မဲဆွယ်စည်းရုံးစဉ် မူးယစ်ဆေးစစ်တာကို ကယားပါတီကြုံရ

မဲဆွယ်စည်းရုံးစဉ် မူးယစ်ဆေးစစ်တာကို ကယားပါတီကြုံရ
ဓာတ်ပုံ - စောသန်းထိုက်ဦး

အောက်တိုဘာလ ၄ ရက် ၂၀၂၀

ကယားပြည်နယ်အတွင်း ပါတီ မဲဆွယ် စည်းရုံးရေးများ ပြုလုပ်နေစဉ် မူးယစ်ဆေးစစ်ဆေးခြင်းနှင့် လူဦးရေ အစီရင်ခံစာတင်ခိုင်းခြင်းများ ပြုလုပ်နေကြောင်း  ကယား ပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) က ပြောသည်။

ပါတီ ပြောရေး ဆိုခွင့်ရှိသူ စိုင်းနိုင်နိုင်ထွေးက မဇ္ဈိမသို့ ပြောကြားရာတွင်  အောက်တိုဘာလ ၁ ရက်နေ့က လွိုင်လင်လေး ကျေးရွာ အုပ်စု ဝမ့်ကုန်းကျေးရွာတွင် ကား သုံးစီးဖြင့် မဲဆွယ် စည်းရုံးနေစဉ် မူးယစ်ဆေး ဝါးသယ် ဆောင်နေသည်ဟုဆိုကာ ရဲများ၏ စစ်ဆေးခြင်းကို ခံခဲရသည်ဟု ဆိုသည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

ထို့အပြင် စက်တင်ဘာလ နောက်ဆုံးအပတ်ကလည်း လွိုင်လင်လေး ကျေးရွာ အောင်မင်္ဂလာ ရပ်ကွက် ထဲတွင် ၎င်းပါတီမှ လူငယ်များစုပြီး ဘောလုံးကန်နေစဉ် ရဲများက လောင်းကစားကို အကြောင်းပြပြီး လာရောက် ဖမ်းဆီးမှုတွေ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

 မဲဆွယ် စည်းရုံးရာတွင် ပါဝင်သူများကိုယ်တိုင် လက်မှတ်ရေးထိုးကာ လူဦးရေစာရင်းကို မြို့နယ် အုပ်ချုပ်ရေးမှူးထံ အစီရင်ခံစာတင်ပြရမည်ဆိုသော တောင်းဆိုမှုကိုလည်း ကြုံနေရသည်ဟု ဆိုသည်။

သူတို့ကို ဦးတည်ကာ စိတ်အနှောက်အယှက်ပေးသည်ဟု ပါတီတာဝန်ရှိသူများက ယုံကြည်နေကြသည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

ပါတီပြောရေးဆိုခွင့်ရှိသူ စိုင်းနိုင်နိုင်ထွေးက “ ကန်ပိန်းကာလ  ထိန်းချုပ်မှု ဆိုတာတော့ ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ထုတ်ပြန် ကြေညာ ရမှာ ဖြစ်တယ်။ ရွေးကောက်ပွဲ ကော်မရှင်က ဘာမှ ထုတ်ပြန်ကြေညာချက် မရှိတာကို အုပ်ချုပ်ရေးက လုပ် တယ်ဆိုတော့ ဒါတော့ နည်းနည်း တရားလွန်တယ်လို့ ပြောချင်တယ်”ဟု  ပြော သည်။

ကယား ပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) လွိုင်ကော်မြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် ( ၁ ) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် စတီဗင် ( ခ ) ထွန်းထွန်းက “ အဲဒီအပေါ်မှာ ကျနော်တို့ ဘာမှ မဖြစ်ဘူး လုပ်စရာရှိတာ ဆက်လုပ်မယ်။ တကယ်လို သိပ်ပြီးတော့ တရားလွန်လာမယ်ဆိုရင်တော့ ကျနော်တို့ကတော့ UEC ( ရွေးကောက်ပွဲ ကော်မရှင် ) ကိုပဲ တိုင်ကြားမှာပဲ ဖြစ်ပါတယ်” ဟု  ပြောသည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

  ၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ် လွိုင်ကော် ၊ ဒီးမော့ဆို မြို့ နယ်၊ ဖရုးဆိုမြို့နယ်၊ မယ့်စဲမြို့ နယ်၊ ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်တို့တွင် မဲဆန္ဒ နယ် ၃၀ ကို KySDP ပါတီ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly