား တိုင်းရင်းဆေးဖက်ဝင်အပင်တွေကနေ ထုတ်လုပ်ရရှိထားတာဖြစ်ပါတယ်။ 

အဆိုပါ ဆေးဖက်ဝင် ဆေးရည်ရဲ့ အကျိုးရလဒ်တွေနဲ့ပတ်သက်လို့ သိပ္ပံနည်းကျ စမ်းသပ်ရသေးခြင်း မရှိသလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ယင်းဆေး အသုံးပြုမှု၊ ဖြန့်ဖြူးမှုတို့အပေါ် သတိပေးမှုတွေ ထုတ်ပြန်ထားခဲ့ပါတယ်။ 

“ဒီနေ့မှာတော့ သစ်နံကိုင်းပင် နဲ့ ရာဗင့်ဆာရာ အပင်တို့ရဲ့ အဆီအနှစ်တွေ ပါတဲ့ ဆေးတောင့်တွေကို တစ်ကမ္ဘာလုံးအတွက် ကျွန်တော်တို့ ထုတ်ဖော်လိုက်ပါပြီ၊ ပြည်တွင်း ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်တဲ့ ရာဗင့်ဆာရာ အပင်ရဲ့ ကောင်းကျိုးတွေကိုလည်း ကမ္ဘာတစ်ဝန်း အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်” လို့ သမ္မတ ရာဂျိုလီနာက ပြည်တွင်း ဆေးဝါးထုတ်ကုမ္ပဏီ Pharmagalasy က ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ကြေညာသွားခဲ့ပါတယ်။ 

“ဆေးဖက်ဝင် ဆေးရည်တွေကို သောက်ဖို့ အခက်အခဲ ရှိနေသူတွေအနေနဲ့ ခုချိန်မှာ ဒီ CVO+ ဆေးတောင့်တွေကို သောက်နိုင်ပါပြီ၊ ဒါတွေကို ကမ္ဘာတစ်ဝန်း ရောင်းချပေးသွားမှာပါ” လို့လည်း ၎င်းက မြို့တော် အန်တာနာနာရီဗိုရဲ့ ပြင်ပ Pharmagalasy စက်ရုံမှာ ပြုလုပ်တဲ့အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။ 

အဆိုပါ ဆေး ထုတ်ဖော်မှုမှာတော့ WHO ရဲ့ ဌာနေ ကိုယ်စားလှယ် ချာလော့တ် ဖက်တီ အန်ဒီယာယီက မာဒါဂါစကာ သမ္မတကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအပေါ် တိုက်ဖျက်တဲ့ တိုက်ပွဲမှာ ဦးဆောင်ပါဝင်မှုအတွက် ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ 

ဆေးဖက်ဝင် အပင်နဲ့ ဆိုင်တဲ့ အလားအလာရှိ ကိုရိုနာဗိုင်းရပ်စ် ကုသနည်းတွေနဲ့ပတ်သက်လို့ စနစ်တကျ လေ့လာစမ်းသပ်မှုတွေ လုပ်ရာမှာ သိပ္ပံပညာရှင်တွေကို အကူအညီဖြစ်စေမယ့် ဂိုက်လိုင်းတွေကို ကုလအဖွဲ့က မကြာသေးမီက အတည်ပြုပေးခဲ့ပါတယ်။ 

မာဒါဂါစကာ သမ္မတ ရာဂျိုလီနာကတော့ ၎င်းတို့နိုင်ငံရဲ့ သဘာဝအရင်းအမြစ်တွေ၊ ကျွမ်းကျင်မှုတွေဟာ သမိုင်းကို ပြောင်းလဲစေနိုင်တယ်ဆိုပြီး ကြွားလုံးထုတ်သွားခဲ့သလို Covid-Organics ဆေးဟာလည်း နိုင်ငံအတွက် ဂုဏ်ယူစရာ ရင်းမြစ်တစ်ခုဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။ 

မာဒါဂါစကာရဲ့ လူဦးရေ ၂၆ သန်းအနက် လေးပုံ တစ်ပုံကျော်ကတော့ လက်ရှိအချိန်မှာ အဆိုပါ ကိုဗစ်-၁၉ ကုသနိုင်တယ်ဆိုတဲ့ ဆေးဖက်ဝင်အပင်ထုတ် ဆေးရည်တွေကို သောက်သုံးထားပြီးပြီလို့ အစိုးရ ကိန်းဂဏန်းတွေက ပြသနေပါတယ်။ နောက်ပြီး လက်ကျန်ပစ္စည်းအနေနဲ့ ဆေးပုလင်း ကိုးသန်းအထိ ကျန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

ဒါပေမယ့်လည်း အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းနိုင်ငံမှာတော့ ပြီးခဲ့သည့် အပတ်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း နှေးကွေးခဲ့တယ်ဆိုပေမယ့် ယင်းနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆,၄၀၀ နဲ့ သေဆုံးသူ ၂၃၂ ဦးအထိ ရှိထားပါတယ်။ 

Pharmalagasy ကုမ္ပဏီကတော့ တစ်နေ့ကို CVO+ ဆေးတောင့် ၃၂,၀၀၀ ထုတ်လုပ်နိုင်စွမ်း ရှိပြီး သိုလှောင်ထားတဲ့ လက်ကျန်ပစ္စည်းအနေနဲ့ ဆေးတောင့် ၂၇၅ သန်း ရှိတယ်လို့ သိရပါတယ်။ 

ဒီ ဆေးတွေ ဘယ်အချိန်မှာ ရောင်းချမလဲ ဆိုတာကိုတော့ သမ္မတ ရာဂျိုလီနာက ထုတ်ဖော်ခဲ့ခြင်း မရှိပါဘူး။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly