အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတ ကတော်တို့ ကိုဗစ်-၁၉ ကူးစက်ခံရ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတ ကတော်တို့ ကိုဗစ်-၁၉ ကူးစက်ခံရ
Photo - AP

အောက်တိုဘာ ၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတကတော် မယ်လန်နီယာ ထရမ့်တို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သမ္မတက အောက်တိုဘာ ၂ ရက်နေ့ မနက်အစောပိုင်းတွင် တွစ်တာကနေ ပြောသည်။ 

ထရမ့်၏ အကြီးတန်း လက်ထောက်တစ်ဦးဖြစ်သည့် ဟုပ်ဟစ်တွင် ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အိမ်ဖြူတော်က ကြေညာပြီး နာရီပိုင်းအကြာတွင် ယခုကဲ့သို့ သမ္မတ ထရမ့်လည်း ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရှိခဲ့ခြင်း ဖြစ်သည်။ ဟုပ်ဟစ်သည် ယခုအပတ်ထဲတွင် သမ္မတနှင့်အတူ ခရီးသွားလာထားခဲ့သူလည်း ဖြစ်သည်။ 

အောက်တိုဘာ ၁ ရက် ညနေခင်းက အိမ်ဖြူတော်သို့ ပြန်လာသော ထရမ့်ကို သတင်းထောက်များ နောက်ဆုံး တွေ့မြင်ခဲ့ချိန်က သမ္မတ ထရမ့်သည် ကျန်းမာရေး ကောင်းမွန်နေပုံ ပေါ်နေခဲ့သည်။ ထရမ့်သည် အသက် ၇၄ နှစ် ရှိပြီဖြစ်သည့်အတွက် ဗိုင်းရပ်စ်ကြောင့် ပြင်းထန်သည့် ထပ်တိုးရောဂါသစ်များ ကြုံရနိုင်မည့် အန္တရာယ် မြင့်မားစေလျက် ရှိသည်။ 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန် အမေရိကန်နိုင်ငံတစ်ဝန်း သေဆုံးသူ နှစ်သိန်းကျော် ရှိထားခဲ့ပြီဖြစ်သည်။ 

“မယ်လန်နီယာနဲ့ ကျွန်တော့်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ် ဆိုတာ ဒီနေ့ညမှာပဲ သိလိုက်ရတယ်၊ ကွာရန်တင်း လုပ်ငန်းစဉ်နဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်ကို ချက်ချင်းပဲ ကျွန်တော်တို့ စသွားပါမယ်၊ ဒါကို အတူတကွ ကျွန်တော်တို့ ဖြတ်သန်းပါမယ်” ဟု ထရမ့်က တွစ်တာတွင် ရေးခဲ့သည်။ 

အနီးကပ် လက်ထောက် ဟစ်တွင် ဗိုင်းရပ်စ် ကူးစက်ခံထားရပြီးနောက် ၎င်းနှင့် သမ္မတကတော် တို့ ကွာရန်တင်း လုပ်ငန်းစဉ် စတင်နေပြီဖြစ်ကြောင်း ထရမ့်က အောက်တိုဘာ ၁ ရက် နှောင်းပိုင်းက ကြေညာခဲ့သည်။  

ကပ်ရောဂါ၏ အဆိုးဝါးဆုံး အခြေအနေက နောက်တွင် ကျန်နေခဲ့ပြီ ဆိုပြီး အမေရိကန်ပြည်သူများကို သိမ်းသွင်းစည်းရုံးရန် အသည်းအသန် ကြိုးပမ်းနေခဲ့သော သမ္မတ တစ်ဦးအတွက် ယခုကဲ့သို့ ရောဂါပိုး တွေ့ရှိမှုက အဓိက ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့သည်။ ရွေးကောက်ပွဲနေ့မတိုင်မီ သီတင်းပတ် လေးပတ်အလို ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်များက ဆက်လက်မြင့်တက်လျက် ရှိသည်။ ထို့ပြင် ယင်းက မကြားသေးသည့် သမိုင်းတစ်ခုအတွင်း အမေရိကန်သမ္မတ တစ်ဦး ကြုံတွေ့ရသော အပြင်းထန်ဆုံးဟု သိရသည့် အများပြည်သူ ကျန်းမာရေးအပေါ် ခြောက်လန့်မှုတစ်ခုအဖြစ် ရပ်တည်နေသည်။ 

ကိုဗစ်-၁၉ လက္ခဏာရပ်များတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခြင်း တို့ ပါဝင်နိုင်သည်။ လူအများစုသည် မပြင်းထန်သော ရောဂါလက္ခဏာရပ်များသာ ပြသသည်။ သို့သော် အခြားသော ရောဂါများ ရှိထားသည့်တချို့အနေဖြင့် အသက်သေစေနိုင်သော အဆုတ်ရောင်ရောဂါအပါအဝင် ပြင်းထန် လက္ခဏာရပ်များဖြစ်ပေါ်နိုင်သည်။ 

အောက်တိုဘာ ၁ ရက်က Fox News သတင်းအစီအစဉ်မှူး ရှောင် ဟန်နီတီ နှင့် အင်တာဗျူးတစ်ခုတွင် ထရမ့်က ၎င်းအနေဖြင့် ကိုဗစ်-၁၉ စစ်ဆေးမှု အဖြေများကို စောင့်ဆိုင်းနေသည်ဟု ပြောခဲ့သည်။ “ကျွန်တော်တို့ ကွာရန်တင်း ဝင်ရမှာလား ဒါမှမဟုတ် ကျွန်တော်တို့မှာ အဲဒါ ရှိနေသလား ကျွန်တော် မသိပါဘူး” ဟု ထရမ့်က ပြောသည်။ ထို့ပြင် သမ္မတကတော် မယ်လန်နီယာသည်လည်း ဆေးစစ်ချက်အဖြေ စောင့်နေသည်ဟု ၎င်းက ပြောသည်။ 

အစောပိုင်းက ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ထုတ်ဖော်ခဲ့သည့် ဟုပ်ဟစ်သည် ယခုအပတ်ထဲတွင် ထရမ့်နှင့်အတူ ခရီးသွားလာထားခဲ့သူ ဖြစ်သည်။ စက်တင်ဘာ ၃၀ ရက်က မင်နီဆိုးတားပြည်နယ် လူထုစည်းဝေးပွဲတစ်ခုသို့ သွားရောက်ခဲ့ရာ Air Force One ပေါ်တွင်နှင့် သမ္မတ ရဟတ်ယာဉ် Marine One တို့ပေါ်တွင် ဟစ်သည် သမ္မတ နှင့်အတူ လိုက်ပါသွားလာထားခဲ့သည်။ ထို့ပြင် စက်တင်ဘာ ၂၉ ရက် ညပိုင်း ကလီဗာလန်းမြို့ရှိ သမ္မတ၏ စကားစစ်ထိုးပွဲသို့လည်း သွားရောက်စဉ် Air Force One ပေါ်တွင် ဟစ်သည် သမ္မတ နှင့်အတူ လိုက်ပါစီးနင်းသွားလာထားခဲ့သည်။ 

အိမ်ဖြူတော် ဝန်ထမ်းများနှင့် ၎င်း၏မဟာမိတ်များ ဗိုင်းရပ်စ်နှင့် တွေ့ကြုံ၊ နေထိုင်မကောင်းဖြစ်ထားခဲ့သည်တောင်မှ ထရမ့်က ၎င်းကိုယ်တိုင် ကိုဗစ်-၁၉ ကူးစက်ခံရမည့်အပေါ် ခုခံနိုင်စွမ်း အားနည်းနိုင်မှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ထပ်တ လဲလဲ ပယ်ချထားခဲ့သူလည်းဖြစ်သည်။ 

“ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ် ခုခံနိုင်မှု အားနည်းမှုကို မခံစားရပါဘူး” ဟု ထရမ့်က ပြီးခဲ့သည့် မေလက သတင်းထောက်များကို ပြောခဲ့သည်။ 

ယင်းအစား သမ္မတ ထရမ့်က ပြည်နယ်များကို ပြန်ဖွင့်ရန် ပြည်နယ်အုပ်ချုပ်ရေးမှူးများကို တိုက်တွန်းခဲ့သည်။ ထို့ပြင် နောက်ထပ် လေးနှစ်သက်တမ်းအတွက် ကြိုးပမ်းနေစဉ် ထရမ့်သည် နိုင်ငံတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တိုးလာသည့်အပေါ် အာရုံမစိုက်ဘဲ နိုင်ငံ စီးပွားရေး ပြန်လည် နိုးဆွရန် အားထုတ်မှုများအပေါ် တစ်နိုင်ငံလုံး အလေးထားရေးအပေါ်တွင် အာရုံစိုက်ရန် ကြိုးပမ်းခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly