တရုတ်တွင် အမျိုးသားနေ့ အားလပ်ရက်ရှည် စတင်၍ ခရီးသွားလုပ်ငန်းများ ရွှေဖြစ်

တရုတ်တွင် အမျိုးသားနေ့ အားလပ်ရက်ရှည် စတင်၍ ခရီးသွားလုပ်ငန်းများ ရွှေဖြစ်

အောက်တိုဘာ ၁

တရုတ်နိုင်ငံတွင် အမျိုးသားနေ့ စပြီဖြစ်သဖြင့် သန်းပေါင်းများစွာသော ခရီးသွားများသည် ကြာသပတေးနေ့ကစ၍ လမ်းပေါ်ထွက်ကုန်ကြကာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အခက်ဗျာပွေနေခဲ့ရသော ခရီးသွားလုပ်ငန်းအတွက် အလွန်အမင်း လိုအပ်နေသော အသက်ရှုပေါက် ချောင်စေသည့် အလားအလာဖြစ်သည်။

အွန်လိုင်း ခရီးသွားဝန်ဆောင်မှုပေးနေသည့် Trip.com ၏ ခန့်မှန်းချက်အရ လူသန်း ၆၀၀ ခန့်သည် ကိုဗစ်-၁၉ ကပ်ဘေး ပေါက်ဖွားရာ ဗဟိုချက်မဖြစ်သော တရုတ်အလယ်ပိုင်းရှိ ဟူဘေး၊ ကပ်ဘေး လုံးဝမသင့်ခဲ့သည့် အနောက်ဘက်ရှိ ရှင်ကျန်းတို့ အပါအဝင် ပြည်တွင်းခရီးသွား လည်ပတ်စရာ နေရာများကို သွားလည်ကြလိမ့်မည်ဟု ဆိုသည်။

ယခု ကိန်းဂဏန်းများသည် လွန်ခဲ့သောနှစ်က ယခုကဲ့သို့ အလားတူအချိန်တွင် အလည်အပတ် သွားခဲ့ကြသည့် လူပေါင်း ၇၈၂ သန်းနှင့် နှိုင်းယှဉ်ပါက လျော့နည်းသော်လည်း ယခုနှစ်အတွင်းမှာမူ အမြင့်ဆုံးကိန်းဂဏန်း ဖြစ်နေသည်။

ယခုနှစ် အစောပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ချခံခဲ့ချိန်ကစ၍ လူအမြောက်အများ ခရီးသွားခွင့် ပထမဆုံး ရလာခြင်းလည်းဖြစ်သည်။ ပြည်ပမှ ပြန်ပတ်ဝင်လာသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအချို့ ရှိခဲ့သော်လည်း တရုတ်ပြည်တွင်း ကူးစက်မှုဟူ၍ မကြားသိရသည်မှာ သြဂုတ် ၂၄ ရက်နေ့ ကတည်းကဖြစ်ရာ အစိုးရအနေဖြင့် တားမြစ်ချက်များကို ဖြေလျှော့ပြီး ခရိုင်အတွင်း အုပ်စုလိုက် ခရီးသွားသူများ ခွင့်ပြုခြင်း၊ ရုပ်ရှင်ရုံများ ပြန်ဖွင့်ပေးခြင်းနှင့် ခရီးသွားဆွဲဆောင်ရာ နေရာများ ဖွင့်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။

ယခုနှစ် အမျိုးသားနေ့သည် ယဉ်ကျေးမှုအရ အရေးကြီးသော ဆောင်းလည်ပွဲတော်နေ့နှင့်လည်း တိုက်ဆိုင်နေရာ အားလပ်ရက်သည် ရှစ်ရက်ဖြစ်သွားပြီး ယခင်နှစ်ကထက် တစ်ရက်ပိုသွားသည်။

အာဏာပိုင်များက "ရွှေရက်သတ္တပတ်" သည် ခရီးသွားလုပ်ငန်း ပြန်လည် အသက်ဝင်လာပြီး မကြာသေးခင်လများက ထွက်ရှိခဲ့သည့် စီးပွားရေးဆိုင်ရာ အချက်အလက်ကိုလည်း ပိုကောင်းလာစေနိုင်ရန် မျှော်လင့်ထားသည်။

တရုတ်တွင်ရှိသည့် ခရီးသွားအေဂျင်စီ စုစုပေါင်း၏ လေးပုံသုံးပုံဖြစ်သော အေဂျင်စီပေါင်း ၃၀,၀၀၀ ခန့် စက်တင်ဘာ လလယ်လောက်က လုပ်ငန်းလည်ပတ်မှု ပြန်လုပ်နေကြပြီဖြစ်ကာ ကြယ်တစ်ပွင့် သို့မဟုတ် ပိုအဆင့်မြင့်သော ဟိုတယ် ၉၁ ရာခိုင်နှုန်းသည်လည်း ဧည့်လက်ခံရရှိမှုများ ရှိနေပြီဖြစ်ကြောင်း ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန အဆိုအရ သိရသည်။

“ပထမလေးလပတ်မှာ Lockdown လုပ်ခံထားရတာရယ်၊ နယ်ကျော်သွားခွင့် မပြုတာတွေရယ် ဖြစ်ခဲ့ပြီးတဲ့နောက် အတော်လေးကို ခရီးသွားချင်နေကြတာ တွေ့ရပြီး အပြင်ဝေးဝေး မသွားတော့ဘဲ နယ်အတွင်း ခရီးသွားတာတွေ လုပ်လာကြတယ်” ဟု Trip.com ၏ အုပ်ချုပ်မှုအကြီးအကဲဖြစ်သူ ဂျိန်းဆွန်က စက်တင်ဘာ ၂၅ ရက်နေ့တွင် ပြုလုပ်သော ဆန်းစစ်လေ့လာတင်ပြမှုတွင် ပြောကြားခဲ့သည်။

“ဇန်နဝါရီလတုန်းက စီစဉ်ပြီးမှ မသွားဖြစ်ခဲ့တဲ့ ဟန်နန်မှာရှိတဲ့ မိဘတွေဆီကို သွားလည်ဖို့ စီစဉ်ထားတယ်” ဟု ရှန်ဟိုင်းရှိ ရုံးဝန်ထမ်းတစ်ဦးဖြစ်သော မစ္စ အန်နီကဝေါင်က ပြောသည်။

ကိုဗစ် Lockdown ဖြစ်နေခိုက်ဖြစ်သည့်အတွက် ကဝေါင်နှင့် သူ့ခင်ပွန်းတို့သည် တရုတ်နှစ်သစ်ကူးပွဲတော် ဆင်နွှဲရန်လည်း မလုပ်နိုင်ဘဲ ဖြစ်ခဲ့ရသည်။

ရေပန်းစားနေသော ခရီးသွားနေရာ တစ်ခုဖြစ်သည့် အနောက်တောင်ဘက်ရှိ တိဘက်ကို အများဆုံး သွားကြမည်ဖြစ်ကာ ခရီးသွားများက အများသုံး သယ်ယူပို့ဆောင်ရေးများတွင် လူကြပ်မည်ကို စိုးရွံ့ကြသည့်အတွက် ခရီးသွား ၆၀ ရာခိုင်နှုန်းကျော်သည် ကိုယ့်ကားကိုယ် မောင်းသွားကြလိမ့်မည်ဟု မျှော်လင့်ရသည်။

“ကျွန်တော်တို့ကားတွေ အကုန်လုံး ကြိုတင်ငှားရမ်းမှု လုပ်ပြီးသွားကြပြီ” ဟု တိဘက်ရှိ ကားအငှားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။ တိဘက်ကို လည်ပတ်လျှင် ပုံမှန်အားဖြင့် တစ်ပတ် အနိမ့်ဆုံးကြာမြင့်ရာ ခရီးသွားရသည်ကို မက်မက်စက်စက် ရှိလှသည့် ပြည်တွင်း ခရီးသွားများအတွက် အံကိုက်လှသည့်နေရာ ဖြစ်နေသည်။

ယခုကဲ့သို့ အနေအထားတွင် ဟိုတယ်များကလည်း လျှော့ဈေးပေးကာ ကြိုတင်ငွေပေး ဘောင်ချာများ ထုတ်ပေးနေကြသည်။ ရှန်ဇန်တွင်ရှိသည့် ကြယ်ငါးပွင့် ဟိုတယ်တစ်ခုသည် အဖွဲ့ဝင် အစီအစဉ် တစ်ခုလုပ်ကာ  ယွမ်ငွေ ၈,၈၈၈ ပေးသွင်းလျှင် အမြင့်ဆုံးသော “ပလက်တီနမ်” ကတ်ရ၍ ဝန်ဆောင်မှုမျိုးစုံကို မြင့်မားသော တန်ဖိုးများဖြင့် ရမည်ဟုဆိုသည်။ “ကတ်တွေအကုန်လုံး ရက်ပိုင်းအတွင်း ကုန်တာပဲ” ဟု ဟိုတယ်မန်နေဂျာက ပြောသည်။

ပြည်တွင်း လေကြောင်းလိုင်းများက သြဂုတ်လအတွင်း ခရီးသည် ၄၅ ဒသမ ၅၄ သန်းကို သယ်ဆောင်ပျံသန်းခဲ့ရာ ယမန်နှစ် လေးလပတ်သုံးကြိမ်က အရေအတွက်နီးပါး ရောက်ရှိခဲ့သည်ဟု တရုတ်မြို့ပြ လေကြောင်းအုပ်ချုပ်မှုဌာန အချက်အလက်များက ဖော်ပြနေသည်။ အဆိုပါ ကိန်းဂဏန်းသည် ယခုနှစ်အတွင်း အမြင့်ဆုံး ရောက်ရှိခဲ့သော ဂဏန်းဖြစ်ပြီး တဖြည်းဖြည်းချင်း တက်လာရာက ယခုနှစ်တွင် ယမန်နှစ်က ရောက်ရှိခဲ့သော အမြင့်ဆုံး ခရီးသွားအရေအတွက်နှင့် ညီလာလိမ့်မည်ဟု Guotai Junan Securities ၏ စက်တင်ဘာ ၂၈ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော်လည်း နိုင်ငံတကာ ခရီးစဉ်များ ရပ်နားထားရသည့် အတွက်ကြောင့်  လေကြောင်းလိုင်းများ ၂၀၂၂ ခုနှစ်အထိ အမြတ်အစွန်း ပြန်ပေါ်မည့် အနေအထားမရှိဟု ရှန်ဟိုင်းအခြေစိုက် ရှယ်ယာပွဲစားကုမ္ပဏီက မျှော်မှန်းထားသည်။

တရုတ်၏ အကြီးဆုံး လေကြောင်းလိုင်း သုံးခုပေါင်းဆိုလျှင် ၂၀၂၀ ပထမနှစ်ဝက် ကာလတွင် ယွမ်ငွေ ၂၆ ဒသမ ၁၆ ဘီလီယံ အသားတင် အရှုံးပေါ်ခဲ့ရာ ယခင်နှစ်ကာလတူက အရှုံးငွေ ယွမ် ၆ ဒသမ ၇၆ ဘီလီယံနှင့် နှိုင်းကြည့်၍ရသည်။

ဒေသန္တရအစိုးရများက မည်သို့ပင် ခရီးသွားမြှင့်တင်ရေးများ လုပ်ဆောင်နေသော်လည်း ခရီးသွားဖောက်သည်အရေအတွက် ပြန်တက်လာလိမ့်မည်ဟု မည်သူမျှ အကောင်းမမြင်ကြပါ။

“လွန်ခဲ့တဲ့ နှစ်နှစ်က စီးပွားရေးအတက်နှေးလို့ ခံနေခဲ့ရတဲ့ လုပ်ငန်းသေး အများကြီးကို ပိတ်ပစ်ဖို့ ကပ်ဘေးက ပိုတွန်းစေခဲ့တယ်” ဟု ယူနန်ခရိုင်၊ ကူမင်းမြို့ခံ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ ဆိုးကျိုး အရိပ်မိုးနေရာ ယခုနှစ်အတွင်း ပထမဆုံးအနေဖြင့် သြဂုတ်လအတွင်း လက်လီရောင်းအားများ အပေါင်းလက္ခဏာ ဆောင်လာသည်က ကပ်ဘေးမတိုင်မီ ကာလကဲ့သို့ ပြန်ဖြစ်ဖို့ဆိုသည်မှာမူ ခရီးရှည်တစ်ခု လျှောက်လှမ်းရမည်ပင် ဖြစ်သည်ဟု စီးပွားရေးသုတေသီ ဂါဗီကယ်လ်က ပြောသည်။

Lockdown ကြောင့် ဝင်ငွေနည်း အိမ်ထောင်စု အများအပြား ဝင်ငွေဆုံးရှုံးခဲ့ကြရပြီး အစိုးရထံမှလည်း ငွေကြေးအထောက်အကူ မရခဲ့ကြဟု ပေကျင်းအခြေစိုက် သုတေသီ ဂါဗီကယ်က စက်တင်ဘာ ၁၇ ရက်နေ့က ရေးသားခဲ့သည်။ “ဒီ အိမ်ထောင်စုတွေဟာ သူတို့ဘဏ္ဍာရေး အခြေအနေ ပြန်ပြင်ဖို့အတွက် သူတို့ အသုံးစားရိတ်ကို ထိန်းထားရမှာပဲဖြစ်တယ်” ဟု သူက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly