တပ်တွေ ရုပ်သိမ်းမယ့် အမေရိကန်ရဲ့ ခြိမ်းခြောက်ချက်ကြောင့် စိတ်မချမ်းမသာဖြစ်ရဟု အီရတ် ပြော 

တပ်တွေ ရုပ်သိမ်းမယ့် အမေရိကန်ရဲ့ ခြိမ်းခြောက်ချက်ကြောင့် စိတ်မချမ်းမသာဖြစ်ရဟု အီရတ် ပြော 
Photo - AFP

အောက်တိုဘာ ၁

တပ်ဖွဲ့ဝင်တွေနဲ့ သံတမန်တွေကို ပြန်လည်ရုပ်သိမ်းမယ်လို့ အမေရိကန်ရဲ့ အန္တရာယ်များတဲ့ ခြိမ်းခြောက်မှုအတွက် အီရတ်နိုင်ငံအနေနဲ့ စိတ်မချမ်းသာစရာ ဖြစ်ရကြောင်း နိုင်ငံခြားရေးဝန်ကြီး ဖော်ရက်ဒ်ဟူစိန်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ 

အီရတ်မှာ အမေရိကန်အမှုထမ်းတွေ တိုက်ခိုက်ခံနေရတာကို အီရတ်အစိုးရ မတားဆီးပေးနိုင်ခဲ့ရင် အီရတ်ကနေ အမေရိကန်အမှုထမ်းအားလုံး ထွက်ခွာရလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရာဇသံတစ်ရပ် ထုတ်ခဲ့ကြောင်း နိုင်ငံရေးနဲ့ သံတမန်သတင်းရင်းမြစ်တွေက အေအက်ဖ်ပီကို ပြောပါတယ်။ 

“အမေရိကန် တပ်နုတ်သွားခဲ့ရင် ဂျီဟတ်တွေကို တိုက်ခိုက်နေတဲ့ အမေရိကန်ဦးဆောင် ညွန့်ပေါင်းတပ်က အဖွဲ့ဝင်တွေကလည်း တပ်ရုပ်သိမ်းတာတွေ လုပ်လာလိမ့်မယ်။ အိုင်အက်စ်အဖွဲ့ဟာ အီရတ်ကိုပဲ မဟုတ်ဘူး၊ ဒေသတစ်ခုလုံးကို ခြိမ်းခြောက်နေတာကြောင့် အဲဒီအခါကျရင် အန္တရာယ်တွေတော့ ကြုံလာရလိမ့်မယ်။”လို့ ဝန်ကြီး ဖော်ရက်ဒ်ဟူစိန်က ပြောပါတယ်. 

“အမေရိကန်အနေနဲ့ သူ့ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”လို့ သူက ထပ်လောင်းပြောပါတယ်။  

“ဝါရှင်တန်က တစ်ချို့ပုဂ္ဂိုလ်တွေဟာ ဘန်ဂါဇီမြို့ တိုက်ခိုက်မှုနဲ့ ယှဉ်ထိုးပြီး သုံးသပ်ဆုံးဖြတ်တာတွေ လုပ်ဆောင်နေတယ်။ ဒါဟာ မှားယွင်းတဲ့ သုတေသနပြု သုံးသပ်တာပဲ ဖြစ်သလို အပြစ်အနာဆာများတဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်တယ်။”လို့ လစ်ဗျားနိုင်ငံရဲ့ ဒုတိယမြို့တော်ကို ရည်ညွှန်းပြီး ဝန်ကြီးက ပြောပါတယ်။ 

၂၀၁၂ ခုနှစ်က ဘန်ဂါဇီမြို့မှာ ဆန္ဒပြလူအုပ်နဲ့ ရောနှောပါလာတဲ့ အစ္စလာမ္မစ်စစ်သွေးကြွတွေက အမေရိကန်ကောင်စစ်ဝန်ရုံးကို ဝင်းစီးနင်းခဲ့ရာမှာ လစ်ဗျားဆိုင်ရာ အမေရိကန်သံအမတ်ကြီးအပါအဝင် အမေရိကန်အမှုထမ်း လေးဦး အသတ်ခံခဲ့ရပါတယ်။  

အီရတ်မှာလည်း ၂၀၁၉ အောက်တိုဘာကနေ အခုနှစ် ဇူလိုင်အထိ အမေရိကန်သံရုံးနဲ့ တပ်စခန်းတွေကို ပစ်မှတ်ထားတဲ့ ဒုံးကျည်တိုက်ခိုက်မှု အကြိမ် ၄၀ နီးပါး ရှိခဲ့ပါတယ်။ 

ဩဂုတ်လအတွင်းက အီရတ်ဝန်ကြီးချုပ် မူစတာဖာအယ်လ်ခါဒီမီကို အိမ်ဖြူတော်က ခမ်းခမ်းနားနား ကြိုဆိုခဲ့ချိန်ကစပြီး ခုလိုမျိုး တိုက်ခိုက်မှုတွေ သိသိသာသာ တိုးများလာခဲ့တာ ဖြစ်ပါတယ်။ 

နှစ်လတာအတွင်းမှာ သံရုံးနဲ့ စစ်စခန်းတွေတင်မက အမေရိကန်နဲ့ မဟာမိတ်တွေအတွက် ရိက္ခာထောက်နေတဲ့ ယာဉ်တန်းတွေကိုပါ တိုက်ခိုက်လာတဲ့ နောက်ထပ်တိုက်ခိုက်မှု အကြိမ် ၃၀ ဖြစ်ပွားထားပါတယ်။ 

“နိုင်ငံခြားသံရုံးတွေကို တိုက်ခိုက်တာဟာ သူတို့ကို ကာကွယ်ပေးရမယ့် တာဝန်ရှိနေတဲ့ အစိုးရကို တိုက်ခိုက်တာပဲ။”လို့ အီရတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ 

မကြာသေးတဲ့ တိုက်ခိုက်မှုအများစုကို ရှီယိုက်လက်နက်ကိုင်အုပ်စုတွေထဲက လူသိနည်းတဲ့ အဖွဲ့ငယ်လေးတွေက ၎င်းတို့ လုပ်ဆောင်တာဖြစ်တယ်လို့ အတည်ပြုထားကြပါတယ်။ ဆွန်နီအစွန်းရောက် အိုင်အက်စ်တွေကို တိုက်ခိုက်တဲ့ တိုက်ပွဲကာလအတွင်း အိမ်နီးချင်း အီရန်နိုင်ငံဟာ ရှီယိုက်လက်နက်ကိုင်အုပ်စုတွေကို လက်နက်တပ်ဆင်ပေးပြီး လေ့ကျင့်သင်တန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ 

ဒီ လက်နက်ကိုင်အုပ်စုတွေဟာ အရင် ဝန်ကြီးချုပ်တွေထက် အမေရိကန်ကို ပိုပြီး လိုလားသူလို့ ရှုမြင်ခံရတဲ့ ဝန်ကြီးချုပ် ခါဒီမီနဲ့ အားပြိုင်နေကြတာပဲ ဖြစ်ပါတယ်။  

ခုလို ဘေးအန္တရာယ်တွေမှာ မီးမောင်းထိုးပြစရာအအဖြစ် တနင်္လာနေ့ ညနေပိုင်းမှာပဲ ဘဂ္ဂဒက်လေဆိပ်ကို ပစ်မှတ်ထားတဲ့ ဒုံးကျည်တိုက်ခိုက်မှုဟာ အနီးက အိမ်တစ်အိမ်ကို ထိမှန်ပြီး တစ်မိသားစုတည်းက ကလေးငါးဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရပါတယ်။ 

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့က လုံခြုံရေး မြင့်မားတဲ့ ဂရင်းဇုန်အရပ်မှာ အလုပ်တာဝန်နဲ့ အမေရိကန်သံတမန် ရာပေါင်းများစွာ ရှိနေဆဲဖြစ်သလို အီရတ်နိုင်ငံအနှံ့က တပ်စခန်း သုံးခုမှာ အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၃၀၀၀ နီးပါး ရှိနေဆဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required