ကိုဗစ်-၁၉ ကို မြန်မာပြည်မှာ ဘယ်လိုတွန်းလှန်နေလဲ

အောက်တိုဘာ ၃၊ ၂၀၂၀

မြန်မာပြည်တွင် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးကို အထူးသတင်းထောက် ကိုစိုးရာဇာထွန်းက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ကိုဗစ်-၁၉ ကပ်ရောဂါကို တွန်းလှန်ဖို့ မတ်လကနေစပြီး အခုထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ လွတ်လပ်ရေးနေ့ ညစာစားပွဲမှာစပြီးတော့ ညတွင်းချင်းပဲ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနနဲ့ ရောဂါနှိမ်နှင်းရေးဌာနက ဒုချုပ်တို့၊ ညွှန်မှူး သူတို့အဖွဲ့ကို အထူးသဖြင့် လေဆိပ်တွေမှာ ကျန်းမာရေး စစ်ဆေးတာတို့ လုပ်တယ်။ (တရုတ်နိုင်ငံ) ဝူဟန်က တဖြည်းဖြည်း ပိုဆိုးလာတယ်။ ၈ ရက်၊ ၁ လပိုင်းမှာလည်းပဲ အမြဲတမ်းအတွင်းဝန် ဦးဆောင်ပြီးတော့ ဝူဟန်နဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ နယ်စပ်ဖြတ်ကျော် ကူးစက်နိုင်တဲ့ ရောဂါတွေအကြောင်း ဆွေးနွေးတယ်။ ကျွန်တော်တို့ ကျန်းမာရေး အသိမြှင့်တင်ရေးဘက်ကလည်း ဒီဘာမှန်း မသိတဲ့ရောဂါ၊ တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာကို ကြားတယ်။ ကျွန်တော်တို့ဆီမှာ ဒီဇင်ဘာ၊ ဇန်နဝါရီ တုပ်ကွေးရာသီလည်း မပြီးသေးဘူးပေါ့။ အဲဒီတော့ ကျွန်တော်တို့က ဆောင်းရာသီမှာ သိရမယ့်၊ လိုက်နာရမယ့် အချက်များ၊ လက်ဆေးတာတို့၊ ခပ်ခွာခွာ နေတာတို့၊ နှာစီးချောင်းဆိုးတဲ့အခါမှာ အုပ်ဆိုးတာတို့၊ အဲ့ဒါတွေ ထုတ်ပြန်ခဲ့တယ်ခင်ဗျာ။  

ဇန်နဝါရီ ၂၀ ဝန်းကျင်လည်းရောက်ရော အ‌ခြေအနေဆိုးတဲ့ အနေအထား ရောက်လာတယ်။ လူကိုလူချင်း ကူးစက်တယ်ဆိုတဲ့ သတင်းထွက်လာလာပြီ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကတော့ အဲဒီ အချိန်အထိ တိရိစ္ဆာန်ကနေ လူကိုကူးတဲ့သဘောမျိုးပဲ ပြောနေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အဲဒီအချိန် ဝူဟန်လေကြောင်းတွေ ရပ်တာတို့၊ ဒီဟာကို ဘယ်လို စမ်းသပ်နိုင်မလဲ ဆိုတာတို့၊ အဲဒီအချိန်မှာ ပြည်သူလူထုကို ကျန်းမာရေးအသိပညာ ပေးတာတို့ အများကြီး လုပ်ရတာပေါ့နော်။ ဒီလို စောင့်ကြည့်တဲ့ကာလမှာပဲ ဝန်ကြီးဌာနကနေ နေ့စဉ်အစည်းအဝေး လုပ်တယ်။ ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီးတော့ တိုင်းနဲ့ ပြည်နယ်မှာ ဆေးရုံကုတင် ပြင်ဆင်နိုင်မှု၊ ကိုယ့်စနစ်ကို မြှင့်တင်မယ်ဆိုပြီးတော့ ရောဂါရှာဖွေတဲ့ စနစ်တွေ၊ ရောဂါတုံ့ပြန်ထိန်းချုပ်တဲ့ စနစ်တွေ၊ ဆေးရုံပိုင်းဆိုင်ရာ ကုသရေးစနစ်တွေ အဲ့ဒါ နေ့စဉ်အစည်းအဝေး လုပ်တယ်။ Video conference (အွန်လိုင်းဗီဒီယိုမှတဆင့် ပြုလုပ်သောအစည်းအဝေး) စနစ် ရလာတဲ့အခါ ပြည်နယ်တိုင်းဦးစီးမှူးတွေနဲ့ meeting (အစည်းအဝေး) လုပ်တယ်။ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်တွေရှိတယ်။ အားလုံးပေါင်းလိုက်ရင် ၆၀၀ ကျော်လောက် ရှိတယ်။ အဲဒီစနစ်တွေ လိုက်ပြီး အကောင်အထည် ဖော်ရတာပေါ့နော်။  

System (ကျန်းမာရေးဝန်ဆောင်မှုစနစ်) ကတော့ အဲဒီအချိန်က prepare (ပြင်ဆင်) လုပ်ထားနိုင်တဲ့သဘော ရှိတယ်။ စစ်ဆေးနိုင်တဲ့ သဘောက ကျွန်တော်တို့မှာ စက်တွေရှိတယ်။ ဘာလို့လဲဆိုတော့ ဒီရောဂါကို စစ်ဆေးနိုင် တဲ့ အနေအထားကို ပြင်ဆင်ရတာပေါ့ဗျာ။ ကျနော်တို့ အမျိုးသားဓာတ်ခွဲခန်းက တော်တော်ကြိုးစားတဲ့ အခါကျတော့ နိုင်ငံတကာ ဓာက်ခွဲအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီးတော့ ဒီရောဂါကို ဘယ်လိုစမ်းသပ်ဆေးစစ်လို့ ရမလဲဆိုတာ ဆောင်ရွက်ရတယ်။  

တစ်ဖက်က ကုသရေးဆိုင်ရာ ကော်မတီကလည်း တရုတ်ပြည်နဲ့  ဆက်သွယ်တဲ့အခါ အတွေ့အကြုံ ဖလှယ်တာပေါ့။ ဝူဟန်က အခြေအနေကို WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) ကို တင်ပြရတဲ့ အပိုင်းတွေ ရှိတယ်။ ကုသရေးနဲ့ ပတ်သက်တဲ့  information (သတင်းအချက်အလက်) တွေ အကုန်ရတယ်။ WHO ကလည်း အဲဒီအချိန်မှာ Guideline (လမ်းညွှန်ချက်) တွေထုတ်တယ်။ အဲဒီကနေ ကျွန်တော်တို့ စတင်ဆေးတဲ့ အစီအစဉ် စတင်တယ်။  

ကျွန်တော်တို့ ကံကောင်းစွာနဲ့ သင်္ကြန်နဲ့ တိုက်ဆိုင်တဲ့ ကာလဖြစ်တယ်။ တစ်ဖက်ကလည်း ကိုဗစ် ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးဗဟိုကော်မတီ နိုင်ငံတော်အတိုင်ပင်ခံ ဦးဆောင်ပြီး ပေါ်လာတယ်။ ပြီးတော့လည်း နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ပြည်သူလူထုကို လိုက်နာဖို့ ရှေ့ဆုံးကနေ ပြောကြားပေးတယ်။ ဒီလိုမျိုး နိုင်ငံတော်ရဲ့ ပံ့ပိုးမှု၊ တဖက်ကလည်း ပြည်သူတွေရဲ့ လိုက်နာမှုပေါ့။  

လူတွေက အလိုလိုနေရင်း Stay at Home ဖြစ်သွားတယ်။ Stay at Home လုပ်လေလေ ဒီရောဂါကို အမြန်ဆုံး ထိန်းချုပ်နိုင်လေလေပဲ။ Stay at Home လုပ်လည်း နောက်ဆက်တွဲ စီးပွားရေး၊ လူမှုရေးထိတော့ အကြာကြီး တော့ မလုပ်နိုင်ကြဘူးပေါ့။ ဘတ်ဂျက်တွေလည်း ရပါတယ်။ ၂၈၇ ဘီလီယံလောက် ဆေးနဲ့ဆေးပစ္စည်းတွေ ပေးဖို့ပေါ့နော်။ နိုင်ငံတကာ အကူအညီဆိုရင် ဂျာမနီက ၁၀ သန်း။ အခု အဲဒီပရောဂျက် စလာတဲ့ အကျိုးက အခုခံစား ရပြီပေါ့နော်။ မနေ့ကပဲ ventilator (အသက်ရှူအကူစက်) အလုံး ၄၀ ရောက်လာတယ်။ မကြာခင် အလုံး ၇၀ ရောက်မယ်။ ventilator အလုံး ၁၁၀ ဆိုတာ နည်းနည်းနောနော အင်အားမဟုတ်ဘူး။ ငွေရေးကြေးရေးအရလည်း တန်ဖိုးအရမ်းကြီးတယ်။ ဒါတွေ ကျွန်တော်တို့ ပြင်ဆင်ထားခဲ့တယ်။   

မေး။ ။  Q (ကွာရန်တင်း) လုပ်ငန်းစဉ်တွေက ဘာတွေလဲ။ ဘာဖြစ်လို့ လူပေါင်း သုံး၊ လေး၊ ငါးသောင်းကို Q လုပ်ရတာလဲ။ သူတို့ကို နှာခေါင်းတို့ဖတ်တို့ ယူစစ်ဆေးမှုတွေရော လုပ်လား။ သူတို့တွေ အကုန်လုံးဟာ COVID- 19 ဖြစ်တဲ့သူတွေလား။

ဖြေ။ ။ လက်ရှိကာလမှာ Q လို့ သတ်မှတ်တဲ့လူတွေဟာ case (ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရသူ) နဲ့ လူတွေနဲ့ထိတွေ့တဲ့ လူတွေ။ လက်ရှိ အနေအထားကလည်း သိတဲ့အတိုင်းပေါ့နော်။ ၁၀ ကနေ အဆ ၂၀ မြန်တယ်ဆိုတော့ ထိတွေ့မှု ရှိတာနဲ့တင် ကူးစက်နှုန်း ဖြစ်တယ်ပေါ့။ လူတစ်ယောက်က တစ်ယောက်နဲ့ ဘယ်လောက်ကြာကြာ ထိတွေ့ခဲ့လဲ။ ဘယ်လောက် နီးနီးကပ်ကပ် နေခဲ့လဲ။ ပြီးတဲ့အခါကျတော့ အကာအကွယ်မပါဘဲနဲ့ ဘယ်လောက်ထိတွေ့ခဲ့လဲပေါ့နော်။ ဒါမျိုးတွေ ပြန်စဉ်းစားတဲ့အခါမှာ ထိတွေ့မှုလည်း ကြာတယ်။ အကာအကွယ်လည်း မပါဘူး။ အလွန်နီးကပ်တဲ့ အနေအထားလည်း ရှိတဲ့လူတွေကို primary contact (ပထမဆုံးထိတွေ့သူ) တွေကို ခေါ်တယ်။  

Primary contact သဘောက ရောဂါပိုး အင်မတန်မှ ကူးစက်ဖို့ အခွင့်အရေးများတဲ့ သူတွေပေါ့။ ဒီလိုလူတွေကို စစ်ဆေးရတာပေါ့ဗျာ။ အားလုံးကောင်းဖို့အတွက် သူ့ကို Q ထည့်ထားရတာမျိုးပေါ့နော်။ ကျွန်တော်တို့က Q ကာလကို အရင်တုန်းက လက်ရှိထိပေါ့နော်။ လက်ရှိ ရန်ကုန်တိုင်း ဒေသကြီးမှာဆိုရင် ခုနှစ်ရက် ထားတယ်။ ရောဂါလက္ခဏာ အခြေအနေ စောင့်ကြည့်တယ်။ အဲဒီအပြင် နောက်ထပ် ခုနှစ်ရက် အိမ်မှာနေရတယ်။  

ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်ဆိုရင်တော့ ၁၄ ရက်။ ၁၄ ရက်က ဘာကြောင့် ထားရလဲဆိုရင် ရောဂါလက္ခဏာ မပြတဲ့လူတစ်ယောက်က ရောဂါလက္ခဏာ ပြဖို့အတွက် နှစ်ရက်ကနေ ၁၄ ရက်အထိ ရှိတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Q တွေ ဆောင်ရွက်ခြင်းသည် ဝန်ကြီးဌာန အတွက်လည်း မဟုတ်ဘူး၊ ပြည်သူတွေအတွက်ကိုပဲ ဦးတည်ပြီးတော့ Q ဝင်ရောက်သူရဲ့အကျိုး၊ ဝင်ရောက်သူရဲ့ မိသားစုတွေ၊ အပေါင်းအသင်း မိတ်ဆွေတွေရဲ့အကျိုး၊ အဲဒီရပ်ရွာဒေသအကျိုးကို ဦးတည်ဆောင်ရွက်ခြင်း ဖြစ်တယ်။

တို့ဖတ်နမူနာ အစပိုင်းတုန်းက ကျွန်တော်တို့ အားလုံးယူခဲ့တယ်။ အဲ့ဒါလည်း ကျနော်တို့နောက်ပိုင်း ဒီထက် အရေးကြီးတာတွေ လေ့လာတာပေါ့။ အစပိုင်းတုန်းကလည်း Q ကလည်း နှစ်မျိုးရှိတယ်လို့ ပြောလို့ရတယ်။ ကပ်ရောဂါဖြစ်ပွားရာ ဒေသက ပြန်လာတဲ့သူတွေ Q ဝင်ပြီးတော့မှပဲ လက်ခံတာမျိုး ရှိတယ်။ အဲဒီတုန်းက ရောဂါဖြစ်ပွားနှုန်းများတဲ့ နိုင်ငံတွေက ကျွန်တော်တို့နိုင်ငံက လွဲပြီးတော့ လာအိုတို့၊ ကျွန်တော်တို့၊ တီမောတို့ သုံးခု လောက်ပဲ အနည်းဆုံး ဖြစ်နေတာ။ ကျန်တဲ့နိုင်ငံတွေက အကုန်လုံး ထောင်ချီ၊ သောင်းချီ၊ သိန်းချီတဲ့နိုင်ငံကြီးပဲ။ အိမ်နီးနားချင်းမှာတောင်မှလေ။ အဲဒီလိုနိုင်ငံက ဝင်ရောက်လာရင် ကျွန်တော်တို့က ဒီလူမှာ ပိုးပါလာတယ်။ အဲဒီလူကို ကျွန်တော်တို့က ၂၁ ရက်တောင် ထားတယ်။ ၁၄ ရက်က စိတ်မချရဘူး။ ၂၁ ရက်ထားလိုက်ရင်တော့ ၉၈ ဒသမ ၇ လောက်က မဖြစ်တော့ ဘူးပေါ့။ ၉၉ ရာခိုင်နှုန်းက ဘယ်လိုမှ ကူးစက်စရာအကြောင်းမရှိတော့ဘူး။ ကျွန်တော်တို့ အဲဒီဟာတွေ အောင်မြင်ခဲ့တယ်ပဲ ပြောရမယ်။  

များသောအားဖြင့် Q ဝင်တဲ့သူ အားလုံးသည် လက္ခဏာမပြတဲ့သူတွေ။ မပြဘူးဆိုတာ လက္ခဏာမပြတာလည်း ဖြစ်နိုင်သလို၊ ပိုးမတွေ့တာလည်း ဖြစ်နိုင်တယ်။ ပိုးရှိပြီး လက္ခဏာ မပြသေးတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ Q ဝင်ရတာ။

မြန်မာပြည်တွင် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးကို အထူးသတင်းထောက် ကိုစိုးဇေယျာထွန်းက ဆက်သွယ်မေးမြန်းထားသည်။  

မေး။ ။ Q တွေ အနေအထားက ဘယ်လိုရှိလဲ။ Q မှာ အစားအသောက်တွေ ကျွေးလား။ ဘယ်လိုတွေထားလဲ။

ဖြေ။ ။ အစားအသောက် ကျွေးတဲ့နိုင်ငံက ကမ္ဘာပေါ်မှာ လက်ချိုးပြီး ရေလိုက်ရင် ငါးချောင်း၊ ၁၀ ချောင်းတောင် မပြည့်ဘူး။ အထူးသဖြင့် ကျွန်တော်တို့လို သိပ်ပြီး မချမ်းသာတဲ့ နိုင်ငံတွေမှာ ရေကြည့်ရင် လက် ငါးချောင်း တောင် ပြည့်မယ် မထင်ဘူး။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံကြီးတွေ ကိုဗစ်အတွက်ပဲ Q ဝင်ရတာ။ ကိုယ့်စားစရိတ်နဲ့ကိုယ်ပဲ။ Q ဝင်ရင် ကိုယ့်အထုတ်လေးကိုယ်ပြင် ကိုယ့်စားစရိတ်လေး ကိုယ်ထုတ်၊ ကိုယ့်အထုတ်လေး ကိုယ်ပိုးပြီးတော့ နေခလည်း ပေးရတယ်။ စားခလည်း ပေးရတယ်။ ဆေးစစ်ခလည်း ပေးရတယ်။ ဘယ်ဟာမှ အလကား မရဘူး။  

ဒီနိုင်ငံမှာ ဒီအစိုးရနဲ့ ပြည်သူတွေနဲ့  အားလုံးပေါင်းပြီး စေတနာရှင်ကြောင့် စားနေရတာ၊ သောက်နေရတာ။ ဒါလည်း အင်မတန်မှ ထူးခြားတဲ့ ဖြစ်ရပ်။ ကမ္ဘာပေါ်မှာ မှတ်တမ်းတောင် တင်ထားလို့ရတယ်။ ဗမာလူမျိုးတွေရဲ့ အချင်းချင်း ကူညီရိုင်းပင်းတဲ့စိတ်၊ အရေးရယ် အကြောင်းရယ်ဆို မရှိ၊ ရှိတာလေးကို အတူတူ မျှဝေစားသောက်မယ်ဆိုတဲ့ စိတ်ဓာတ်က လိုက်ရှာကြည့်ပါ။ ကမ္ဘာမှာ လက် ငါးချောင်းပြည့်ရင် ကျွန်တော့်ကို ပြန်ပြောပါ။

မေး။ ။ အခုဆိုရင် COVID-19 Positive ဖြစ်တဲ့သူ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာ ၁၅၀၀၀ ကျော် ရှိတယ်။ သေဆုံးသူက ၃၅၃ ရှိတယ်။ COVID-19 နဲ့ သေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဘယ်လောက်က COVID-19 သက်သက်နဲ့ သေပြီး ဘယ်လောက်က တခြားသောရောဂါတွေ အခြေအနေ‌ကြောင့် သေတာလဲ။  

ဖြေ။ ။ Q နဲ့ ဆုံးတာ မဟုတ်ဘူး။ ဆေးရုံရောက်မှ ဆုံးတာ။ ဆေးရုံရောက်ပြီး သေဆုံးတဲ့ လူပါတယ်။ တချို့ဆို အိမ်မှာသေဆုံးတာပေါ့နော်။ ဒါမှမဟုတ်လည်း သေဆုံးခါနီး ရောက်လာတယ်။ တချို့ကျတော့ ကားတိုက်ပြီး သေတာတွေပါတယ်။ ဒါကြောင့်မို့လို့ ဂဏန်းကိုလည်း ပြန်ပြီးချိန်းရအုံးမှာ။ ကားတိုက်ရင် ရင်ခွဲစစ်ဆေးရမယ်။ စစ်ဆေးမယ့် ဆရာဝန်ကြီးက ဒီဟာကတော့ ဖြစ်တဲ့နေရာ၊ များတဲ့နေရာက လာတယ်။ ရင်ခွဲရမှာဆိုတော့ အကာအကွယ်ဝတ်စုံ ဘယ်လောက်ထိ အဆင့်မြင့်မြင့် ဝတ်ဆင်ပြီး စစ်တယ်။ အဲ့အချိန်မှာ positive တွေ့တယ်ပေါ့နော်။  

ဖြစ်ချင်တော့ ကိုဗစ်တော့ ကိုဗစ်ကြောင့် သေဆုံးတဲ့သူစာရင်းထဲ ဝင်သွားရော။ အဲ့ဒါမျိုးတွေကလည်း ရှိသေးတယ်။ ဒါတွေကိုလည်း ပြန်နုတ်ရအုံးမှာပေါ့။ ရောဂါအခံရှိပြီး ဆေးရုံရောက် ဆုံးတာတွေလည်း များတယ်။ ဒါပေမယ့် ကိုဗစ်ထူးခြားချက်က ရောဂါအခံမရှိတဲ့ လူငယ်လူရွယ်ထဲမှာ ဆုံးတာတွေလည်း ပါတယ်။ ရောဂါအခံရှိတဲ့ အသက်အရွယ်ကြီးရင်တဲ့ သူကတော့ အများစုပေါ့နော်။ ဒါပေမယ့် အနည်းစုဖြစ်တဲ့ လူငယ်၊ လူရွယ်တွေ မှာလည်း သေဆုံးနိုင်တယ်ဆိုတာတော့ မေ့လို့မရဘူး။

မေး။ ။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေကို ဘယ်ကနေရလဲ။

ဖြေ။ ။ ဘယ်သူမှ ချတာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံမှာ ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီး ကိုယ်နှိုက်ကိုက ကမ္ဘာမှာ Public Health (ပြည်သူ့ကျန်းမာရေးပညာ) မှာ ထိပ်တန်းပဲ၊ နံပါတ် (၁) လို့တောင် ပြောလို့ရတဲ့ ဂျွန်ဟော့ပ်ကင်း ယူနီဗာစတီက Ph.D (ပါရဂူ) ဘွဲ့ကို ရထားတာ။ အခုမှ ရတာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ အနှစ် ၃၀ လောက်တည်းက ရထားတာ။ ကျွန်တော့ သူငယ်ချင်းထဲက အမေရိကန်မှာ US CDC (အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန) မှာ ဒါရိုက်တာလုပ်တဲ့ ပုဂ္ဂိုလ်တွေလည်းပါတယ်။ ကမ္ဘာ့ကျန်းမာရေး ညွှန်ချုပ်တောင်မှ Senior Person (ပိုပြီး အတွေ့အကြုံရှိ ဝါကြီးသူ) ဆိုပြီးတော့မှ ဂါဝရလာပြုရတဲ့ အနေအထား ရှိတယ်။  

ကျွန်တော်တို့ဆီမှာ အဲဒီလို Very Senior Person ကြီးကို ကျွန်တော်တို့ leadership (ခေါင်းဆောင်) အနေနဲ့ ကျွန်တော်တို့က ရထားတာ။ အဲဒီတော့ ကူးစက်ရောဂါ ဖြစ်လာရင် ဒီလိုလုပ်ရတယ်ဆိုတာ အခုနကပြောတဲ့ Master of Public Health (ပြည်သူ့ကျန်းမာရေးပညာ မဟာသိပ္ပံဘွဲ) တက်နေတဲ့ ကျောင်းသားကို သွားမေးရင်တောင် သိတယ်။ သူ့သဘောတရားအရ ဖန်တစ်ရာတေနေတယ်။ ဒါကို လက်တွေ့ချလုပ်တဲ့အခါမှာ မြေပြင်အခြေအနေနဲ့ ကိုက်ညီပြီးတော့ ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းစဉ် ဖြစ်ရမယ်။ သူနဲ့တွဲဖက်ပြီးတော့ monitoring and evaluation (စီမံကွပ်ကဲခြင်းနဲ့ အကဲဖြတ်ခြင်း) ဆိုပြီးတော့ အချိန်နဲ့တပြေးညီ ပြန်လည် တုံ့ပြန်စနစ် ပါရမယ်။ အဲ့ဒါတွေကို ကျနော်တို့က လက်တွေ့အသုံးချနေခြင်း ဖြစ်တယ်။

မေး။ ။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ COVID-19 ‌ကြောင့် အသေအပျောက်နည်းတဲ့ ဗီယက်နမ်၊ ၆၀ နီးပါးသေတဲ့ ထိုင်းတို့၊ စင်ကာပူတို့ရဲ့ အတွေ့အကြုံကို လေ့လာဖို့လိုလား။ အဲဒီ နိုင်ငံတွေမှာဆိုရင် အခြေအနေက ပုံမှန်ဘက်ကို ပြန်ရောက်နေပြီလို့ ဆိုတယ်။  

ဖြေ။ ။ စင်ကာပူမှာ သေတာကို ဘယ်လိုရွေးလည်း ပြန်ကြည့်လိုက်။ ဆီးချိုတို့၊ ဘာတို့ဖြစ်တာနဲ့ မပါဘူးတဲ့။ ကိုဗစ်ကြောင့် သီးသန့်သေတဲ့လူကိုပဲ ထည့်ထားတာ။ အဲဒီတော့ သူ့ဂဏန်း နည်းနေတာပေါ့။ နောက်တစ်ခု သူတို့ နိုင်ငံသေးတယ်။ တရားဥပဒေစိုးမိုးမှုလည်း တအားကောင်းတယ်။ အဲဒီခါကျတော့ mask မတက်ရင် (ဒဏ်ငွေအဖြစ် စင်ကာပူဒေါ်လာ) ၃၀၀ ပေးရတယ်တို့၊ ဟိုဘက်ဒီဘက်ကူးရင် ၃၀၀၊ အိမ်ကူးတာ ဖုန်းဆက်တိုင်ရင် တိုင်တဲ့သူက ၅၀ လောက်ရတယ်။ ဒီလိုမျိုး နည်းစနစ်တွေရှိတော့ လျင်လျင်မြန်မြန် ထိန်းချုပ်နိုင်တယ်။   

တရုတ်ပြည်လည်း ဒီတိုင်းပဲပေါ့။ ကျွန်တော်တို့တွေက နဂိုကတည်းက အစပိုင်းကတော့ လိုက်နာတယ်။ မြန်မာလူမျိုးက နောက်ပိုင်းကျရင် လျော့သွားရင် လွယ်လွယ်ကူကူ။ ကျနော်တို့က စည်းကမ်းလိုက်နာမှုက မလုပ်ဘူး။ အခုလည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး လိုက်နာကြပါ၊ လိုက်နာကြပါ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးက အချိန်တိုင်း ထုတ်ပြန်နေတယ်။ အဲဒီတော့ လိုက်နာဖို့ လိုတာပေါ့နော်။ ပြည်သူတိုင်း ပြည်သူတိုင်း လိုက်နာပြီး ကျင့်သုံးဖို့က အဓိကပဲ။

မြန်မာပြည်တွင် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး လုပ်ဆောင်နေမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးကို အထူးသတင်းထောက် ကိုစိုးဇေယျာထွန်းက ဆက်သွယ်မေးမြန်းထားသည်။  

မေး။ ။ ကိုဗစ်နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာဟာ လူတွေရဲ့အမြင်ကို ဘယ်လိုသက်ရောက်စေလဲ။ မြန်မာပြည်မှာဆိုရင် ယာဉ်တိုက်မှုကြောင့် သေတာက ကိုဗစ်ကြောင့် သေတာထက် များတယ်။ အမေရိကားမှာဆိုရင် ရာသီတုပ်ကွေးကြောင့်သေတာက ကိုဗစ်ကြောင့် သေတာထက် များတယ်။  

ဖြေ။ ။ အဓိကတော့ သေဆုံးမှုနှုန်း ပြန်ကြည့်ရင်တော့ ယာဉ်တိုက်မှုကြောင့် သေတဲ့ဟာက ကိုဗစ်ထက်တောင် များတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ကိုဗစ်ရဲ့သဘောက ကြောက်ဖို့ ကောင်းတယ်။ ယာဉ်တိုက်မှုနဲ့ မတူဘူး။ အချိန်တို ကာလအတွင်းမှာ လူနာ‌တွေ တအားများလာတာနဲ့အမျှ သေဆုံးမှုကလည်း များတယ်။ အဲ့ဒါတွေက ဘယ်အရာမှာလာပြီး ပိလည်းဆိုရင် ကျန်းမာရေးစနစ်ပေါ်မှာ ပိတယ်။ ပြီးတဲ့အခါကျတော့ သေဆုံးနှုန်းက များတာနဲ့အမျှ လူမှုရေးစီးပွားရေး၊ နိုင်ငံရေး တိုးတက်မှု ဆုတ်ယုတ်မှုတွေ ဒီဟာတွေအပေါ်မှာ သက်ရောက်မှုအများကြီး ရှိတယ်။  

မေး။ ။ ပထမလှိုင်းတုန်းက သိပ်မဖြစ်ခဲ့ဘူး။ ဒုတိယလှိုင်းကျတော့ အာဆီယံမှာတင် (မြန်မာက) တဖြည်းဖြည်း အဆင့် (၂) နား နီးကပ်လာပြီ။ အဲ့တော့ ဒါက ဘာလိုအပ်ချက်ကို ပြတာလဲ။ ကျန်းမာရေးအသိ အားနည်း သွားတာလား။

ဖြေ။ ။ အသိနည်းတာထက် စာရင် (ကျန်းမာရေးအသိ) မသိတဲ့လူက မရှိဘူး။ လမ်းပေါ်က ကလေးတွေမေးကြည့် အပြင်ထွက်ရင် ဘာလုပ်ရမလဲ။ ဒါပေမယ့် အသိရှိတိုင်းပေါ့နော်။ ကျွန်တော်တို့ လိုက်နာကျင့်သုံးမှုပိုင်း အားနည်းတယ်။ လိုက်နာကျင့်သုံးမှုက ဘယ်အချိန်မှာ လိုက်နာကျင့်သုံးမှု ဖြစ်လည်းဆိုတော့ တစ်ဖက်က ရောဂါဖြစ်တာများတာ တွေ့မယ်၊ သေတာများမယ်၊ စိုးရိမ်တာများမယ်။ Ambulance (အရေးပေါ်လူနာတင်ယာဉ်) ကားနဲ့ Q သမား လာခေါ်တာတွေ့ရင် ဒါပိုပြီးတော့ လိုက်နာမယ်ပေါ့နော်။ ဒါပေမယ့် အဲဒီလို လိုက်နာမှုဖြစ်တဲ့အချိန်က အခုနကလို ရောဂါကို ထိန်းချုပ်ဖို့အတွက် အချိန်ကာလ အတိုင်းအတာတစ်ခုထိ နောက်ကျသွားပြီ။

မေး။ ။ သေပြီးမှ ကိုဗစ်လက္ခဏာ တွေ့ရတာတို့၊ လက္ခဏာမပြဘဲ ကိုဗစ်စစ်ပြီးမှ ပေါ်တာတို့က ဘာဖြစ်လို့ ဖြစ်ရတာလဲခင်ဗျာ။

ဖြေ။ ။ စပြီး ရခိုင်မှာတွေ့တဲ့ အနေအထားက case ၃၇၅ ပေါ့။ ဩဂုတ်လ ၁၆ ရက်မှာ တွေ့တယ်။ အဲဒီတွေ့တဲ့ အနေအထားမှာ လက္ခဏာမပြဘူး။ အနံ့ပျောက်တာ မရှိပါဘူးတဲ့။ အဲဒီနောက် ၉၀ ရာခိုင်နှုန်းလောက် ဖြစ်သွားတယ်။ အဲဒီတော့ ထူးထူးရှားရှား ရောဂါလက္ခဏာ မပြဘဲနဲ့ကို စစ်ကြည့်လိုက်တယ်။ အခုနက အနံ့ပျောက်တဲ့သူ ရောက်လာတယ်။ စစ်ရင်တော့ ပိုးတွေ့ရတယ်။ ရုတ်တရက် အနံ့ပျောက်တဲ့သူပေါ့နော်။ စစ်လိုက်ရင် ပိုးတွေ့တယ်။ သူတို့နဲ့ ထိတွေ့တဲ့လူတွေ ရှာလိုက်ရင် ဘာမှမဖြစ်ဘူး။ အနံ့လည်း မပျောက်ဘူး။ အကောင်းကြီး၊ ဒါပေမယ့် ပိုးတွေ့တယ်။ အဲ့ဒီကောင် ဘယ်လောက် ကျွန်တော်တို့ တွေ့လိုက်လည်းဆိုရင် ၉၀ ရာခိုင်နှုန်းလောက်ထိ တွေ့တယ်။ လူ ၁၀၀ ကိုစစ်ရင် ၉၀ ရာခိုင်နှုန်းလောက် အနံ့ပျောက်တာ မရှိဘူး။ ဒါကို ပြည်ထောင်စုဝန်ကြီးက ဘာကို ယူဆလဲဆိုရင် ရေခဲတောင်ပေါ်မှာ‌ တွေ့ရတဲ့ ရေခဲတုံးလေးလို့ ယူဆတယ်။ ဒီလိုမျိုး ရေခဲစလေး တစ်စ မြင်လိုက်တာနဲ့ အောက်မှာရေခဲတောင်ကြီး ရှိနေလားဆိုတဲ့ question (မေးခွန်း) က ကျွန်တော်တို့ အရမ်းသိချင်တဲ့ question ။

မေး။ ။ မဖြစ်မနေ ထွက်ရတာတို့ ရှိတယ်။ အထူးသဖြင့် အင်းစိန်တို့၊ သင်္ကန်းကျွန်းတို့မှာပေါ့နော် ဆရာ။ နောက်ပြီး တခြားမြို့တွေမှာ မဲဆွယ်ပြည်သူတွေလည်း ရှိနေတော့ ဒါနဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုးကျိုးက ဘာတွေဖြစ်မလဲ။  

ဖြေ။ ။ အပြင်ကို ထွက်တာကတော့ အကြောင်းအမျိုးမျိုးနဲ့ ထွက်တာပေါ့။ စားဝတ်နေရေးအတွက် ထွက်တာလည်း ရှိတယ်။ တချို့ကျတော့လည်း ဈေးဝယ်ဖို့အတွက် ထွက်တာရှိမယ်။ တချို့ကျတော့လည်း တခြားလုပ်ငန်း တွေပေါ့။ အဓိကတော့ ကျွန်တော်တို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက lockdown ကို ကြေညာထားတာ မဟုတ်ဘူး။ Stay at Home ကြေညာထားတာ။ အဲဒီတော့ ကျနော်တို့မှာ အခုနကပြောတဲ့ အရေးရယ် အကြောင်းရယ်၊ စားဝတ်နေရေးကိစ္စတွေ၊ ဒါတွေအတွက် အပြင်ထွက်ဖို့ဆိုတဲ့ဟာကို ခြွင်းချက်အနေနဲ့ ခွင့်ပြုပြီးသား။  

မေး။ ။ ဘယ်လိုအကြောင်းကြောင်းကြောင့် ရန်ကုန်ကို Stay at Home လုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာလဲ။

ဖြေ။ ။ အဓိကတော့ Stay at Home လိုဟာမျိုးကျတော့ စီးပွားရေး၊ လူမှုရေး အများကြီးပေါ့နော်။ လုံခြုံရေး၊ ကျန်းမာရေး ရှုထောင့်တစ်ခုတည်းကလည်း စဉ်းစားလို့ မရဘူး။ အဲ့ဒါမျိုးကို စဉ်းစားပြီးခါကျတော့ အမျိုးသား အဆင့် ဗဟိုကော်မတီ အစုံပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် ဦးဆောင်တယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေနဲ့ တိုင်ပင်တဲ့အခါကျတော့ အကောင်းဆုံး ဆုံးဖြတ်ရတယ်။  

မေး။ ။ ရန်ကုန်အခြေအနေက ပိုဆိုးလာနိုင်လား။ ဒါမှမဟုတ် လျော့ဖို့ အလားအလာရှိလား။

ဖြေ။ ။ Stay at Home နှစ်ပတ်ကာလအတွင်းမှာ ထပ်ပြီး တက်မလာတော့ဘူး။ ဒါကတော့ ကောင်းတဲ့အချက်ပေါ့။ ရောဂါ တဖြည်းဖြည်း တန်းလာတယ်။ ဒါကို ကောက်ချက်ချဖို့ စောလွန်းတယ်။ ကပ်ရောဂါဗေဒ သဘောအရ တန်းပြီးရင် မကြာခင် ပြန်ဆင်းတော့မယ်ပေါ့နော်။ ဒီဟာ တန်းနေတဲ့ကာလ ဘယ်လောက်ကြာမလဲ။ တန်းနေတဲ့ကာလထက် မခုန်တက်သွားဖို့တော့ လိုတာပေါ့ဗျာ။ အားလုံးအောင့်အည်းသည်းခံပြီး နေရတဲ့အကျိုးကတော့ အလကား မဖြစ်ဘူး။  

မေး။ ။ တိုင်းရင်း‌ဆေးဝါးကလည်း ကိုဗစ်ရပ်တန့်ဖို့ အကျိုးကျေးဇူး ရှိနေတယ်လို့ပြောတာတွေ တွေ့ရတယ်။ ဥပမာ စမှုံနက်တို့၊ ကြက်သွန်နီတို့နဲ့ အနံ့ပျောက်သူတွေကို ကုနိုင်တယ်လို့ အခု‌တလော လူမှုကွန်ရက်တွေ မှာ တွေ့ရတယ်။ ဆရာ ဘယ်လိုမြင်လဲ။

ဖြေ။ ။ တရုတ်ပြည်လောက် တိုင်းရင်းဆေးဝါးသုံးတာ ရှိအုံးမလား။ သူ့တိုင်းရင်းဆေးကလည်း အစမှာ ကောင်းတယ်ဆိုပြီး ကြေညာပြီး တက်လာတယ်။ အခု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို တင်တဲ့အခါကျတော့ တိုင်းရင်းဆေးဆိုတဲ့အသံ မကြားတော့ဘူး။ ဘာပဲပြောပြော ဒါတွေက တိတိကျကျ သက်သေသာဓက မရှိတဲ့အခါကျတော့။ နံပတ် (၁) အိမ်မှာနေပါ။ နံပါတ် (၂) mask တက်ပါ။ နံပါတ် (၃) လက်ဆေးပါ။ နံပါတ် (၄) လူစုလူဝေး ရှောင်ပါ။ အဲ့လေးမျိုးစပ်ပဲ သောက်ပါဆိုပြီး ပြောထားပြီးပြီ။

မေး။ ။ ဆရာ ဘာများထပ်‌ပြောချင်သေးလဲ။

ဖြေ။ ။ မပြောတော့ဘူးခင်ဗျာ။ မောသွားပြီ။

မေး။ ။ ဟုတ် ကျေးဇူးအများကြီး တင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required