ပေါက်တောတွင် ကိုဗစ်-၁၉ လူနာ ၁ ဦး ကွယ်လွန်

အောက်တိုဘာ ၄

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ကိုဗစ်-၁၉ လက္ခဏာများဖြင့် မြို့နယ်ဆေးရုံသို့ရောက်ရှိလာပြီးမကြာမီတွင် ကွယ်လွန်သွားပြီးနောက် စစ်ဆေးမှုပြုလုပ်ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း ဆရာဝန်များက အတည်ပြု ပြောကြားလိုက်သည်။

မြို့နယ်ဆရာဝန် ဒေါက်တာကိုကိုအောင်က “ဆေးရုံကို ၁၂ နာရီလောက်မှာ ရောက်လာတယ်။ ဖျားတာတော့ သုံးရက်လောက်ရှိပြီလို့ နောက်မှသိရတာ။ အသက်ရှုကျပ်တယ်ဆိုပြီး ရောက်လာတာ။ ရောက်လာပြီးတော့ ဆေးရုံမှာ သုံး နာရီခွဲပဲကြာခဲ့တယ်။ ပြီးတော့ ဆုံးသွားတာ။”ဟု ပြောသည်။

သေဆုံးသွားသည့် လူနာမှာ ပေါက်တောမြို့ အမှတ်(၄) ရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသေဆုံးသွားပြီးနောက် နှာခေါင်းနှင့် အာခေါင်တို့ဖတ်တို့ကို စစ်ဆေးခဲ့ရာ နောက်တစ်နေ့ တွင် ကိုဗစ်ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဖျားနာခြင်း၊ အသက်ရှုရခက်ခြင်း လက္ခဏာများဖြင့် ပေါက်တောဆေးရုံသို့ ရောက်ရှိလာပြီး ယင်းနေ့ ညနေ ၃ နာရီခန့်တွင် သေဆုံးသွားခြင်းဖြစ်သည်။

၎င်းသေဆုံးချိန်တွင် ကိုဗစ်လက္ခဏာများတွေ့ရှိခဲ့ရသဖြင့် မိသားစုဝင်များအပါအဝင် နာရေးသို့ လိုက်ပါပို့ဆောင်သူများအား PPE ဝတ်စုံများဝတ်ဆင်ကာ ကြိုတင်ကာကွယ်လုပ်ငန်းများလုပ်ကိုင်ခဲ့ပြီး ထိတွေ့ခဲ့သူများကိုလည်း ကွာရန်တင်းဝင်ရန် စီစဉ်ထားကြောင်း ပေါက်တောဆေးရုံတာဝန်ရှိသူက ပြောသည်။

ယခုသေဆုံးမှုသည် ပေါက်တောတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ နှစ်ဦးမြောက်ဖြစ်လာခဲ့သည်။  စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း သေဆုံးပြီးမှ ကိုဗစ်လူနာဖြစ်ကြောင်းသိခဲ့ရသူ ကျောက်တော်မြို့နယ်မှ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးလည်း ရှိခဲ့သည်။

လက်ရှိတွင် ပေါက်တောမြို့နယ်မှ တစ်ဦးအပါအဝင် ရခိုင်ပြည်နယ်အတွင်းတွင် ကိုဗစ်သေဆုံးလူနာ ငါးဦးအထိရှိလာနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် ၃၇၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အောက်တိုဘာလ ၃ ရက်နေ့ ည ၈ နာရီအချိန်ထိ ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly