တရုတ်နှင့် အငြင်းပွားကျွန်းစုများအရေး ဆွေးနွေးရန် ဗီယက်နမ် ကြိုးပမ်း

တရုတ်နှင့် အငြင်းပွားကျွန်းစုများအရေး ဆွေးနွေးရန် ဗီယက်နမ် ကြိုးပမ်း

 အောက်တိုဘာ ၁

တောင်တရုတ်ပင်လယ်၌ ပိုင်နက်အငြင်းပွားမှုအရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲများ ကျင်းပရန် ဗီယက်နမ်သမ္မတက တရုတ်သမ္မတနှင့် အင်္ဂါနေ့က ဖုန်းပြောဆိုရာတွင် တိုက်တွန်းပြောဆိုခဲ့သည်ဟု ဗီယက်နမ်နိုင်ငံပိုင်သတင်းတွင် ဖော်ပြသည်။ 

နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်သည်ဟု အတည်ပြုထားသော ပရာဆဲလ်ကျွန်းများအနီးတွင် တရုတ်က စစ်ရေးလေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် နှစ်နိုင်ငံအနေဖြင့် တည်ရှိနေဆဲ ပြဿနာများ အထူးသဖြင့် ရေပြင်အရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် အတူလုပ်ဆောင်သွားသင့်ကြောင်း ငုယင်ဖူထရွန်က ရှီကျင့်ဖျင်ကို အကြံပြုခဲ့သည်ဟု ဗီယက်နမ်ကွန်မြူနစ်ပါတီသတင်းစာ Nhan Dan က ဖော်ပြသည်။ 

ပြဿနာအကျပ်အတည်းများအပေါ် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းကို ခေါင်းဆောင်နှစ်ဦးက အလေးအနက်ထားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

ကွန်မြူနစ်ပါတီများ အာဏာအုပ်စိုးသည့် နှစ်နိုင်ငံကြားက ဆက်ဆံရေးသည် ယခုနှစ်၌ သမိုင်းသစ်အစမှတ်သို့ ရောက်ရှိပြီး သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်ပဲ ဖြစ်သည်ဟု ရှီကျင့်ဖျင်က ပြောသည်။ 

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွင်း၌ ညီရင်းအစ်ကို ဆက်ဆံရေးအားဖြင့် အပြန်အလှန်ကူညီခဲ့ကြကြောင်း ပြောရင်း ရှီကျင့်ဖျင်က နှစ်နိုင်ငံ ကွန်မြူနစ်ပါတီခေါင်းဆောင်များကို ချီးကျူးဂုဏ်ပြုသည်။ 

သမ္မတ ထရွန်က အပြန်အလှန်ဆက်ဆံရေးသည် နှစ် ၇၀ အတွင်း အတက်အကျများစွာ ဖြတ်သန်းခဲ့ရသည်ဟု ပြောကြောင်း Nhan Dan သတင်းက ကိုးကားဖော်ပြသည်။ 

ယခု သီတင်းပတ်မှ စတင်ကာ တရုတ်နိုင်ငံသည် ၎င်းက ကျိရှားဟု ခေါ်တွင်ပြီး ဗီယက်နမ်တွင် ဟောင်ဆာဟု ခေါ်သော ပရာဆဲလ်ကျွန်းများနားတွင် အပါအဝင် ရေပြင်ဧရိယာ လေးနေရာ၌ စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေခြင်းဖြစ်သည်။ 

အဆိုပါ စစ်ရေးလေ့ကျင့်မှုများမှာ ယခုနှစ်၌ ထိုကျွန်းစုများအနီး တရုတ်နိုင်ငံ ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများမှ တစ်ခုဖြစ်ပြီး ဗီယက်နမ်မှ အပြင်းအထန် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားစေသည်။ 

သံတမန်ဟန်ရုပ်ဖြင့် စစ်အင်အားကိုပါ လှစ်ဟပြခြင်းသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ပင်လယ်ပြင်အငြင်းပွားမှုများကို ချည်းကပ်မှု ပုံစံပဲဖြစ်သည်ဟု စင်ကာပူရှိ S Rajaratnam School of International Studies မှ သုတေသီ ကောလင်းကို့ရှ်က ပြောသည်။ 

“တရုတ်ဟာ အင်အားသာကြောင်းနဲ့ ဗီယက်နမ်အနေနဲ့ တစ်ခုခု လုပ်ဖို့ ကြိုးစားလာရင် အကျိုးအမြတ် ဘာမှ ရှိမှာမဟုတ်ဘူးဆိုတာကို အသိစွဲသွားအောင် လက်ရုံးအားကိုးတဲ့ ဆွေးနွေးပွဲကိုပဲ ထောက်ခံနေတာဖြစ်တယ်။”ဟု ၎င်းက ပြောသည်။ 

ရှီကျင့်ဖျင်နှင့် ထရွန်တို့၏ ဖုန်းပြောဆိုမှုသည် ရေပြင်ကိစ္စရပ်နှင့် မပတ်သက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန််ကြီးဌာနက ထုတ်ပြန်သော်လည်း ခေါင်းဆောင်နှစ်ဦးအနေဖြင့် အငြင်းပွားမှုအရေး ဆွေးနွေးဖြစ်ရန် ရှိသည်ဟု Xiamen တက္ကသိုလ်မှ အရှေ့တောင်အာရှရေးရာ အထူးပြုပညာရှင် ကျောင်းကျို့တူက ပြောသည်။ 

တောင်တရုတ်ပင်လယ် ပိုင်ဆိုင်ကြောင်း အတည်ပြုချက်နှင့် ပတ်သက်ကာ ကန့်ကွက်သည့်အနေဖြင့် တရုတ်အား တရားစွဲဆိုအမှုတင်ရန် ဗီယက်နမ်က စဉ်းစားလျက် ရှိသည်။ 

ပရာဆဲလ်ကျွန်းအပြင် တရုတ်က ပိုင်ဆိုင်သည်ဟု အတည်ပြုထားသော စပရက်လီကျွန်းစုများနှင့် ပတ်သက်ပြီးလည်း ဗီယက်နမ်နိုင်ငံက အငြင်းပွားကာ မတ်လအတွင်း၌ ကုလသမဂ္ဂတွင် ဗီယက်နမ်ကိုယ်စားလှယ်က ကန့်ကွက်ကြောင်း ပြောထားသည်။ 

တရုတ်၏ တောင်တရုတ်ပင်လယ် ပိုင်နက်အတည်ပြုချက်ကို ဖိလစ်ပိုင်နိုင်ငံက အောင်မြင်စွာ တရားစွဲဆိုခဲ့ပြီး သည်ဟိတ်တရားရုံးတွင် ၂၀၁၆ စီရင်ထုံး၌ တရားနိုင်ထားသည်။ 

အဆိုပါ ဖိလစ်ပိုင် တင်သော အမှု၏ စီရင်ချက်ကို တရုတ်က ငြင်းပယ်သလို ဗီယက်နမ်က အလားတူ အမှုတင်လျှင်လည်း တရုတ်အတွက် စိုးစဉ်းမျှသာ အပြောင်းအလဲ ဖြစ်စေနိုင်သည်ဟု ကျောင်းကျို့တူက ပြောသည်။ 

“နှစ်နိုင်ငံကြားက ဒီ ပြဿနာဟာ အတော်လေး ခက်ခဲပါတယ်။ အပြန်အလှန်ဆက်ဆံရေးတောင် ရပ်သွားနိုင်သလို နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်။”ဟု ၎င်းက ပြောသည်။ 

“ဒီ ပြဿနာဟာ ရှောင်လွှဲမရဘဲ ဖြေရှင်းရခက်တာကြောင့် နှစ်နိုင်ငံဟာ သူတို့ကြား ဆက်ဆံရေးရဲ့ အခြား အပိုင်းကဏ္ဍတွေအပေါ် ဦးတည်ထားနေတယ်။ ရေပြင်အငြင်းပွားမှု ဒီရေကို အရှိန်လျှော့ချနိုင်ဖို့အတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ၊ ဒါမှမဟုတ် အခြား ပူးပေါင်းဆောင်ရွက်မှုတွေကိုပဲ ဦးတည်ထားနေတော့တာ ဖြစ်တယ်။”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly