ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး တိုက်ပွဲများ ပြင်းထန်နေဟု PSLF/TNLA ပြော

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး တိုက်ပွဲများ ပြင်းထန်နေဟု PSLF/TNLA ပြော

ရှမ်းပြည်နယ် ဝမ်ဟိုင်းနှင့် မိုင်းရှုး ဒေသများတွင် အစိုးရ တပ်က ယခု ရက်ပိုင်းအတွင်း ထိုးစစ်ဆင်မှုများ ပိုမိုများပြားလာခြင်းကြောင့် တည်ငြိမ်မှု မရှိစေရန် တိုက်ပွဲများ ဖန်တီးနေသည်ဟု ပလောင်ပြည်လွှတ်မြောက်ရေးတပ်ဦး(PSLF/TNLA) စွပ်စွဲ ပြောဆိုလိုက်သည်။

“တပ်မတော်က ထိုးစစ်တွေက တိုက်ပွဲ အရှိန်မြင့်နေတဲ့ သဘောရှိတယ်။ မြန်မာ့ တပ်မတော်ဘက်က နိုင်ငံ တည်ငြိမ်မှု မရှိအောင် လုပ်ချင်တဲ့ သဘောရှိလို့ တိုက်ပွဲတွေ များလာတယ်လို့ ကျနော်တို့ သုံးသပ်တယ်” ဟု PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူး မိုင်ဘုန်းကျော်က မဇ္ဈိမကို ပြောသည်။

တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးက ကန့်ကွက်ကြောင်းလည်း နိုဝင်ဘာလ ၁၄ ရက်က ထုတ်ပြန်ထားသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးပြီးနောက် လင်မှတ်မထိုးသည့် အဖွဲ့အစည်းများအား ပိုမိုထိုးစစ်ဆင်လာကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်း စစ်မီး ပိုမိုရှည်ကာစွာ တောက်လောင်ရန် နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိ ဦးတည် လုပ်ဆောင်နေသည်ဆိုကာ လုပ်ရပ်ကို ကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုဝင်ဘာလ ၁၄ ရက်တွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့၏ အနောက်ဘက် ၁၀ မိုင် ကျော်အကွာတွင် တိုက်ပွဲ ဖြစ်ပွားနေသလို၊ မန်တုံမြို့နယ် ပန်ကန်းကျေးရွာတွင်လည်း တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ဟု မိုင်ဘုန်းကျော်က ဆိုသည်။

“ဒီနေ့ မနက်ကတည်းကနေ ဖြစ်တာ ခုညနေပိုင်းထိုင် ဖြစ်လိုက်၊ ပြန်နားလိုက် ဖြစ်နေပါတယ်။ နမ့်ဆိုင် ခေါင် ကုန်းကျောဒေသ ကွတ်ခိုင်မြို့ရဲ့ အနောက်ဘက် ၁၀ မိုင်၊ ၁၅ မိုင်အကွာလောက်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။ နှစ်ဖက် အကျအဆုံးများ ရှိသော်လည်း အသေးစိတ်မသိရသေးကြောင်း သူ က ပြောသည်။

တအာင်းဒေသ တပ်မဟာ ၁ နယ်မြေ၊ မန်တုံမြို့နယ် ပန်းကန်းကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီခွဲမှ မွန်းလွဲပိုင်းထိ တအာင်းတပ်မတော် တပ်များနှင့် မြန်မာ့တပ်မတော် တပ်မ ၇၇ တပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု နိုဝင်ဘာလ ၁၄ ရက်က တအာင်းတပ်မတော်က ထုတ်ပြန်ထားသည်။

အလားတူ နိုဝင်ဘာလ ၁၃ ရက်ကလည်း ပန်ကန်းကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် ဒေသခံ ရွာသားများ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်ဟု တအာင်းပြည်လွတ်မြောက်ရေး တပ်ဦးက ထုတ်ပြန်ထားသည်။

PSLF/TNLA ကို လက်ရှိ အစိုးရက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်တွင် လက်မှတ်ရေး ထိုးမှုတွင် လက်မခံသလို၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ခြင်း မရှိသဖြင့် လက်မှတ်ရေးထိုးခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags