သမ္မတ ထရမ့် အမြန်သက်သာကျန်းမာဖို့ ကမ္ဘာ့ခေါင်းဆောင်အသီးသီး ဆန္ဒပြု

သမ္မတ ထရမ့် အမြန်သက်သာကျန်းမာဖို့ ကမ္ဘာ့ခေါင်းဆောင်အသီးသီး ဆန္ဒပြု
Photo - AFP

အောက်တိုဘာ ၃

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီးဖြစ်သူ မယ်လန်နီယာတို့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ကွာရန်တင်းဝင်နေပြီဖြစ်ကြောင်း ကြေညာပြီးနောက်တွင် ကမ္ဘာ့ခေါင်းဆောင်တွေက အမြန်သက်သာကျန်းမာဖို့အတွက် ဆန္ဒပြုကြပါတယ်။

ရုရှ

“ခင်ဗျားရဲ့ တက်ကြွမှု၊ စိတ်ဓာတ်ကောင်းမွန်မှုနဲ့ အပြုသဘောရှုမြင်တာတွေက ဒီ အန္တရာယ်ဗိုင်းရပ်စ်ကို ကျော်လွှားရာမှာ အကူအညီဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။”လို့ ရုရှသမ္မတ ဗလာဒီမာပူတင်က ပြောကြောင်း ကရင်မလင်က ထုတ်ပြန်ပါတယ်။

ကရင်မလင် ပြောခွင့်ရသူ ဒီမီထရီပီစကော့ဗ်ကလည်း “သမ္မတ ထရမ့် အမြန်အဆန်နဲ့ အလွယ်တကူ သက်သာပျောက်ကင်းဖို့ ကျွန်တော်တို့ အမှန်ပဲ ဆန္ဒပြုပါတယ်။”လို့ သတင်းထောက်တွေကို ပြောပါတယ်။

ကုလသမဂ္ဂ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရပ်စ်က သမ္မတ ထရမ့်နဲ့ သမ္မတကတော် မယ်လန်နီယာတို့ အမြန်ပဲ လုံးဝ ကျန်းမာလာဖို့အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့တယ်လို့ ပြောခွင့်ရသူ စတိဖင်းဒူဂျာရစ်က ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့

သမ္မတတို့ စုံတွဲ အပြည့်အဝ အမြန်ဆုံး ကျန်းမာလာဖို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ တက်ဒရော့စ်အက်ဒ်ဟန်နွမ်က ဆန္ဒပြုခဲ့ပါတယ်။

ထရမ့်ဟာ ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီ WHO ကို ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို လွဲမှားစွာ ကိုင်တွယ်ပြီး တရုတ်နဲ့ ပင်းလွန်းတယ်လို့ စွပ်စွဲရင်း အမေရိကန်ကိုWHO ကနေ နုတ်ထွက်ထားတာ ဖြစ်ပါတယ်။

အီးယူ

“ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ကတော်တို့ အမြန်ကျန်းမာလာဖို့ ဆန္ဒပြုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ကျွန်တော်တို့ အားလုံး ဆက်လက်တိုက်ဖျက်သွားရမှာ ဖြစ်ပါတယ်။ နေ့တိုင်းပါပဲ။ ကျွန်တော်တို့ ဘယ်မှာပဲ နေကြနေကြ တိုက်ဖျက်သွားရမယ့် ကပ်ဘေးပါ။”လို့ အီးယူအကြီးအကဲ ချားလ်မိုက်ကယ်က တွစ်တာမှာ ရေးသားပါတယ်။

မြောက်ကိုရီးယား

ခေါင်းဆောင် ကင်ဂျုံးအန်က သမ္မတနဲ့ သမ္မတကတော်တို့အတွက် စာနာကရုဏာဖြစ်ကြောင်း ပေးပို့ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းက ဖော်ပြပါတယ်။

“သူတို့တွေ အဖြစ်နိုင်ဆုံး မကြာခင်မှာပဲ ပြန်လည်ကျန်းမာလာမယ်လို့ ကင်ဂျုံးအန်က ရိုးရိုးသားသား မျှော်လင့်ထားတယ်။”လို့ ဖော်ပြပါတယ်။

ဒါဟာဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေမှာ ကင်ဂျုံးအန်အနေနဲ့ ပထမဆုံး သတင်းစကား ပါးတာပဲဖြစ်တယ်လို့ တောင်ကိုရီးယားယွန်ဟတ်သတင်းက ဖော်ပြပါတယ်။

ဗြိတိန်

“သမ္မတ ထရမ့်နဲ့ သမ္မတကတော်တို့အတွက် အကောင်းဆုံး ဆုတောင်းပေးပါတယ်။ သူတို့နှစ်ဦးစလုံး ကိုရိုနာဗိုင်းရပ်စ်ကနေ အမြန်ဆုံး ကျန်းမာလာမယ်လို့ မျှော်လင့်ပါတယ်။”လို့ ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်က တွစ်တာကနေ ရေးပါတယ်။

ဝန်ကြီးချုပ် ဂျွန်ဆင်ဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ဧပြီလအတွင်းမှာ သုံးညကြာ အထူးကြပ်မတ်ကုသခံခဲ့ရတာ ဖြစ်ပါတယ်။

ပြင်သစ်

“ခင်မင်ရတဲ့ ဒေါ်နယ်၊ ခင်ဗျားနဲ့ မယ်လန်နီယာတို့ ကိုရိုနာဗိုင်းရပ်စ်ကို အတူ ရင်ဆိုင်နေရချိန်မှာ ကျွန်တော် ဆုမွန်ကောင်း တောင်းပေးပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့် ဇနီးတို့ဟာ ခင်ဗျားတို့ နှစ်ဦးအတွက် မျှော်လင့်နေပြီး ကျွန်တော်တို့တွေရဲ့ မိတ်ဆွေရင်းချာ ကူညီရိုင်းပင်းမှုကိုလည်း သိစေပါမယ်။ အားတင်းထားပါ၊ ရှေ့ဆက်လျှောက်ပါ။”လို့ ပြင်သစ်သမ္မတ မက်ခရွန်က ပြောပါတယ်။

ပြင်သစ်သမ္မတကတော် ဘရစ်ဂျစ်မက်ခရွန်က အမေရိကန်သမ္မတ ကတော်ထံ ဆုတောင်းရာမှာ “ချစ်လှစွာသော မယ်လန်နီယာ၊ ပြန်လည်ကျန်းမာလာဖို့အတွက် ကျွန်မရဲ့ နွေးထွေးတဲ့ ဆုတောင်းမေတ္တာကို ကျေးဇူးပြုပြီး လက်ခံပါ။ ရှင်တို့ နှစ်ဦးစလုံးဟာ ကြံ့ခိုင်သန်စွမ်းတာကို ကျွန်မ သိပါတယ်။ အောင်မြင်ကျော်လွှားနိုင်မှာပါ။”လို့ ပြောဆိုပါတယ်။

ဂျာမနီ

“ဒေါ်နယ်နဲ့ မယ်လန်နီယာတို့ ပြန်လည်ကျန်းမာဖို့ ကျွန်မ ဆန္ဒပြုပါတယ်။”လို့ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကိုယ်စား ပြောခွင့်ရသူက စတီဖင်စီးဘတ်က တွစ်တာမှာ ရေးပါတယ်။

“သူတို့တွေ ကိုရိုနာကူးစက်မှုက ပြန်လည်သက်သာလာပြီး မကြာခင်မှာပဲ ကျန်းမာလာမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။”လို့ ရေးသားပါတယ်။

ဩစတြီးယား

ဩစတြီးယား ဝန်ကြီးချုပ် ဆီဘတ်စတိန်းကာ့ဇ်ကလည်း “ကျွန်တော်တို့အားလုံး အတူလက်တွဲ တိုက်ဖျက်ဖို့ လိုအပ်နေတဲ့ ကမ္ဘာ့ကပ်ဘေးဖြစ်တဲ့ COVID-19 ကနေ ဒေါ်နယ်ထရမ့်နဲ့ မယ်လန်နီယာတို့ အမြန်ဆုံး လုံးဝကျန်းမာလာဖို့ ဆန္ဒပြုပါတယ်။”လို့ ရေးသားပါတယ်။

နေတိုး

“ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော်တို့အတွက် ကျွန်တော် ဆုတောင်းပေးပါတယ်။ COVID-19 ကနေ နှစ်ဦးစလုံး အမြန်ဆုံး သက်သာပျောက်ကင်းလာမယ်ဆိုတာ ကျွန်တော်မျှော်လင့်ပါတယ်။”လို့ နေတိုးအကြီးအကဲ ဂျင်းစတောတန်ဘတ်က ပြောပါတယ်။

ကနေဒါ

ကနေဒါ သမ္မတ ဂျက်စတင်းထရူဒိုက “ကျွန်တော့် ဇနီးနဲ့ ကျွန်တော်တို့ ထရမ့်နဲ့ မယ်လန်နီယာအတွက် အကောင်းဆုံး ဆုတောင်းပေးပါတယ်။ ခင်ဗျားတို့ နှစ်ဦးစလုံး ဗိုင်းရပ်စ်ကနေ မကြာခင် အပြည့်အဝ ကျန်းမာလာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”လို့ တွစ်တာမှာ ရေးသားပါတယ်။

အိန္ဒိယ

“ကျွန်တော့် မိတ်ဆွေ ဒေါ်နယ်ထရမ့်နဲ့ မယ်လန်နီယာတို့ အမြန်ဆုံး သက်သာပျောက်ကင်းပြီး ကျန်းမာရေး ကောင်းမွန်စေဖို့ ဆန္ဒပြုပါတယ်။”လို့ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက တွစ်တာမှာ ရေးပါတယ်။

အစ္စရေး

“အစ္စရေးက ပြည်သူသန်းပေါင်းများစွာနဲ့အတူ ကျွန်တော်နဲ့ ဇနီး ဆာရာတို့ဟာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မယ်လန်နီယာထရမ့်တို့အတွက် တွေးနေကြပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ အမြန်ပဲ သက်သာပျောက်ကင်းပါစေ။”လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။

အီဂျစ်

“အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ကတော်တို့ အမြန်ဆုံး သက်သာပျောက်ကင်းဖို့ကို စိတ်ရင်းနဲ့ ဆန္ဒပြုပါတယ်။”လို့ အီဂျစ်သမ္မတ ဖာတက်ရှ်အယ်စီစီက ပြောပါတယ်။

သူတို့ စုံတွဲအနေနဲ့ ခု အခြေအနေကို အမြန်ဆုံး ကျော်လွှားပြီး ကောင်းကောင်း ကျန်းမာလာကာ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ တန်ဖိုးရှိတဲ့ အမေရိကန် အားထုတ်မှုတွေကို ပြန်လည်ဦးဆောင်စေလိုပါတယ် လို့လည်း သူက ပြောပါတယ်။

ဂျော်ဒန်

ဂျော်ဒန်ဘုရင် အဗ္ဗဒူလက်ရှ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မယ်လန်နီယာတို့ အမြန်ဆုံး လုံးဝပြန်လည်ကျန်းမာလာဖို့ ဆန္ဒပြုနေတယ်လို့ ဆိုပါတယ်။ ဂျော်ဒန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ အမေရိကန်နဲ့ အခြားမိတ်ဖက်တွေနဲ့ ဆက်လက်ပူးပေါင်းလုပ်ကိုင်သွားဖို့ စိတ်အားထက်လျက် ရှိပါတယ်။

တောင်ကိုရီးယား

“ခင်ဗျားနဲ့ သမ္မတကတော်တို့ အမြန်ကျန်းမာလာဖို့ကို တောင်ကိုရီးယား ပြည်သူတွေနဲ့အတူ ကျွန်တော်နဲ့ ကျွန်တော့် ဇနီးတို့ ဆုတောင်းပါတယ်။ ခင်ဗျားတို့ မိသားစုနဲ့ အမေရိကန်ပြည်သူတွေအတွက် ကျွန်တော်တို့ စိတ်ရော ကိုယ်ပါ အားပေးကူညီသွားချင်ပါတယ်။”လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက ပြောပါတယ်။

ပိုလန်

ပိုလန်သမ္မတ ဒူတာကလည်း “ကျွန်တော်တို့ရဲ့ မိတ်ဆွေ ဒေါ်နယ်ထရမ့်နဲ့ မယ်လန်နီယာတို့ အမြန်ဆုံး ကျန်းမာဖို့ ကျွန်တော်တို့ ဆန္ဒပြုပါတယ်။ ပိုလန်နဲ့ အမေရိကန်တို့ဟာ အခက်အခဲတွေကို အတူကျော်ဖြတ်သွားပြီး COVID-19 ကို အောင်မြင်အောင် တိုက်ဖျက်သွားကြမယ်။”လို့ တွစ်တာမှာ ရေးပါတယ်။

ဇင်ဘာဘွေ

အာဖရိကက ဇင်ဘာဘွေသမ္မတ မန်ဂါဝါက “သမ္မတ ထရမ့်နဲ့ သမ္မတကတော်တို့ COVID-19 ကနေ အပြည့်အဝ ကျန်းမာလာဖို့ ကျွန်တော် ဆန္ဒပြုပါတယ်။”လို့ တွစ်တာမှာ ရေးပါတယ်။

ကိုလံဘီယာ

“သူတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာကို တွေ့ရှိတဲ့ သတင်းကောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မယ်လန်နီယာတို့နဲ့ အတူတူ ရှိနေကြောင်းကို ကျွန်တော်တို့ ဖော်ပြပါတယ်။ အမြန်ဆုံး ကျန်းမာလာပါစေလို့လည်း ဆုတောင်းပါတယ်။”လို့ တောင်အမေရိက၊ ကိုလံဘီယာနိုင်ငံ သမ္မတ အီဗန်ဒက်က တွစ်တာမှာ ရေးပါတယ်။

ဂွါတီမာလာ

ဂွါတီမာလာအစိုးရကလည်း “သမ္မတ ထရမ့်နဲ့ သမ္မတကတော် မယ်လန်နီယာတို့ အမြန်ဆုံး သက်သာပျောက်ကင်းဖို့ ဂွါတီမာလာအစိုးရက ဆန္ဒပြုပါတယ်။”လို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly