အမေရိကန်သမ္မတ ထရမ့် အတွက် ကမ္ဘာ့ခေါင်းဆောင်အသီးသီး ဆုတောင်းပေး

အမေရိကန်သမ္မတ ထရမ့် အတွက် ကမ္ဘာ့ခေါင်းဆောင်အသီးသီး ဆုတောင်းပေး
Photo - EPA

အောက်တိုဘာ ၃ ၊ ၂၀၂၀

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်  နှင့် ဇနီးဖြစ်သူ မယ်လနီယာဒေါ်နယ်လ်ထရမ့် တို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ကွာရန်တင်းဝင်နေကြောင်း သောကြာနေ့သတင်းထုတ်ပြန်မှုအပြီးတွင် ကမ္ဘာ့ခေါင်းဆောင် အသီးသီးမှ ကျန်းမာရေးပြန်လည်သက်သာကောင်းမွန်လာစေရန် ဆုမွန်ကောင်းတောင်းပေးခဲ့ကြသည်။

ရရှား

သမ္မတ ဗလာဒီမာ ပူတင်ပြောကြားချက်ကို ကိုးကားဖော်ပြရာတွင် “သင်၏ တက်ကြွမှု၊ ကောင်းမွန်သော စိတ်၊ အကောင်းမြင်တတ်သောစိတ်ထားများသည် ယင်းအန္တရာယ်ကြီးသော ရောဂါပိုးကို တွန်းလှန်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပါရှိသည်။

“သမ္မတ ထရမ့် အနေနဲ့ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ပြန်လည် ကျန်းမာစေဖို့ ဆုမွန်ကောင်းတောင်းပါတယ်” ဟု ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ က သတင်းထောက်များကို ပြောကြားခဲ့သည်။

ကုလသမဂ္ဂ(UN)

“သမ္မတ ထရမ့်  နှင့် ဇနီး မယ်လနီယာတို့ အမြန်ဆုံး ပြန်လည်ကောင်းမွန်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အာတိုနီယို ဂူတာရက်စ် ၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ် က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus မှ သမ္မတ ဇနီးမောင်နှံအား “အပြည့်အဝ မြန်မြန်ဆန်ဆန် ကျန်းမာလာစေကြောင်း” ဆုမွန်ကောင်း တောင်းပေးခဲ့သည်။

ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီသည် ကိုရိုနာဗိုင်းရပ်(စ်)ကပ်ရောဂါကို မှားယွင်းကိုင်တွယ်ဖြေရှင်းခြင်း၊ တရုတ်နိုင်ငံနှင့် လွန်စွာ ရင်းနှီးနေခြင်း စသော စွပ်စွဲချက်များဖြင့် ထရမ့်က အမေရိကန်နိုင်ငံကို ကျန်းမာရေး အေဂျင်စီအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်စေခဲ့သည်။

ဥရောပ သမဂ္ဂ (EU)
“@realDonalTrump နှင့် @FLOTUS တို့ အမြန်ဆုံး ပြန်လည်ကျန်းမာကြပါစေ။ COVID-19က ကျွန်တော်တို့ ကမ္ဘာ့ဘယ်နေရာမှာနေနေ နေ့စဉ်နဲ့အမျှ ဆက်ပြီး တိုက်နေရမယ့် တိုက်ပွဲပါ” ဟု ဥရောပသမဂ္ဂ အကြီးအကဲဖြစ် သူ ချားလစ်မိုက်ကယ်  က အမေရိကန်သမ္မတကတော်ကိုပါ ရည်ညွှန်း၍ ၎င်း၏ တွစ်တာတွင် ပြောကြားခဲ့သည်။

- UK -
“သမ္မတထရမ့်နှင့် ဇနီးဖြစ်သူတို့ ကိုရိုနာဗိုင်းရပ်(စ်)မှ အမြန်ဆုံး ပြန်လည်သက်သာလာပါစေလို့ အကောင်းဆုံး ဆုတောင်းပေးပါတယ်” ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က သူ၏ တွစ်တာမှတစ်ဆင့် ပြောကြားခဲ့သည်။
ဂျွန်ဆင် ကိုယ်တိုင်သည်လည်း COVID-19 နှင့်ထိတွေ့မှုကြောင့် ဧပြီလအတွင်း အထူးကြပ်မတ်ဆောင်တွင် သုံးညတိုင်တိုင် ကျန်းမာရေးစောင့်ရှောက်မှုခံယူခဲ့ရသူဖြစ်သည်။

ဂျာမနီ

“သမ္မတ ထရမ့်တို့ကို အကောင်းဆုံးဆုတောင်းပေးပါတယ်။ သူတို့ ဒီကိုရိုနာဗိုင်းရပ်(စ်)ကူးစက်မှုကနေ သက်သာလာပြီး အမြန်ဆုံး ပြန်လည်ကျန်းမာလာစေဖို့ မျှော်လင့်ပါတယ်” ဟု အဓိပတိအိန်ဂျလာ မာကယ်လ် ၏ ပြောရေးဆိုခွင့်ရှိသူက ကိုယ်စား တွစ်တာမှတစ်ဆင့် ပြောကြားသည်။

ဩစတြီးယား

“@realdonaltrump နဲ့ @FLOTUS တို့ အပြည့်အဝပြန်လည် သက်သာ ကျန်းမာလာပါစေလို့ ဆုတောင်းပါတယ်။ COVID-19 က ကျွန်တော်တို့အားလုံး လက်တွဲပြီး ရင်ဆိုင်တိုက်ထုတ်ရမယ့် ကမ္ဘာ့ကပ်ရောဂါကြီးပါ” ဟု
ဩစတြီးယားအဓိပတိ ဆဘက်စတင်ခရူဇ်က ပြောကြားသည်။

- NATO -

“@realDonaldTrump နဲ့ @FLOTUS တို့ COVID-19 မှ အမြန်ဆုံး ပြန်လည်သက်သာလာပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်” ဟု မဟာမိတ်အဖွဲ့အကြီးအကဲဖြစ်သူ  ယန် စတောတန်ဘတ်ဂျ်က ဆိုသည်။

ကနေဒါ

ကနေဒါသမ္မတ ဂျပ်စတင် ထရူးဒိုး ကလည်း တွစ်တာမှတစ်ဆင့် “@POTUSTrump နဲ့ @FLOTUS တို့ ဒီဗိုင်းရပ်(စ်)ကနေ အမြန်ဆုံး ပြန်လည်သက်သာလာပါစေလို့ ကျွန်တော်နဲ့ဆိုဖီ တို့က ဆုမွန်ကောင်း တောင်းပါတယ်” ဟု ပြောကြားသည်။

အိန္ဒိယ

“မိတ်ဆွေဖြစ်သူ @POTUS @realDonaldTrump နဲ့ @FLOTUS တို့ မြန်မြန်ပြန်လည်ကျန်းမာလာပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်” ဟု အိန္ဒိယဝန်ကြီးချုပ် နရန်ဒါ မိုဒီ က တွစ်တာမှတစ်ဆင့် ပြောကြားသည်။

အစ္စရေး

“မိတ်ဆွေဖြစ်သူ သမ္မတ ဒေါ်နယ်လ်ထရမ့်  နှင့် ဇနီးဖြစ်သူ မယ်လနီယာထရမ့် တို့ မြန်မြန်ဆန်ဆန်နဲ့ အပြည့်အဝပြန်လည် သက်သာလာပါစေလို့ သန်းပေါင်းမျာစွာသော အစ္စရေးပြည်သူ ပြည်သားများနှင့်အတူ Sara နဲ့ ကျွန်တော်က ဆုမွန်ကောင်းတောင်းပါတယ်” ဟု ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု က ပြောကြားသည်။

အီဂျစ်

“အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် နဲ့ ဇနီးဖြစ်သူတို့ မြန်မြန်ဆန်ဆန် ပြန်လည်သက်သာလာပါစေလို့ အလေးအနက်ဆုတောင်းပေးပါတယ်” ဟု အီဂျစ်သမ္မတ အဒယ်လ် ဖာတတ်ရှ် အယ်လ်-စီစီ  ကပြောကြားသည်။
 
သမ္မတတို့ ဇနီးမောင်နှံကို “ဒီအခြေအနေကို မြန်မြန်ကျော်လွှားကာ ကောင်းမွန်သော ကျန်းမာရေးရရှိပြီး ကမ္ဘာတစ်ဝန်းရှိ ဒီရောဂါပိုးတိုက်ဖျက်ရေးတွေအတွက် အမေရိကန်ရဲ့ အားထုတ်မှုတွေကို ဆက်လက် ဦးဆောင်နိုင်ပါစေ” ဟုလည်း ထပ်မံပြောကြားသည်။

ဂျော်ဒန်

“အမေရိကန်သမ္မတ ဒေါ်နယလ်ထရမ့် နဲ့ ဇနီးဖြစ်သူ မယ်လနီယာ တို့ မြန်မြန်ဆန်ဆန်နဲ့ အပြည့်အဝ ပြန်လည်သက်သာလာပါစေလို့ ဆုတောင်းပေးနေပါတယ်။ ဂျော်ဒန်နိုင်ငံအနေနဲ့ အမေရိကန်နှင့်တကွ အခြားသော ပါတနာများနှင့်လက်တွဲပြီး COVID-19 နှင့် ၎င်း၏ ကမ္ဘာတစ်ဝန်းသက်ရောက်မှုများကို အတူတကွ ဆက်လက်တွန်းလှန်နိုင်ရန် ဆန္ဒရှိပါတယ်”ဟု ဘုရင် အဗ္ဗဒူလာ (၂) က ပြောကြားသည်။

တောင်ကိုရီးယား

“သင်နှင့် ဇနီးဖြစ်သူတို့ အလျင်အမြန်ပြန်လည် သက်သာလာပါစေလို့ တောင်ကိုရီးယားနိုင်ငံသူ နိုင်ငံသားများနှင့်တကွ ကျွန်တော်တို့ ဇနီးမောင်နှံက ဆုမွန်ကောင်းတောင်းပေးပါတယ်။ သင့်ရဲ့ မိသားစုနဲ့တကွ အမေရိကန် နိုင်ငံသားများကိုလည်း ကျွန်တော်တို့ရဲ့ လေးနက်သော အားပေးစကားများနှင့် ထောက်ပံ့မှုများကို ပို့ဆောင်ပေးလိုပါတယ်” ဟု သမ္မတ မွန်ဂျေအင်း က ပြောကြားသည်။

ပိုလန်

“မိတ်ဆွေဖြစ်သူ @realDonaldTrump နဲ့ @FLOTUS တို့ အလျင်အမြန်ပြန်လည်သက်သာလာပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။ ပိုလန်နဲ့ အမေရိကန်က ဒီအခက်အခဲတွေကို ကျော်လွန်ပြီး COVID-19 ကို အောင်မြင်စွာ တွန်းလှန်နိုင်မှာပါ” ဟု ပိုလန်သမ္မတ Andrzej Duda က တွစ်တာမှတစ်ဆင့် ပြောကြားခဲ့သည်။

ဇင်ဘာဘွေ

အာဖရိကတွင်လည်း “သမ္မတ Trump @realdonaldtrump နဲ့ ဇနီးဖြစ်သူ @FLOTUS တို့ COVID-19မှ အပြည့်အဝ ပြန်လည် သက်သာလာပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်”ဟု ဇင်ဘာဘွေနိုင်ငံသမ္မတ အမ်မာဆန် မီနန်ဂက်ဝါ က တွစ်တာမှတစ်ဆင့် ပြောကြားသည်။

ကိုလမ်ဘီယာ

တောင်အမေရိကတွင်မူ “အမေရိကန်သမ္မတ @realDonaldTrump နှင့် ဇနီးဖြစ်သူ @MELANIATRUMP တို့ COVID-19 ကူးစက်ခံရကြောင်းသတင်းနှင့်တကွ ကျွန်တော်တို့လည်း ထပ်တူထပ်မျှခံစားရပါတယ်။ သူတို့ အမြန်ဆုံး ပြန်လည် သက်သာလာပါစေ” ဟု ကိုလမ်ဘီယာသမ္မတ အီဗန် ဒူကေး က တွစ်တာမှတစ်ဆင့်ပြောကြားသည်။

ဂွါတီမာလာ

“သမ္မတ Donald Trump @POTUS နဲ့ ဇနီးဖြစ်သူ Melania Trump @FLOTUS တို့ COVID-19 မှ အလျင်အမြန်ပြန်လည် သက်သာလာပါစေလို့ ကျွန်တော်တို့ @GuatemalaGob က ဆုမွန်ကောင်းတောင်းပါတယ်” ဟု ဂွာတီမာလာ အစိုးရက တွစ်တာမှတစ်ဆင့် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly