NLD ဘယ်လိုအစိုးရဖွဲ့မလဲ NDF

NLD ဘယ်လိုအစိုးရဖွဲ့မလဲ NDF

အမျိုးသား ဒီမိုကရေစီ ထိပ်ပိုင်း ခေါင်းဆောင်များတွင် ပါဝင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် စမ်းချောင်းမြို့နယ်၏ ရွေးကောက်ခံအမတ်ဖြစ်ခဲ့သူ ယခု အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ရွေးကောက်ပွဲတွင် ပြည်သူအများစု ထောက်ခံသည့် ပါတီအနိုင်ရသွားခြင်းသည် ထူးဆန်းသည့် ဖြစ်ရပ်မဟုတ်ဟု သူက ဆိုသည်။

NLD ပါတီသည် အုပ်ချုပ်ရေး အတွေ့အကြုံ မရှိသေးသည့်အတွက် အစိုးရဖွဲ့မည်ကို စောင့်ကြည့်ရမည်ဟုလည်း ဆိုသည်။ ဦးခင်မောင်ဆွေ ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရခဲ့ခြင်းအတွက် စောစီးစွာ နိုဝင်ဘာ ၁၁ ရက်တွင် ဂုဏ်ယူပါကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“ပြည်သူများ၏ NLDပါတီအပေါ် တာဝန်ပေးအပ်မှုကို ကျွနု်ပ်တို့ NDF ပါတီမှ တန်ဖိုးထား လေးစား ပါသည်။ ထို့အတူ NLD ပါတီ၏ အောင်မြင်မှုကိုလည်း ကျွနု်ပ်တို့ အမျိုးသား ဒီမိုကရေစီအင်အားစု ခမောက်ပါတီ NDFမှ ဂုဏ်ယူကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်” ဟု ထုတ်ပြန်ခဲ့သည်။

“ကျွနု်ပ်တို့ NDF ခမောက်ပါတီသည် လွှတ်တော်နိုင်ငံရေးတွင် တရားဝင် ပါဝင်ထမ်းဆောင်ခြင်း မပြုနိုင်တော့ပါ။ သို့ရာတွင်  " ပြည်သူ့ အတွက် NDF " ဆိုသည့် ဆောင်ပုဒ်အတိုင်း  ပြည်သူ အများစုနှင့် သက်ဆိုင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စအ၀၀တို့တွင် လွှတ်တော်ပြင်ပ၌ အခြားအခြားသော ဒီမိုကရေစီအင်အားစု များနှင့် လက်တွဲဆောင်ရွက်သွားမည်သာ ဖြစ်ပါသည်။” ဟုလည်း ထုတ်ပြန်ခဲ့သည်။ ယခု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေနှင့် မေးမြန်းချက်ကို မဇ္ဈိမ သတင်းထောက် ဇော်ခမ်းဟိန်းက မေးမြန်းထားခြင်းဖြစ်သည်။

ပထမဆုံး NDF က NLD နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ အတွေ့အကြုံပြောပြပေးပါ။

သူတို့က လူအင်အားနဲ့ဖိပြီး အနိုင်ယူသွားတယ်၊ မဲဆွယ်စည်းရုံးတဲ့အခါ သူတို့ကားတွေ ဝင်လာရင် ကျွန်တော်တို့ ရှောင်ပေးပါတယ်။ ဥပမာ ဒေါပုံမှာဆို ကျွန်တော်တို့ မဲဆွယ်တုန်း NLD က ကားကြီးတွေနဲ့ ရောက်လာတယ်၊ ကျွန်တော်တို့ ထွက်သွားပေးတယ်။ အင်အားများတော့ ပြည်သူ့ ထောက်ခံတဲ့ အင်အားကြီးပါတီဆိုတာ ဒါပါလားလို့ ပြည်သူက မြင်သွားတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ NLD ပါတီ ဝင်မပြိုင်သေးချိန် အန်ကယ်တို့ NDF ပါတီက အထိုက်အလျောက် အနိုင်ရခဲ့တယ်။ အခုဘာလို့ မနိုင်တာလဲ။

ပြည်သူထောက်ခံတဲ့ပါတီ အနိုင်ရသွားတာ မဆန်းပါဘူး။ အန်ကယ်တို့ပါတီ တစ်ခုတည်း ရှုံးတာ မဟုတ်ဘူး။ တခြားတိုင်းရင်းသားပါတီတွေလဲ ရှုံးတာဘဲ။ ရခိုင်ပြည်နယ်က လွှဲလို့ NLD ပါတီကို အခြားပါတီတွေ မယှဉ်နိုင်ကြလို့ မနိုင်တာပါ။

၁၉၉၀  ရွေးကောက်ပွဲတုန်းက အတွေ့အကြုံဘယ်လိုရှိခဲ့လဲ။

၉၀ တုန်းက န.ဝ.တ လက်အောက်မှာ ကျွန်တော်တို့ NLD အနိုင်ရခဲ့တယ်၊ ကျွန်တော်လဲ စမ်းချောင်းမြို့နယ်က ပြိုင်တာနိုင်ခဲ့တယ်။ ဒါပေမယ့် အာဏာမလွှဲပေးခဲ့ဘူး။

အခု ၂၀၁၅ မှာရော အာဏာလွှဲပြောင်းပေးမှုက ဘယ်လိုဖြစ်လာနိုင်မလဲ။

အဖြေက အတိအကျ မသိရသေးတော့ ပြောလို့မရသေးဘူး။ ကော်မရှင်က အပြီးသတ် မကြေညာရ သေးဘူး၊ ဘယ်သူအစိုးရဖွဲ့နိုင်မယ်ဆိုတာသိမှ ဒီကိစ္စပြောနိုင်မှာ။

လက်ရှိအဖြေအရ NLD ပါတီက အစိုးရဖွဲ့ဖို့ လုံလောက်တဲ့ မဲအရေအတွက်ထက်ကို ကျော်သွားပါပြီ။ ဦးသိန်းစိန်အစိုးရ ကလည်းအနိုင်ရသူကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးမယ်လို့ ပြောထားတာရှိပါတယ်။

အစိုးရက ပြောထားရင်တော့ ပြောတဲ့အတိုင်း လုပ်ရပါမယ်။ နိုင်ငံတကာကလည်း အခြေအနေ စောင့်ကြည့်နေကြတာဘဲ။ အေးအေးချမ်းချမ်း ဖြစ်မဖြစ်ကတော့ စောင့်ကြည့်ရအုံးမယ်။

၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ဘယ်လောက်ထိ အရေးပါလာနိုင်မလဲ။

သူက သမ္မတ မဖြစ်နိုင်တော့ သမ္မတအထက်မှာ ရှိနေမယ်လို့ ပြောတာ သဘောရိုးနဲ့ ပြောတာလား၊ ဘယ်လိုပြောတာလဲဆိုတာ အန်ကယ်တို့ သေချာမသိဘူး။ သမ္မတ အထက်ကနေ ဘယ်လိုပုံစံမျိုးနဲ့ သွားမလဲဆိုတာက ရှိသေးတယ်။

အခုဆိုရင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက် NLD ပါတီက ဒုတိယသမ္မတ နှစ်ဦးလုံး တင်မြှောက်ခွင့်ရသွားပါပြီ၊ ဘယ်သူ့ကိုတင်မြှောက်မယ်လို့ထင်လဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြီးလေးကြီး တွေ့ဆုံဖို့ရှိတယ်။ သူတို့ ဘယ်လိုညှိနှိုင်း ကြမယ်ဆိုတာ မသိသေးဘူး။ ပြည်သူ့လွှတ်တော်အတွက် အရင်ကပြောဆို ဆက်ဆံခဲ့ဘူးတဲ့ ဦးရွှေမန်းကို တင်မလား ဘယ်သူ့ကို တင်မလဲမသိဘူး။ အမျိုးသားလွှတ်တော် အတွက် ဦးခွန်ထွန်းဦး လို့ထင်တယ်။ ဒါ အန်ကယ် အမြင်နော်။

NLD ပါတီမှာ အုပ်ချုပ်ရေးပိုင်း အားနည်းသူတွေ များတယ်လို့ အပြင်မှာ ပြောဆိုသံတွေ ကြားနေပါတယ်၊ အန်ကယ်ဘယ်လိုမြင်ပါသလဲ။

NLD ပါတီ စတည်ထောင်ကတည်းက အန်ကယ်တို့ ပါဝင်ခဲ့တယ်။ အခုလူငယ်တွေက နိုင်ငံရေး အတွေ့အကြုံ နည်းတယ်။ အုပ်ချုပ်ရေးပိုင်းမှာ အားနည်းတာလည်း မှန်ပါတယ်။ သူတို့ ဘယ်လို အစိုးရဖွဲ့မလဲ စောင့်ကြည့်ရမှာပါ။

ဟုတ်ကဲ့ NDF ပါတီ အနေနဲ့ ဘယ်လိုပုံစံနဲ့ ရှေ့ဆက်သွားမလဲ။

ပြည်သူထောက်ခံတဲ့ ပါတီက အနိုင်ရသွားတယ်။ NDF ကပြည်သူ မထောက်ခံတော့ အနိုင်မရခဲ့ဘူး။ လွှတ်တော်ထဲမှာ နေရာမရှိတော့ပေမယ့် လွှတ်တော်ပြင်ပ ပါတီနိုင်ငံရေးကို ဆက်လုပ်သွားမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags