တိုယိုတာမဲခေါင်ပြိုင်ပွဲတွင် နိုင်ငံခြားသားကစားသမားသစ် နှစ်ဦး အသုံးပြုရန် ရန်ကုန်အသင်း စီစဉ်

တိုယိုတာမဲခေါင်ပြိုင်ပွဲတွင် နိုင်ငံခြားသားကစားသမားသစ် နှစ်ဦး အသုံးပြုရန် ရန်ကုန်အသင်း စီစဉ်
ရန်ကုန်အသင်းမှခေါ်ယူထားသော ဘရာဇီးတိုက်စစ်မှူး ဒေါ့စ်ဆန်းတို့စ်။(ဓာတ်ပုံ- YUFC)

နိုဝင်ဘာ ၁၄၊ ရန်ကုန်။          ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် တိုယိုတာမဲခေါင်ဖလားပြိုင်ပွဲတွင် နိုင်ငံခြားသားကစားသမား အသစ် နှစ်ဦး ထည့်သွင်း အသုံးပြုရန် စီစဉ်ထားသည် ဟု အသင်း အထွေထွေမန်နေဂျာ ဦးကျော်လင်းထွေးက ပြောသည်။

ရန်ကုန်အသင်းသည်  ပြီးခဲ့သည့် ရာသီက နိုင်ငံခြားသားကစားသမား သုံးဦးကို စာချုပ်သက်တမ်းထပ်မံတိုးမြှင့်ခြင်း မရှိပဲ ကစားသမားသစ်အဖြစ် ဘရာဇီးတိုက်စစ်မှူး အက်ဒီဆင် ဒေါ့ဆန်းတို့စ် ကို ခေါ်ယူစာချုပ်ခဲ့သည့်အပြင် ဂါနာနောက်ခံလူတစ်ဦးကိုလည်း ခေါ်ယူရန် ဆက်သွယ်ထားသည်။

“ တိုယိုတာ မဲခေါင်ပြိုင်ပွဲအတွက် နိုင်ငံခြားသားကစားသမား နှစ်ယောက်သုံးဖို့ စီစဉ်ထားပါတယ်။ နောက်ထပ် ထပ်ခေါ်မယ့် ကစားသမားတွေကိုတော့ ဒီပြိုင်ပွဲပြီးမှပဲ ရွေးချယ်သွားမှာပါ။   လောလောဆယ်တော့ ဘရာဇီးတိုက်စစ်မှူး တစ်ယောက်တော့ ခေါ်ပြီးပါပြီ။ ဒီရက်ပိုင်းအတွင်း ဂါနာနောက်ခံလူ တစ်ယောက်ကို ခေါ်ဖု့ိလည်း ချိတ်ထားပါတယ်။ ကျန်တာကတော့   ပြည်တွင်းကစားသမားတွေရယ် လူငယ်ကစားသမားတွေရယ်ကို ဒီပြိုင်ပွဲမှာ နေရာပေးသွားမှာပါ ” ဟု ဦးကျော်လင်းထွေးက ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည်  ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပြီးဆုံးချိန်၌ နည်းပြဂျက်ဆစ်၊ တိုက်စစ်မှူး ဆီဇာ၊ အီမာဆင်၊ နောက်ခံလူ ကာနီကို တို့နှင့် လမ်းခွဲခဲ့ပြီး မနောမြေနည်းပြဟောင်း အီမာဆင်နှင့် ဘရာဇီးတိုက်စစ်မှူး အက်ဒီဆင် ဒေါ့ဆန်းတို့စ် တို့ကို ပြန်လည် အစားထိုး ခေါ်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly