NLD အစိုးရ ဖေါ်ဆောင်မည့် ငြိမ်းချမ်းရေးကို သံသယမရှိဟု ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ပြော

NLD အစိုးရ ဖေါ်ဆောင်မည့် ငြိမ်းချမ်းရေးကို သံသယမရှိဟု ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ပြော

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ ဖော်ဆောင်မည့် ငြိမ်းချမ်းရေးအပေါ် သံသယမရှိကြောင်း ကချင် လွတ်မြောက်ရေးအဖွဲ့ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က နိုဝင်ဘာ ၁၄ ရက်တွင် မဇ္ဈိမကိုပြောသည်။

"ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD  အနေနဲ့ ငြိမ်းချမ်းရေးကို တစ်ကယ် ကြိုးစားမယ်ဆိုတာ သံသယ မရှိပါဘူး။ အစိုးရအသစ် ဖွဲ့လာတဲ့အခါမှာ ၂၀၀၈ဖွဲ့စည်းပုံရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ လွှတ်တော်ထဲက လုပ်ထုံး လုပ်နည်းတွေအပေါ် ဆုံးဖြတ်ချက် ဘယ်လောက်ချနိုင်မလဲ၊ ဘယ်လောက် အကောင်အထည်ဖော်နိုင်မလဲဆိုတဲ့ အပိုင်းတော့ သတိထားစောင့်ကြရမယ်" ဟု ဆိုသည်။

NLD အစိုးရဖွဲ့နိုင်ပါက လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ကောင်းသည့် အရာများကို ဆက်လက် လုပ်ဆောင်ကာ၊ မကောင်းသည်များကို ပိုမိုကောင်းမွန်အောင် NLD က ဆောင်ရွက်မည်ဟုလည်း ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မကျင်းပမီ ၁ရက် အလိုတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် မဇ္ဈိမကို ဖြေကြားထားသည်။

"အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသလိုပေါ့ နဂိုရှိပြီးသား အုတ်မြစ်ပေါ်မှာ အခြေယူ ပြီးတော့ ကောင်းတာတွေကို ယူမယ်။ မကောင်းတာတွေကို ကောင်းအောင် လုပ်မယ်ဆိုတဲ့ မူဝါဒကို ကျွန်တော်တို့က ကြိုဆိုပါတယ်" ဟုလည်း KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ကဆိုသည်။

KIO အနေနဲ့လည်း တစ်ခဲနက် လူထုထောက်ခံမှုဖြင့် ဖြစ်ပေါ်လာသည့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ  လက်ခံဆောင်ရွက်ရန် အဆင့်သင့် ရှိနေသည်ဟုလည်း ပြောသည်။

ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ၏ အရင်းအမြစ်များကိုဖယ်ရှားရန် အာဃာတ ကင်းစင်ပြီး ပင်လုံစိတ်ဓါတ်ကို အခြေခံသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများမှ တဆင့်ပြည်သူ့ဘဝ လုံခြုံ အေးချမ်းစေရေး၊ လွတ်လပ်ခြင်း၊ တူညီသော အခွင့်အရေး ရရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရှိခြင်းတို့နှင့် ပြည့်စုံသောစစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည် ဆောင်ရွက်မည် ဟုလည်း NLD ၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကြေငြာစာတမ်းတွင် အတိအလင်း ဖော်ပြထားသည်။

ယင်းအပြင် တိုင်းရင်းသား အရေးကို အပြန်အလှန် လေးစားမှုဖြင့် စားပွဲဝိုင်း တွေ့ဆုံဆွေးနွေးသည့် ဖြေရှင်းမှုဖြင့် ဖြေရှင်းမည်ဟုလည်း ဆိုထားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကိုလည်း ပြည်သူလူထုက ထောက်ခံပါက NLD အနေဖြင့် တာဝန်ယူ ဆောင်ရွက်ပေးသွားရန် ဆန္ဒရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် မဲဆွယ် စည်းရုံး ဟောပြောစဉ်က ပြောဆိုထားသည်။

လက်ရှိတွင် ဦးသိန်းစိန်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးကာ စာချုပ်ပါအချက်အလက် အကောင်အထည်ဖော်ရေး ဆွေးနွေးနေကြသည်။ KIO အပါအဝင်ကျန်ရှိ နေသည့် ၁၃ဖွဲ့ကမူအားလုံးပါဝင်နိုင်ခြင်းမရှိသဖြင့် ဦးသိန်းစိန်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် ဆိုင်းငံ့ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags