ကပ်ရောဂါအတွင်း အမေရိကန်ကိုဦးတည်သွားနေတဲ့ ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းများ

ကပ်ရောဂါအတွင်း အမေရိကန်ကိုဦးတည်သွားနေတဲ့ ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းများ
Photo - AFP

အောက်တိုဘာ ၃

ဟွန်ဒူးရပ်စ်က ရွှေ့ပြောင်းအခြေချနေထိုင်သူ ထောင်ပေါင်းများစွာဟာ အမေရိကန်ကိုဝင်ရောက်နိုင်ဖို့ သောကြာနေ့က ဂွါတီမာလာနိုင်ငံကိုဖြတ်ပြီး မက္ကဆီနယ်စပ်တွေဆီ ဆက်လက်ခရီးနှင်လျက်ရှိပါတယ်။

ဂွာတီမာလာအစိုးရက ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးဖို့နဲ့ နှင်ထုတ်ဖို့ အမိန့်ပေးလိုက်ပြီးတဲ့နောက် တချို့ကတော့ ဟွန်ဒူးရပ်စ်ဘက်ကို ပြန်လှည့်သွားခဲ့ကြပါတယ်။  

ဂွါတီမာလာ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေရဲ့အဆိုအရ ဟွန်ဒူးရပ်စ်ရွှေ့ပြောင်း ၃ ၀၀၀ လောက်ဟာ နယ်စပ်မှာ စစ်တပ်ရဲ့ဖမ်းဆီးမှုကနေ ထွက်ပြေးခဲ့ပြီးတဲ့နောက် ကြာသပတေးနေ့က နိုင်ငံထဲကို အုပ်စုလိုက် ဝင်ရောက်လာကြတာဖြစ်ပါတယ်။  

ဂွါတီမာလာသမ္မတ အလက်ဟန်းဒရို ဂျင်မာတေ က ကြာသပတေးနေ့ညမှာပဲ တရားမဝင် ဝင်ရောက်လာတဲ့ ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းတွေကို ဖမ်းဆီးဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ထိန်းသိမ်းခံရသူတွေကိုလည်း ကော်ရင်း တိုနယ်စပ်မှာ ဟွန်ဒူးရပ်စ်အာဏာပိုင်တွေဆီ လွှဲပြောင်းပေးမယ့်အကြောင်း အတည်ပြုခဲ့ပါတယ်။  

ဒါပေမယ့် ဒီနေ့အချိန်ထိ ရဲတွေက ဖမ်းဆီးမှုတစ်စုံတစ်ရာမလုပ်ဆောင်သေးဘဲ ရွှေ့ပြောင်းအများစုကတော့ ဂွါတီမာလာနဲ့ မက္ကဆီကိုအကြားက နယ်စပ်အသီးသီးဆီ ဆက်လက်ခရီးနှင်လျက်ရှိပါတယ်။

ရွှေ့ပြောင်း ၃၀၀ လောက်ကတော့ နေရပ်ပြန်လိုကြပြီး ပစ္စည်းအနည်းငယ်ထည့်ထားတဲ့ ကျောပိုးအိတ်တွေလွယ်ကာ ခြေလျင်လျှောက်နေကြပါတယ်။ သူတို့ဟာ နေရပ်ပြန်ဖို့အတွက် ကော်ရင်းတိုနယ်စပ်ရဲ့ အကောက်ခွန်ရုံးမှာ မှတ်ပုံတင်ဖို့ တန်းစီစောင့်ဆိုင်းနေကြပါတယ်။

မက္ကဆီကိုသမ္မတ အန်ဒရေးစ်မန်နျူရယ်လိုပက်ဇ်အိုဘရာဒိုက အမေရိကန်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးမှာ သူ့နိုင်ငံကိုပါဝင်ပတ်သက်အောင် ကန္တာရခရီးသည်အသစ်တွေကို အသုံးပြုနေတာဖြစ်တယ်လို့ သတိပေးခဲ့ ပါတယ်။  

လိုပက်ဇ်အိုဘရာဒိုက “ဒီကန္တာရလူအုပ်ကြီးက အမေရိကန်ရွေးကောက်ပွဲအစမှာ ထွက်လာတာ အရမ်းကို ထူးဆန်းပါတယ်။ အမေရိကန်ရွေးကောက်ပွဲနဲ့ ဆက်စပ်နေပါတယ်။ ဒီရည်ရွယ်ချက်အတွက် ပြင်ဆင်ထားတယ်ဆိုတာ ညွှန်ပြနေပါတယ်” လို့ဆိုပါတယ်။

ဗိုလ်မှူးကြီး ကားလို့စ်နော်မန်က “ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းတွေ သူတို့သဘောဆန္ဒအလျောက် နိုင်ငံပြန်အောင် ကျွန်တော်တို့ကြိုးစားနေပါတယ်။ ကျွန်တော်တို့က နိုင်ငံက ညွှန်ကြားထားတဲ့ တားဆီးမိန့်ကိုလည်း လိုက်နာရမယ်။ ကိုယ့်ဒေသကိုပြန်အောင် ငြိမ်းချမ်းတဲ့နည်းနဲ့ သူတို့ကို စည်းရုံးရပါမယ်။ သူတို့အနေနဲ့ နယ်စပ်အတားအဆီးကို ချိုးဖောက်ခဲ့တာကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ကျွန်တော်တို့ကလည်း COVID-19 ကပ်ရောဂါအခြေ အနေကြောင့် ကျွန်တော်တို့ပြည်သူတွေကို စောင့်ရှောက်ရပါဦးမယ်” လို့ပြောပါတယ်။

ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းတစ်ဦးဖြစ်တဲ့ ဆန်တိုစ်မိုရန်ကတော့ “ကျွန်တော်တို့နိုင်ငံမှာက စီးပွားရေးလည်း အရမ်းကျဆင်းပါတယ်။ အခြေခံလူနေမှုကုန်ကျစရိတ်ကလည်း မြင့်မားတဲ့အတွက် ကျွန်တော်ကတော့ ရှေ့ဆက်သွား မှာပါ” လို့ဆိုပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly