ရွေးကောက်ပွဲ ရာနှုန်းပြည့် နိုင်အောင် ကြိုးစားမည်ဟု နှင်းဆီပါတီ ပြော

ရွေးကောက်ပွဲ ရာနှုန်းပြည့် နိုင်အောင် ကြိုးစားမည်ဟု နှင်းဆီပါတီ ပြော

အောက်တိုဘာ ၁၊ ၂၀၂၀

နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ပါတီ ဥက္ကဋ္ဌ ဦကျော်မြင့် (ခ) ဇခုန်ဇုန်းဆောင် ဖမ်းဆီးခံရပြီးနောက် ပါတီ ပြိုကွဲစရာ မရှိကြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရာနှုန်းပြည့် နိုင်စေရန် ကြိုးစား မည်ဟု ယင်းပါတီ၏ ဗဟို တွဲဘက် အတွင်းရေးမှူး ဦးသိုက်ထွဏ်းက ပြောသည်။

“အခုလက်ရှိ အနေထားကတော့ UEC ( ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်) ကနေ ပြီးတော့ ကိုယ်စားလှယ်တွေကို မေးမြန်းစစ်ဆေးပြီး မှန်မှန်ကန်ကန်နဲ့ ကန့်ကွက်ရန်မရှိလို့ ကိုယ်စားလှယ်လောင်းတွေ ဖြစ်လာတဲ့ အတွက် ဘယ်သူ့ကိုမှ အတိုက်အခံ မလုပ်ဘဲနဲ့ ကျွန်တော်တို့လမ်းကို ကျွန်တော်တို့ ဆက်လျှောက်သွားမှာပါ။ တိုင်းပြည်ကောင်ဖို့ လုပ်တဲ့သူဆိုရင် လက်တွဲမှာပါ။ ၂၀၂၀ ရွေးကောက်ပွဲကို ရာနှုန်းပြည့်နိုင်အောင် ကြိုးစားသွား မှာ” ဟု ဗဟို တွဲဘက် အတွင်းရေးမှူး ဦးသိုက်ထွဏ်းက မဇ္ဈိမကို ပြောသည်။

ပါတီ ဥက္ကဋ္ဌ ဦကျော်မြင့်ကို စက်တင်ဘာလ ၂၉ ရက်ညပိုင်းတွင် ရဲက ရန်ကုန်ရှိ ပန်းလှိုင်အိမ်ယာတွင် ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်၍ “ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၂၄ အရ အမှုဖွင့်ထားတဲ့ ရဲဘက်ပြေး ဖြစ်တဲ့အတွက် ရဲဝရမ်း နဲ့ဖမ်းတာ ဖြစ်ပါတယ်။ ကျန်တာတွေက စိစစ်ဆဲ၊ ဖော်ထုတ်ဆဲ ဖြစ်ပါတယ်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြောခဲ့သည်။

UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်မှာ ၁၉၉၉ ခုနှစ်က မန္တလေးအကျဉ်းထောင်တွင် ထောင်ကျနေရင်း ဆေးကုသမှုခံယူစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း Myanmar Now သတင်းဌာနက စတင် ဖော်ပြခဲ့သည်။

ပါတီ၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ဦးသိုက်ထွဏ်းက “ဥက္ကဋ္ဌကြီးရဲ့ သမိုင်းကတော့ သူရဲ့ personal  (ကိုယ်ရေးကိုယ်တာ) ကိစ္စပေါ့နော်။ ပါတီအနေနဲ့ကျတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ စုပေါင်းပြီးလုပ်တာလေ၊ ဦးကျော်မြင့်ပါတီလည်း မဟုတ်ဘူး။ ပါတီအတွက်လည်း အခက်အခဲတွေတော့ မဖြစ်နိုင်ပါဘူး။ တိုင်းပြည်ကောင်းဖို့ စိတ်ဓာတ်နဲ့ လုပ်တာဖြစ်တဲ့အတွက် ပါတီက ပြိုကွဲစရာမရှိပါဘူး” ဟု ပြောသည်။

သူကဆက်လက်၍ ဥက္ကဋ္ဌ ဦးကျော်မြင့်က ပါတီသည် သူ့ပါတီ မဟုတ်သည့်အတွက် ပါတီကို ခိုင်ခိုင်မာမာ သိက္ခာရှိရှိ ဆောင်ရွက်ရန် ပြောကြောင်းနှင့် သီးခြား ညွှန်ကြားချက် မရှိကြောင်းလည်း ပြောသည်။

နှင်းဆီပါတီဥက္ကဋ္ဌကို ဖမ်းဆီးသွားကြောင်း သတင်းများ ထွက်လာပြီးနောက် ကားများတွင် ကပ်ထားသည့် နှင်းဆီပါတီတံဆိပ်နှင့် အလံများကို ခွာနေသည့်ဓာတ်ပုံများလည်း လူမှုကွန်ရက် မီဒီယာတွင် တက်လာနေသည်ကို တွေ့ရသည်။
ထို့အပြင် ပါတီဝင်အချို့ နုတ်ထွက်မှုနှင့် ပတ်သက်၍ “ပါတီဝင်တွေကတော့ အမျိုးမျိုးရှိတယ်။ ပါတီကို စိတ်ဝင်စားလို့ ဝင်တဲ့ သူတွေ၊ အဖျက်လုပ်ဖို့သူတွေ၊ သူတို့ရဲ့ အတွေးအခေါ်တွေ အားလုံးကိုတော့ ကျွန်တော် မသိဘူးပေါ့။ စိတ်တော့မကောင်းဘူးပေါ့ဗျာ” ဟု ဦးသိုက်ထွဏ်းက ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် မဲဆန္ဒနယ် ထပ်တူနီးပါး ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ထားသည့် နှင်းဆီပါတီ၏ ဘဏ္ဌာရေးပိုင်းနှင့် ပတ်သက်၍ မှန်းဆ ပြောဆို မှုများလည်း ထွက်ပေါ်နေသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တပ်မတော် သို့မဟုတ် နိုင်ငံခြား အကူအညီတို့ကဲ့သို့ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းခြင်း မရှိကြောင်း၊ ကိုယ်ပိုင်ငွေနှင့် လုပ်ဆောင်ခြင်းသာဖြစ်ပြီး ရုံးအသုံးစရိတ်ကိုပင် ပါတီထံမှ မယူထားကြောင်း၊ ယင်းထွက်ပေါ်နေသည့် သတင်းများ လွဲမှားကြောင်း ဦးသိုက်ထွဏ်းက ငြင်းဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့ အစောပိုင်းက နှင်းဆီပါတီဥက္ကဋ္ဌ ပြန်လွတ်လာပြီဟု လူမှုကွန်ရက်တွင် ရေးသားနေမှုများအပေါ် ဦးသိုက်ထွဏ်းက ဦးကျော်မြင့်သည် တာဝန်သိသိဖြင့် မေးမြန်းသည်များကို သွားဖြေခြင်း ဖြစ် ကြောင်း၊ ဥပဒေနှင့်အညီ တရားမျှတမှု ရှိလိမ့်မည်ဖြစ်ကြောင်းသာ ဖြေကြားသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ ရက်စွဲဖြင့် နှင်းဆီပါတီ၏ ထုတ်ပြန်ချက်တွင် ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ နောက်ကြောင်းနှင့် ပတ်သက်၍ မီဒီယာများ၏ ဖော်ပြချက်များ၊ လူမှုမီဒီယာတွင် ထွက်ပေါ်နေသည့် ပြောဆိုချက်များ မှန်ကန်ခြင်း မရှိဟု ငြင်းဆိုထားသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် ပါတီတွင်း ဖြန့်ဝေသည့် ထုတ်ပြန်စာ၌ ပါတီသည် “တစ်ဦးတစ်ယောက်တည်း ပေါ်တွင် မှီခို၍ ဖွဲ့စည်းထားသော သူရဲကောင်းပါတီ မဟုတ်” ကြောင်းနှင့် ပါတီဝင်များ အနေဖြင့် ပါတီဥက္ကဋ္ဌ၏ “ကိုယ်ရေးကိုယ်တာ ကိစ္စနှင့် ပတ်သက်သော စိုးရိမ်ကြောင့်ကြခြင်း၊ ပူပန်ခြင်းများ လုံးဝ (လုံးဝ) မရှိကြပါရန်” ဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly