ဦးအယ်လ်ဖောင်းရှိုနှင့် ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌအမှု e-Court စနစ်ဖြင့် ကြားနာမည်

ဦးအယ်လ်ဖောင်းရှိုနှင့် ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌအမှု e-Court စနစ်ဖြင့် ကြားနာမည်

အောက်တိုဘာလ ၁၊ ၂၀၂၀

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးတို့၏ အမှုကို လာမည့် အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီ တွင် e-Court စနစ်ဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက  ကြားနာမည် ဖြစ်သည်။

ကယားပြည် ဝန်ကြီးချုပ်ဟောင်းအပေါ် စွပ်စွဲ ပြစ်တင်ခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၆၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) အား အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးပါရန် တင်သွင်းထားမှုကို ကြားနားမည်ဖြစ်ကြောင်း၊ တင်သွင်းသူမှာ ကယားပြည်နယ် ဝန်ကြီးချုပ်ဖြစ်ပြီး တင်သွင်းလွှာနှင့် သက်ဆိုင်သူမှာ ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ကြောင်း ခုံရုံးက သတင်းထုတ်ပြန်ထားသည်။

ကြားနာရမည့် အချက် သုံးချက်တွင် ပထမအချက်မှာ ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်ဝန်ကြီးချုပ် တာဝန်မှ ရပ်စဲပြီးဖြစ်သဖြင့် ၎င်းသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းလွှာကို တင်သွင်းခွင့် ရှိသူ ဟုတ်၊ မဟုတ်ဆိုသည့် အချက်ဖြစ်သည်။

ဒုတိယအချက်မှာ ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်သူ ငါးဦးအနက် ဦးသိန်းအောင် (ခ) ဦးစဲရယ် နုတ်ထွက်သွားသည့်အတွက် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနည်းဆုံး လေးပုံ တစ်ပုံ ပြည့်ခြင်း မရှိတော့သည့် အခြေအနေတွင် စွပ်စွဲချက်ကို ဆက်လက် စုံစမ်းစစ်ဆေးခြင်းသည် ဥပဒေ ပုဒ်မ ၂၃၆ (ခ) ကို အနက်အဓိပ္ပာယ် ဖွင့်ဆိုရန် လိုအပ်ခြင်း  ရှိ၊ မရှိ ဖြစ်သည်။

တတိယအချက်မှာ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းရာတွင် ပါဝင်သည့် လွှတ်တော် ကိုယ်စားလှယ် သုံးဦးကို ၎င်းအဖွဲ့တွင် ထည့်သွင်းဖွဲ့စည်းထားခြင်းနှင့် စပ်လျဉ်း၍ သို့မဟုတ် ဥပဒေ ပုဒ်မ ၂၃၆ (ဂ) ကို အဓိပ္ပာယ် ဖွင့်ဆိုရန် လိုအပ်ခြင်း ရှိ၊ မရှိ အချက်များ ပါဝင်သည်။

ကြားနာမည့် ရက်တွင် တရားလွှတ်တော် ရှေ့နေ ဒေါ်မင်းမင်းစိုးက ဝန်ကြီးချုပ်ဟောင်းဘက်မှ လိုက်ပါဆောင် ရွက်ပေးမည် ဖြစ်ပြီး ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးကမူ ၎င်းကိုယ်တိုင် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အခြေခံ ဥပဒေခုံရုံးသို့ တင်သွင်းသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိနိုင်ရန်  မဇ္ဈိမ သတင်းဌာနက ဖုန်းဖြင့် ဦးအယ်လ်ဖောင်းရှိုကို ဆက်သွယ်မေးမြန်းရာ “အမှန်တရား ပေါ်ပေါက်ဖို့အတွက် လုပ်တာ” ဟုသာ ပြန်လည် ဖြေကြားသည်။

ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ရန် ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ငါးဦး တနည်းအားဖြင့် လေးပုံ တစ်ပုံ၏ လက်မှတ် ရေးထိုးမှုဖြင့် တင်ပြလာသည့်အတွက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဩဂုတ်လ ၁၄ ရက်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့သည်။  ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေချိန်တွင် ဦးသိန်းအောင်က နုတ်ထွက်သွားခဲ့သည့် ကိစ္စကိုပါ ခုံရုံးမှ ကြားနားမည် ဖြစ်ကြောင်း သိရသည်။

ဦးလှထွေးက “ဘာလို့လဲ ဆိုရင် ရည်ရွယ်ချက်ရှိရှိ သူက စိတ်ပါပြီးမှ၊ တိုင်ပြီးမှ နုတ်ထွက်တယ် ဆိုတာကတော့ ဖိအားရှိလို့ပေါ့။ အဲဒီနေရာမှာလည်း တခါတည်း ထိုးတာ မဟုတ်ဘူး။ လက်မှတ်ကို နှစ်ခါထိုးတယ်။ နှစ်ခါထိုးတော့ သူ့ အကျိုးအမြတ်လည်း ရှိချင်ရှိမှာပေါ့။ ဒါကတော့ ကျွန်တော် မပြောတတ်ဘူး။ နောက် အခုနက ဖိအားလည်း ရှိချင် ရှိမှာပေါ့။ ဆိုတော့ ဒီမှာက တင်ပြီးလို့ရှိရင် နုတ်ထွက်ရတယ်ဆိုတဲ့ ဥပဒေ မပြဌာန်းထား ဘူး။ ၂၆၃ (က) အရ အဲဒီ ငါးချက်တင်လို့ရှိရင် (ခ) အရ ကိုယ်စားလှယ် လေးပုံတစ်ပုံ တင်လာတယ်။ ဒါပဲရှိတယ်။ ကိုယ်စားလှယ် လေးပုံတစ်ပုံက တင်လာတဲ့ အထဲမှာ သူကပါတယ်လေ။ တင်လာပြီးမှ ပြန်ပြီးမှ နုတ်ထွက် ရတယ်ဆိုတာ ဒီမှာ မရှိဘူး။ အဲဒီ အရပဲ ကျွန်တော်သွားတာ” ဟု စက်တင်ဘာလ ၃ ရက်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

ကယားပြည်နယ် စာရင်းစစ်ချုပ်၏ အစီရင်ခံစာအပေါ် အခြေခံ၍ ပြည်နယ်ဝန်ကြီးချုပ်အား လွှတ်တော်တွင် စွပ်စွဲပြစ်တင်ကြောင်း အဆိုတင်သွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ လေးမဲဖြင့် လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သည့်အတွက် တာဝန်မှ ရပ်နားခံခဲ့ရခြင်း ဖြစ်သည်။

အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကမူ ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ခြင်းနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌသည် ဥပဒေနှင့်အညီ လျော်ကန် သင့်မြတ် မှန်ကန်စွာ ဆောင်ရွက်ခြင်း မပြုဘဲ ပုဂ္ဂိုလ်ရေး အာဃာတဖြင့် ဆောင်ရွက်ခဲ့ခြင်းဟု ရူမြင်ကြောင်း ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly