အာမေးနီးယားက တိုက်ပွဲအတွက် စေ့စပ်ညှိနှိုင်းဖို့ အသင့်ဖြစ်ကြောင်းပြော

အာမေးနီးယားက တိုက်ပွဲအတွက် စေ့စပ်ညှိနှိုင်းဖို့ အသင့်ဖြစ်ကြောင်းပြော
Photo - AFP

အောက်တိုဘာ ၃

အငြင်းပွားဖွယ်နာဂေါ်နိုကာရာဘက်ခ်ဒေသနဲ့ပတ်သက်ပြီး သောကြာနေ့က ခြောက်ရက်မြောက် တိုက်ပွဲတွေဖြစ်ပွားနေစဉ်မှာပဲ အဇာဘိုင်ဂျန်က ကာရာဘက်ခ်ရဲ့ အဓိကမြို့ဖြစ်တဲ့ စတက်ပန်နာခါ့မြို့ကို ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အာမေးနီးယားက စွပ်စွဲပြောဆိုလိုက်ပါတယ်။

အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အပစ်အခတ်ရပ်စဲဖို့အတွက် ဖျန်ဖြေပေးသူတွေဖြစ်တဲ့ ပြင်သစ်၊ ရုရှားနဲ့အမေရိကန်တို့အနဲ့အတူ  ပူပေါင်းလုပ်ဆောင်ဖို့ ပြောခဲ့ပေမယ့်လည်း အဇာဘိုင်ဂျန်က ပြန်လည်ပစ်ခတ်မှုတွေ လုပ်ခဲ့ပြီး အာမေးနီးယားတပ်တွေ အရင်ဆုံး ရုပ်သိမ်းရမယ်လို့ပြောခဲ့ပါတယ်။

အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားနိုင်ငံတို့ဟာ ၁၉၉၀ ခုနှစ်လွန် စစ်ပွဲတွေအတွင်း အဇာဘိုင်ဂျန်ကနေခွဲထွက်သွားတဲ့ အာမေးနီးယားလူမျိုးစုများနေထိုင်ရာ နာဂေါ်နိုကာရာဘက်ခ်ဒေသနဲ့ပတ်သက်ပြီး နယ်မြေအငြင်းပွားမှု ပဋိပက္ခဖြစ်နေတာ ဆယ်စုနှစ်ပေါင်းများစွာကြာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တစ်ဖန်အစပြုခဲ့တဲ့ တိုက်ပွဲကြောင့် အရပ်သား ၃၀ ကျော်အပါအဝင် လူပေါင်း ၂၀၀ နီးပါး သေဆုံးထားပါတယ်။

အဇာဘိုင်ဂျန်ဟာ နိုင်ငံတကာဥပဒေကတားမြစ်ထားတဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ဗုံးလက်နက်ပစ္စည်းတွေ အသုံးပြုတယ်လို့ အာမေးနီးယားက စွပ်စွဲပြောဆိုခဲ့ပါတယ်။

အဇာဘိုင်ဂျန်တပ်ဖွဲ့တွေနဲ့အတူ တူရကီတပ်တွေလည်း ပါဝင်တိုက်ခိုက်ခဲ့ကြပြီး တူရကီရဲ့ စစ်လက်နက်တွေ၊ ဒရုန်းတွေနဲ့ တိုက်လေယာဉ်တွေကို အဇာဘိုင်ဂျန်က အသုံးပြုနေတယ်လို့ အာမေးနီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန က ပြောပါတယ်။  

ရုရှားသမ္မတ ဗလာဒီမာပူတင်က အာမေးနီးယားဝန်ကြီးချုပ်နီကောပါရှင်ယန်နဲ့ ဖုန်းပြောဆိုမှုအတွင်း ပဋိပက္ခအတွင်းမှာ ပြည်ပတိုက်လေယာဉ်တွေပါဝင်တဲ့အပေါ် အလွန်စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။  

တနင်္ဂနွေနေ့စတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် အာမေးနီးယားတပ်သား ၁၅၈ ဦးနဲ့ အရပ်သား ၁၃ ဦး သေဆုံးထားတယ်လို့ အာမေးနီးယားဘက်က ထုတ်ပြန်ထားပါတယ်။

အဇာဘိုင်ဂျန်ဘက်ကတော့ တပ်ဖွဲ့ဝင်အသေအပျောက်ကို မဖော်ပြခဲ့ဘဲ အာမေးနီးယားရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၉ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။  

တိုက်ပွဲအတွင်းမှာ တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားသူပုန်တိုက်ခိုက်ရေးသမား အနည်းဆုံး ၂၈ ဦးသေဆုံးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။ သေဆုံးခဲ့တဲ့ သူပုန်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က တူရကီက စေလွှတ်လိုက်တဲ့ တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားတပ်ဖွဲ့တွေက တိုက်ခိုက်ရေးသမား ၈၅၀ ကျော်ထဲက သူတွေဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။  

ဆီးရီးယားမြို့တော်အလက်ပိုမှာရှိတဲ့ ဂျီဟက်စစ်သွေးကြွအဖွဲ့တွေကနေ တိုက်ခိုက်ရေးသမား ၃၀၀ ဟာလည်း တူရကီကိုဖြတ်ပြီး အဇာဘိုင်ဂျန်ထဲဝင်ရောက်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာတွေမှာ ဖော်ပြထားပါ တယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly