စင်္ကာပူက မြန်မာကို COVID-19 တိုက်ဖျက်ရေး ပစ္စည်းများ လှူဒါန်းမည်

စင်္ကာပူက မြန်မာကို COVID-19 တိုက်ဖျက်ရေး ပစ္စည်းများ လှူဒါန်းမည်

အောက်တိုဘာ ၂၊ ၂၀၂၀

စင်္ကာပူနိုင်ငံက မြန်မာနိုင်ငံတွင် COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် အထောက်အကူ ပစ္စည်းများ လှူဒါန်းမည်ဟု သိရသည်။

စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘလာကရစ်ရှနာက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာ ၂ ရက်နေ့က ဖုန်းခေါ်ဆိုပြီး စင်္ကာပူအနေဖြင့် COVID-19 ရောဂါ အမြန်စမ်း သပ်စစ်ဆေးကိရိယာ နှစ်သောင်းခွဲ၊ နှာခေါင်းစည်း တစ်သန်းနှင့် လက်သန့်ဆေးရည်ဗူး နှစ်သိန်းတို့ကို မြန်မာသို့ လှူဒါန်းမည်ဖြစ်ကြောင်း သတင်းစကားပါးလိုက်သည်ဟု စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ် ပြန်ထားသည်။

စင်္ကာပူက ယခင်ကလည်း Polymerase Chain Reaction (PCR) စစ်ဆေးစက်များ၊ COVID-19 အမြန်စမ်းသပ်စစ်ဆေး ကိရိယာများနှင့် အခြားသော ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုများပြုလုပ်ခဲ့သေးသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖုန်းဖြင့်ဆွေးနွေးမှုတွင် ဘုံကပ်ဘေး စိန်ခေါ်မှုများကို ကျော်လွှားရန် နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာ ပူးတွဲလုပ်ဆောင်မှု အရေးပါကြောင်းလည်း အလေးနက်ထား ပြောခဲ့ကြသည်။

အာဆီယံအတွင်း ထောက်ပံ့ဖြည့်ဆည်းမှု အရောင်းကွင်းဆက် (supply chain) များ မပြတ်တောက်စေရေး၊ စီးပွားရေးကို ဆက်ဖွင့်ထားနိုင်ရေးနှင့် ဆက်သွယ်မှုများ ရှိစေရေးတို့အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် နီးနီးကပ်ကပ် လုပ်ကြရေးတို့ကို သဘောတူခဲ့ကြသည်။

ထို့အပြင် ဆေးသုတေသနနှင့် ဆေးများ ဖြန့်ချိရေး၊ ထုတ်လုပ်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုတွင် အာဆီယံကို ထောက်ကူပေးပြီး ပြင်ပလက်တွဲဖော်များနှင့် ပူးပေါင်းဆောင်ရွက်ရေး အားထည့်လုပ်ဆောင်ရန်လည်း သဘောထားထုတ်ဖော်ခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly