ကျောင်းသားများ အစာငတ်ခံဆန္ဒပြမှု ရပ်ဆိုင်းဖို့ NLDမေတ္တာရပ်ခံ

ကျောင်းသားများ အစာငတ်ခံဆန္ဒပြမှု ရပ်ဆိုင်းဖို့ NLDမေတ္တာရပ်ခံ
အစာငတ်ခံ ဆန္ဒပြနေသည့် ကျောင်းသား ကိုအောင်မိုင်းဆန်း ။ ဓာတ်ပုံ - မလဲ့လဲ့နွယ်ဖေ့စ်ဘုတ်

နေပြည်တော်၊ နိုဝင်ဘာ ၁၄ ။ ။ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်ပေးရန် အစာငတ်ခံဆန္ဒပြနေမှုကြောင့် ကျန်းမာရေးဆိုးရွာလာကာ ရန်ကုန်ဆေးရုံကြီးတွင် ရောက်ရှိနေသော သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းထံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က နိုဝင်ဘာ ၁၄၊ ည ၇နာရီခွဲတွင် လာရောက်တွေ့ဆုံသည်ဟု ကိုအောင်မှိုင်းဆန်း၏ ဇနီးဖြစ်သူ မလဲ့က ပြောသည်။

အစာငတ်ခံဆန္ဒပြနေသည်မှာ ၂၃ရက်ကြာနေပြီဖြစ်သော ကိုအောင်မှိုင်းဆန်းထံ ဦးဝင်းထိန် လာရောက်တွေ့ဆုံမှုသည် အဆိုပါ အစာငတ်ခံဆန္ဒပြမှုကို ရပ်ဆိုင်းရန် လာရောက် မေတ္တာရပ်ခံခြင်း ဖြစ်သည်။

“အစာငတ်ခံတိုက်ပွဲဝင်နေမှုကို ရပ်တန့်ပေးဖို့ပေါ့နော်။ အကူးအပြောင်းကာလတစ်ခုမှာ သူတို့ စိုးရိမ်တယ်ပေါ့။ အဲ့ဒီအတွက် ဒီတိုက်ပွဲကို စဉ်းစားပြီးတော့မှ ဆက်လုပ်စေချင်တယ်ပေါ့။ ရပ်ဖို့ အမိန့်ပေးတာမဟုတ်ဘဲ သူတို့အနေနဲ့ မေတ္တာရပ်ခံတာလို့ ပြောတယ်” ဟု ဦးဝင်းထိန်လာရောက်စဉ် ဆေးရုံတွင် ရှိနေသည့် ဗ.က.သမှ ကိုအောင်သူရက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)သည် ရွေးကောက်ပွဲအနိုင်ရလဒ်များအရ အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်သည့်အနေအထား ရရှိနေချိန် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်က အစာငတ်ခံဆန္ဒပြနေသော သပိတ်မှောက်ကျောင်းသား ကိုအောင်မှိုင်းဆန်းထံ သွားရောက်တွေ့ဆုံခြင်း ဖြစ်သည်။

လက်ရှိတွင် ကိုအောင်မှိုင်းဆန်းအပါအဝင် သပိတ်မှောက်ကျောင်းသား(၃)ဦးမှာ ရန်ကုန်ဆေးရုံတွင် ရောက်ရှိကာ ဆေးစစ်ဆေးမှု ခံယူနေရသည်။

အစာငတ်ခံဆန္ဒပြမှုရပ်ဆိုင်းရန် NLD၏ မေတ္တာရပ်ခံမှုအပေါ် ကိုအောင်မှိုင်းဆန်းက ယတိပြတ်အဖြေမပေးသေးဘဲ “အတိုင်းအတာတစ်ခုထိ အကောင်းဆုံးတိုက်ပွဲဝင်သွားမယ်လို့တော့ ကိုအောင်မှိုင်းဆန်းက ပြန်ပြောလိုက်တယ်” ဟု ကိုအောင်သူရက ပြောပြသည်။

ကိုအောင်မှိုင်းဆန်းသည် လက်ရှိတွင် ဆေးစစ်ဆေးမှုကိုသာ ခံယူသော်လည်း ဆေးကုသမှုကိုမူ လုံးဝ ခံယူခြင်း မရှိဟု သိရသည်။

“သူ(ကိုအောင်မှိုင်းဆန်း)က အားလုံးကို အစွန်းဆုံ ပိုင်းဖြတ်ထားတဲ့သဘောရှိတယ်။ ဆေးကုသမှုလည်း မခံယူဘူး” ဟု ဗ.က.သ ကျောင်းသားတစ်ဦးက မဇ္ဈိမကို ပြောသည်။

ကိုအောင်မှိုင်းဆန်းအပါအဝင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသား၊ ကျောင်းသူများမှာ လက်ရှိပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် သပိတ်မှောက်တောင်းဆိုမှုကြောင့် ၂၀၁၅ခုနှစ်၊ မတ်လ ၁၀ရက်တွင် ပဲခူးတိုင်း၊ အနောက်ခြမ်းရှိ လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့၏ အင်အားသုံးဖြိုခွင်းခြင်းခံရကာ ဖမ်းဆီးခံကြရသည်။

ယင်းနောက် သာယာဝတီထောင်တွင် ဖမ်းဆီးခြင်း ခံရပြီး ကိုအောင်မှိုင်းဆန်းက နိုင်ငံရေးအကျဉ်းသားများလွတ်ပေးရန် အစာငတ်ခံဆန္ဒပြတောင်းဆိုနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags