မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ နောက်တက်မည့် အစိုးရကို ဦးဝီရသူ ဘာပြောသလဲ

မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ နောက်တက်မည့် အစိုးရကို ဦးဝီရသူ ဘာပြောသလဲ

ရွေးကောက်ပွဲ အနိုင်ရသူများထဲတွင် မျိုးစောင့်ဥပဒေကို ကန့်ကွက်သူများ ပါဝင် သော်လည်း အစိုးရသစ်အနေဖြင့်  ပြည်သူ့ဆန္ဒကို ခြေဖြင့်ဖျက်လိမ့်မည် မဟုတ်ဟု ယူဆကြောင်း အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ ဦးဆောင် ဆရာတော် ဦးဝီရသူက မိန့်သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရပါက မျိုးစောင့် ဥပဒေအား ပြန်လည် ပြင်ဆင်ဖျက်သိမ်းမည်ကို စိုးရိမ်သည် ဆိုသည့် မဘသ အဖွဲ့ဝင်အချို့၏ ပြောဆိုမှုနှင့် ပတ်သက်၍ ဆရာတော်ဦးဝီရသူက ယခုကဲ့သို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

" ရွေးကောက်ပွဲ အနိုင်ရသွားတဲ့ သူတွေ ထဲမှာတော့ မျိုးစောင့်ဥပဒေကို ပြန်ဖျက်ချင်တဲ့ လူတွေ ပါတာပေါ့၊ ကန့်ကွက် ခဲ့တဲ့ သူတွေလည်း ပါတာပေါ့။ အဲဒီမျိုးစောင့် ဥပဒေကို  ပြဌာန်းအောင် ဦးဇင်းတို့က အစိုးရနဲ့ပေါင်းပြီးတော့ မတရားသဖြင့် အာဏာနဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး။ ပြည်သူလူထု ထောက်ခံတဲ့ လက်မှတ်ပေါင်း လေးသန်းခွဲတိတိ တောင်းဆိုပြီး တော့မှ ပေးပေါက်လာတာဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူဆန္ဒနဲ့ ပေါ်ပေါက်လာတဲ့ ဘယ်အစိုးရပဲ ဖြစ်ဖြစ် ပြည်သူ့ ဆန္ဒကို လက်နဲ့ရေးထားတာကို ခြေနဲ့ ဖျက်လိမ့်မယ်လို့တော့ ဦးဇင်းမထင်မှတ်ပါဘူး"ဟု မိန့်သည်။

ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ မြန်မာအမျိုးသမီးများ ထိမ်းမြား လက်ထပ်ခြင်းဆိုင်ရာ ဥပဒေများ အ ပါအဝင် မျိုးစောင့် ဥပဒေ(၄)ခုအား ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်း အဝေးတွင် ထောက်ခံမဲ အများစုဖြင့် အတည်ပြု ပြဌာန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဥပဒေများ ဆွေးနွေးရာတွင် ကန့်ကွက် မှုများ လည်း ရှိခဲ့သည်။

ယင်းကဲ့သို့ မျိုးစောင့်ဥပဒေများ ပြဌာန်းနိုင်ခဲ့ခြင်းအပေါ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့အနေဖြင့် ကြိုဆို ဂုဏ်ပြုပွဲများကို နိုင်းငံတစ်ဝန်းရှိမြို့ကြီးများတွင် ပြုလုပ်ခဲ့ကြပြီး ယင်းအောင်ပွဲခံမှုအပေါ်တွင်လည်း ဝေဖန်မှုများရှိခဲ့သည်။

မစိုးရိမ် တိုက်သစ်ဆရာတော် ဦးဝီရသူမှ ထိုသို့ မိန့်ကြားခဲ့ခြင်းအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက"ဥပဒေပြင်တာတို့ ဥပဒေဖျက် တာတို့ ဒါတွေအားလုံးက လွှတ်တော်ရဲ့လုပ်ငန်းပဲလေ။ NLD လုပ်ငန်း မဟုတ်ဘူး။ လွှတ်တော်ရဲ့ လုပ်ငန်းပဲ။ ဘာဖြစ်လို့ NLD ကို ပြောမှာလည်း ဘာမှမဆိုင်ဘူး။ အစိုးရက သပ်သပ် လွှတ်တော်က သပ်သပ်လေ။ အဲဒါကို သိပ်မကွဲပြားဘူးလို့ ကျွန်တော်တော့ ဒီလိုပဲ မြင်တယ်"ဟု ပြောသည်။

လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် စာရင်းများအရ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် အင်အားကြီးအတိုက်အခံ ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ မဲအသာစီးဖြင့် အနိုင်ရရှိကာ အစိုး ရဖွဲ့ခွင့် ရရှိခဲ့ပြီး လွှတ်တော် အတွင်း၌လည်း ယင်းပါတီမှ အမတ်အများစု နေရာယူထားမည် ဖြစ်သည်။

မျိုးစောင့် ဥပဒေများ ဖြစ်သည့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၅၄၊ မြန်မ ာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဥပဒေကို ဥပဒေအမှတ် ၅၀၊ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် ၄၈၊ လူဦးရေ တိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ဥပဒေအမှတ် ၂၈ အဖြစ် ပြဋ္ဌာန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags