COVID-19 ကုသဖို့ သမ္မတ ထရမ့် စစ်ဆေးရုံ တက်ရောက်

အောက်တိုဘာ ၃

ဝါရှင်တန်မြို့ အပြင်ဖက်က စစ်ဆေးရုံဆီ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရဟတ်ယာဉ်နဲ့ သောကြာနေ့က ရောက်ရှိလာပါတယ်။ သမ္မတ ထရမ့်အနေနဲ့COVID-19 ကုသခံဖို့ အဲဒီ စစ်ဆေးရုံမှာ ရက်အနည်းငယ် တက်ရောက်ကုသခံယူမှာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ထရမ့်က သူမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီလို့ တွစ်တာကနေ ကြေညာပြီး ၁၅ နာရီအတွင်းမှာ ခုလို ဆေးရုံတက်ရောက်တာလည်း ဖြစ်ပါတယ်။ ဒါဟာ ကြိုတင်ကာကွယ်မှုအတွက် ဆေးရုံတက်ရောက်ခြင်းဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

“သမ္မတရဲ့ သမားတော်တွေနဲ့ ဆေးဖက်ဆိုင်ရာ ပညာရှင်တွေရဲ့ ထောက်ခံချက်အရ လာမယ့်ရက်အနည်းငယ်အထိ သမ္မတ ထရမ့်ဟာ ဝေါတာရိဒ်စစ်ဆေးရုံက သမ္မတရုံးခန်းကနေ အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။”လို့ ပြန် ကြားရေးအတွင်းဝန် ကိုင်လီမက်ကနန်နီက ပြောပါတယ်။

ဝေါတာရိဒ်စစ်ဆေးရုံဆီ သွားရာမှာ နှာခေါင်းစည်း တပ်ဆင်ထားတဲ့ သမ္မတ ထရမ့်ဟာ တွဲကူသူမပါဘဲ အိမ်ဖြူတော်ကနေ ထွက်လာပြီး Marine One ရဟတ်ယာဉ်ပေါ် တက်ရောက်သွားခဲ့တာပါ။

အနက်ရောင် ဝတ်ထားတဲ့ ထရမ့်ဟာ ဂျာနယ်လစ်တွေကို လက်ဝှေ့ယမ်း နှုတ်ဆက်ပေမယ့် မေးခွန်းဖြေကြားတာမရှိဘဲ ဖြတ်လျှောက်သွားခဲ့တာ ဖြစ်ပါတယ်။

Photo - EPA

ဒါပေမယ့် မာရီလန်းက ဆေးကျန်းမာရေးစင်တာတစ်ခုဆီ သွားရောက်ခဲ့တုန်းက ထရမ့်ဟာ သူ့ တွစ်တာအကောင့်ကနေ ဗီဒီယိုမက်ဆေ့ချ် တင်ပြီး ထောက်ခံသူတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ကျွန်တော် ဝေါတာရိဒ်ဆေးရုံကို သွားတော့မှာ ဖြစ်ပါတယ်။ ကျွန်တော် အခြေအနေ တော်တော်လေး ကောင်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တကယ် အလုပ်ဖြစ်ဖို့အတွက် ကျွန်တော်တို့ ကျိန်းသေအောင် လုပ်ရပါမယ်။”လို့ ထရမ့်က ပြောပါတယ်။

“သမ္မတကတော်လည်း အခြေအနေ ကောင်းပါတယ်။”လို့ သူက ထပ်လောင်းပြောပါတယ်။

စစ်ဆေးရုံနားမှာ ရဟတ်ယာဉ် ဆင်းသက်ပြီးနောက်မှာ သမ္မတ ထရမ့်ဟာ ဆေးရုံဆီ လမ်းတစ်လျှောက်စာ ခရီးကို မှန်လုံကားစီးပြီးပဲ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဆေးရုံရောက်တဲ့အခါမှာ သမ္မတဟာ အထူးဘေးကင်းတဲ့ ကျန်းမာရေးဝတ်စုံကို ဝတ်ဆင်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly