ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ကို အိုဘားမား အားပေးစကား ပြော

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ကို အိုဘားမား အားပေးစကား ပြော
Photo - AFP

အောက်တိုဘာ ၄

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မယ်လန်နီယာတို့ကို သမ္မတဟောင်း ဘရက်ခ် အိုဘားမားက အောက်တိုဘာ ၂ ရက်မှာ အားပေးထောက်ခံကြောင်း သတင်းစကား ပေးပို့ခဲ့ပါတယ်။

သမ္မတဟောင်း အိုဘားမားကတော့ ၎င်းနဲ့ ထရမ့်အကြားက နိုင်ငံရေးဆိုင်ရာ တိုက်ခိုက်စစ်ထိုးမှုတွေ၊ ခါးသီးတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြိုင်ဆိုင်မှုတွေကို ဘေးဖယ်ထားပြီးတော့ လက်ရှိအချိန် ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ သမ္မတ ထရမ့်နဲ့ ဇနီးတို့ အမြန်ဆုံး ပြန်လည်သက်သာကျန်းမာလာစေဖို့ ဆန္ဒပြုဆုမွန်ကောင်းတောင်းပေးခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ ကြီးမားတဲ့ နိုင်ငံရေး တိုက်ပွဲတစ်ခုအတွင်းမှာ ရှိနေကြတယ်ဆိုပေမယ့်လည်း ဒီကိစ္စကိုတော့ ကျွန်တော်တို့ အထူးပဲ အလေးအနက် ထားပါတယ်၊ အမေရိကန်နိုင်ငံရဲ့ သမ္မတနဲ့ သမ္မတ ကတော်တို့ အမြန်ဆုံး ကျန်းမာစေဖို့ ကျွန်တော်တို့ ဆုမွန်ကောင်းတောင်း ဆန္ဒပြုချင်ပါတယ်” လို့ အိုဘားမားက ဒုသမ္မတလောင်း ကမ်မလာ ဟားရစ်နဲ့အတူ လုပ်ခဲ့တဲ့ ရန်ပုံငွေရှာဖွေမှု အခမ်းအနားတစ်ခု စတင်ချိန်မှာ ပြောခဲ့ပါတယ်။

“သမ္မတနဲ့ သမ္မတကတော်အပြင် အမေရိကန် တနိုင်ငံလုံးမှာ ဒီ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခံစားထားရတဲ့ အခြားသူတွေအားလုံး လိုအပ်တဲ့ ကုသစောင့်ရှောက်မှုတွေ ရစေဖို့၊ အလျင်အမြန် ပြန်သက်သာနိုင်ကြစေဖို့ ကျွန်တော်နဲ့ မီရှဲလ်တို့က မျှော်လင့်ဆန္ဒပြုပါတယ်” လို့ အိုဘားမားက ပြောပါတယ်။

“ကျွန်တော်တို့အားလုံးဟာ အမေရိကန်နိုင်ငံသားတွေပါ၊ ပြီးတော့ ကျွန်တော်တို့အားလုံးဟာ လူသားတွေပါ၊ ဒါကြောင့် အားလုံး ကျန်းမာစေဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်” လို့ အိုဘားမားက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required