တရုတ်သည် ထင်သလောက်မစွမ်းကြောင်း အိန္ဒိယက ဒေါ့က်လန် တွင်ပြသခဲ့သည်ဟု အမေရိကန်စာစောင်တွင်ဖော်ပြ

By Eur Asian Times
01 October 2020
တရုတ်သည် ထင်သလောက်မစွမ်းကြောင်း အိန္ဒိယက ဒေါ့က်လန် တွင်ပြသခဲ့သည်ဟု အမေရိကန်စာစောင်တွင်ဖော်ပြ

အောက်တိုဘာ ၁ 

၂၀၁၇ ခုနှစ်တွင်အိန္ဒိယနှင့်တရုတ်တပ်မတော်တို့သည်တရုတ်-ဘူတန်-အိန္ဒိယ သုံးနိုင်ငံနယ်စပ်ရှိ ဒေါ့က်လန် (Doklam) ဒေသတွင်အငြင်းပွားမှုတစ်ခုဖြစ်ပွားခဲ့ပြီးနှစ်လခန့်ရှေ့မတိုးနောက်မဆုတ် သာအခြေအနေဖြစ်ပေါ်ခဲ့သည်။ နောက်ဆုံးတွင်နှစ်နိုင်ငံလုံးမှသံတမန်ရေးနှင့်စစ်ရေးဆိုင်ရာ ဆွေးနွေးမှု များပြုလုပ်ဖြေရှင်းခဲ့ရသည်။ 

တရုတ်လွတ်မြောက်ရေးတပ်မတော်( People’s Liberation Army-PLA ) သည်တပ်များပြောင်းရွှေ့ရန် အတွက်ရန်စသည့်ဗျုဟာကိုခင်းခဲ့ပြီး  အိန္ဒိယတပ်မတော်မှဒေါသတကြီးတုန့်ပြန်လာရန်စီစဉ်ခဲ့ သော်လည်း အိန္ဒိယ ၏တုန့်ပြန်မှုကြောင့် တရုတ်အစိုးရသည်အံ့ဩထိတ်လန့်သွားခဲ့သည်ဟု စစ်ရေး လေ့လာသူများမှယုံကြည်ထားကြသည်။  

မည်သို့ပင်ဖြစ်စေလက်ရှိတွင်အိမ်နီးချင်းနှစ်နိုင်ငံအကြားလိပ်ခဲတည်းလည်းအနေအထားဖြစ်ပေါ်နေခြင်းသည်အခြေအနေကိုပိုမိုပြင်းထန်နေစေသည်။ ဒေါ့က်လန် အရေးဖြစ်ပေါ်ပြီးတစ်နှစ်ခန့်အကြာတွင် ဆာရက်အာတာဟက်စ်နင် မှ ဟိမဝန္တာတောင်ခါးပန်းတစ်လျှောက်တွင် တရုတ်သည် အိန္ဒိယကို စိတ်ဓာတ်ရေးရာအရထိန်းချုပ်သည့်မဟာဗျုဟာကိုဆက်လက်လုပ်ဆောင်နေပြီး အိန္ဒိယတို့၏လုံခြုံရေး ဆိုင်ရာအမြင်တို့သည်လည်း ထိုဖြစ်ရပ်အပေါ်စွဲမြဲနေလိမ့်မည်ဖြစ်ကြောင်း အိန္ဒိယဘက်မှခုခံမှုများကို အဆိုပါဗျုဟာဖြင့်ကျော်လွှားနိုင်မည်ကို ဒေါ့က်လန် အရေးရှေ့မတိုးနောက်မဆုတ်သာဖြစ်နေမှုက ရှင်းရှင်းလင်းလင်း ပြသနေကြောင်း၊ ဒေါ့က်လန် တွင်အိန္ဒိယ၏တန်ပြန်မဟာဗျုဟာသည်တရုတ် ကိုအံ့ဩထိတ်လန့်သွားစေသကဲ့သို့နောက်မဆုတ်တမ်းတန်ပြန်မှုသည် တရုတ်အစိုးရမှအိန္ဒိယစစ်သည် များကိုအင်အားဖြင့်မဖယ်ရှားနိုင်သည်ကိုပြသနေကြောင်းဖြင့်ရေးသားခဲ့သည်။ 

တရုတ်သည် ဒေါ့က်လန် အရေးတွင်ကြီးမားသောသင်ခန်းစာကိုရရှိသွားသဖြင့်နယ်စပ်ထိန်းချုပ်မျဉ်း (Line of Actual Control-LAC ) အနီးတွင်လေတပ်စခန်းနှင့်စစ်ရေးအထောက်အကူပြုအဆောက်အဦ များကိုတည်ဆောက်ရန်ဆုံးဖြတ်ခဲ့သည်။ အမေရိကန်ပထဝီနိုင်ငံရေးဆိုင်ရာမဂ္ဂဇင်း စထရက်ဖော် (Stratfor ) မှ “ဒေါ့က်လန် အရေးအခင်းကြောင့် တရုတ်၏မဟာဗျုဟာရည်မှန်းချက်များ ပြောင်းလဲ လာပုံရပြီး လွန်ခဲ့သည့်သုံးနှစ်တာအတွင်း တရုတ်သည်အိန္ဒိယနယ်စပ်အနီးတွင်လေတပ်စခန်းများ၊ လေကြောင်းရန်ကာကွယ်ရေးစခန်းများနှင့်ရဟတ်ယာဉ်ကွင်းများကိုနှစ်ဆတိုး၍တပ်ချလာသည်” ဟုရေးသားဖော်ပြခဲ့သည်။ 

တရုတ်သည်ပိုမိုကြီးမားသောမဟာဗျုဟာ၏တစ်စိတ်တစ်ပိုင်းအနေဖြင့်လေတပ်စခန်း ၃ ခု၊ ‌လေကြောင်း ရန်ကာကွယ်ရေးအမြဲတမ်းစခန်း ၅ ခုနှင့်ရဟတ် ယာဉ်စခန်း ၅ ခုတို့ကိုစတင်တည်ဆောက်ခဲ့သည်။ ဂြိုဟ်တုမှရရှိသောပုံများအရတရုတ်သည် လာဒတ်( Ladakh) အရေးအခင်းစတင်ဖြစ်ပွားပြီးချိန်မှစ၍ ရဟတ်ယာဉ်စခန်း ၄ ခုကိုစတင်ဆောက်လုပ်ခဲ့သည်ဟု စထရက်ဖော် မှရေးသားခဲ့သည်။  

၂၀၁၇ ခုနှစ် ဇွန်လတွင် ဒေါ့က်လန် ဒေသ၌အိန္ဒိယနှင့်တရုတ်တပ်ဖွဲ့တို့ထိတွေ့မှုဖြစ်ပွားခဲ့သည်။ ထိုအချိန်မှစ၍တရုတ်သည်အိန္ဒိယနယ်စပ်အနီးတွင်လေတပ်စခန်း ၃ ခု၊ လေကြောင်းရန်ကာကွယ်ရေး အမြဲတမ်းစခန်း ၅ ခုနှင့်ရဟတ်ယာဉ်စခန်း ၅ ခုအပါအဝင်အင်အားအပြည့်ပါဝင်သည့်စစ်စခန်းသစ် အနည်းဆုံး ၁၃ ခုကိုစတင်ဆောက်လုပ်ခဲ့သည်ဟု စထရက်ဖော်မှရေးသားခဲ့သည်။ 

၂၀၁၇ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ဒေါ့က်လန် အရေးကာလအတွင်း တရုတ်တပ်ဖွဲ့များသည် ဒေါ့က်လန် ကုန်းပြင်မြင့်သို့တိတ်တဆိတ်ရွှေ့ပြောင်းလာပြီးလမ်းမကြီးတစ်လမ်းကိုစတင်ဖောက်လုပ်ခဲ့ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည်အငြင်းပွားကုန်းမြင့်တွင်နှစ်ပေါင်းများစွာရှိရင်းစွဲအတိုင်းရှိနေသည့်အခြေအနေများကို ပြောင်းလဲလိုသောကြောင့်ဖြစ်ဟန်တူသည်။ 

တရုတ်၏လုပ်ရပ်ကိုတန်ပြန်သည့်အနေဖြင့် လမ်းမကြီးဖောက်လုပ်နေခြင်းကိုရပ်တန့်ရန်အိန္ဒိယတပ်ဖွဲ့ များရောက်ရှိလာကြသည်။ ထိုဖြစ်ရပ်သည် ၇၅ ရက် ခန့်ကြာမြင့်ပြီးနောက်တရုတ်နှင့်အိန္ဒိယတို့အကြား စစ်ရေးအရရှေ့မတိုးနောက်မဆုတ်သာဖြစ်နေခြင်းမှာယခုထိတိုင်အောင်ဖြစ်သည်။ 

ဒေါ့က်လန် နယ်စပ်အငြင်းပွားမှုနှင့်ပတ်သက်၍သဘောတူညီချက်ရရှိစေရန် တရုတ်ကဘူတန်ကိုဖိအား ပေးနေသည်ဟူသောသတင်းများလည်းထွက်ပေါ်လာသည်။ သဘောတူညီချက်အရ တရုတ်နှင့်ဘူတန် အကြားနယ်စပ်မှသည် အငြင်းပွားဒေသအတွင်းတရုတ်ပိုင်နယ်စပ်ဖြစ်လာစေရန်တရုတ် အစိုးရမှလိုလား လျက်ရှိသည်။ 

LAC  ရှိတရုတ်မဟာဗျုဟာသည်တောင်တရုတ်ပင်လယ်တွင်းမှ မဟာဗျုဟာနှင့်တူညီလျက်ရှိသည်ဟု စထရက်ဖော် မှထောက်ပြထားသည်။ “အငြင်းပွားနယ်စပ်ဒေသများသို့တရုတ်တပ်ဖွဲ့များဝင်ရောက် လာနိုင်စေရန် တရုတ်အစိုးရ၏အလွန်ကောင်းမွန်သောစွမ်းဆောင်ရည်နှင့် ထောက်ပံ့ရေးအစီအစဉ် တို့ကြောင့် နယ်မြေအငြင်းပွားမှုဆိုင်ရာစိန်ခေါ်မှုပြုခြင်းဖြင့်” တရုတ်ကအိန္ဒိယနှင့်ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးစားခဲ့သည်။ 

တရုတ်သည်တောင်တရုတ်ပင်လယ်တွင်အမြဲတမ်းစစ်စခန်းများထားရှိကာရေတပ်အင်အားတောင့်တင်းမှုကြောင့်စစ်ရေးအရတိုက်ခိုက်မလာနိုင်အောင်ပြင်ဆင်ထားသည်။ 

“ တရုတ်သည် တောင်တရုတ်ပင်လယ်ဗျုဟာအတိုင်းတူညီသောဗျုဟာကို အိန္ဒိယနယ်စပ်တွင်သုံးစွဲ ထားပြီးစစ်ရေးအရရင်ဆိုင်လိုသည့်ရည်ရွယ်ချက်နှင့် စွမ်းအားကိုထင်ထင်ရှားရှားပြသထားသည်။ ထိုသို့ပြသထားခြင်းဖြင့်နောက်ထပ်ဖြစ်ပေါ်လာနိုင်သည့်နယ်စပ်အငြင်းပွားမှုများတွင် အိန္ဒိယ၏ ခံစစ် သို့မဟုတ် ထိုးစစ်ကိုဟန့်တားရန်တရုတ်ဘက်မှရည်ရွယ်ထားသည်။” 

“တရုတ်တပ်မတော်သည်အမြဲတမ်းစစ်စခန်းများကို အမြန်ဆုံးတိုးချဲ့ရခြင်းမှာလက်ရှိဖြစ်ပေါ်နေသည့် နယ်စပ်အရေးကိုကာလရှည်အောင်ဆွဲဆန့်လိုသည့်ရည်ရွယ်ချက်ကြောင့်ဖြစ်သည်”ဟု စထရက်ဖော် မှ ရေးသားခဲ့သည်။ ရာဖဲလ် (Rafale )ဂျက်တိုက်လေယာဉ်များဝင်ရောက်လာခြင်းမှာအိန္ဒိယ အတွက် အကျိုးရှိစေသော်လည်းနယ်စပ်ဒေသတွင်း လက်နက်များမတပ်ဆင်ရသေးမီအငြင်းပွားမှုများဆက်လက် ဖြစ်ပေါ်နေဦးမည်ဖြစ်သည်။တစ်ချိန်တည်းမှာပင် အိန္ဒိယအစိုးရသည် တရုတ်ကိုတန်ပြန်ရန်နှင့်ရှိရင်းစွဲ အနေအထားကိုပြောင်းလဲမည့်အစီအစဉ်များအလုပ်ဖြစ်စေရန်စစ်အင်အားကို မြှင့်တင်လျက်ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly