ကျပ်သိန်း ၁၅၀၀၀ ဆုကြီးကို ဟင်္သာတမှ လယ်သမားဆွတ်ခူး

ကျပ်သိန်း ၁၅၀၀၀ ဆုကြီးကို ဟင်္သာတမှ လယ်သမားဆွတ်ခူး

အောက်တိုဘာ ၁ ရက်၊ ၂၀၂၀ ပြည့်နှစ်

ယနေ့ဖွင့်လှစ်သည့် အောင်ဘာလေသိန်းဆု၏အမြင့်ဆုံးဖြစ်သော ကျပ် သိန်း ၁၅၀၀၀ ဆုကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတတိုက်နယ်က ကံထူးရှင်ပေါ်ပေါက်လာခဲ့ပြန်ရာ  ဟင်္သာတအနေဖြင့် တတိယအကြိမ်မြောက် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

ဟင်္သာတတိုက်နယ် တံတားဦးကျေးရွာအုပ်စု သုံးခွ ရွာမှ ဦးခင်မောင်ညွန့်က   စက်တင်ဘာ ၂၈ ရက်က ဟင်္သာတမြို့ပေါ်ရှိ မင်္ဂလာစွယ်တော် ထီဆိုင်မှ ထီလက်မှတ် နှစ်စောင်သာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

လစဉ်ထီထိုးလေ့ရှိတတ်သော လယ်သမားတစ်ဦးဖြစ်သူ ကံထူးရှင် ဦးခင်မောင်ညွှန့်က “လှူတာကတော့ လှူမှာပါ။အဓိကတော့ ကိုဗစ်ကာလအတွက် လှူသွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။
 
အသက် ၅၂ နှစ်အရွယ် ဦးခင်မောင်ညွန့်နှင့်ဇနီးမိသားစုတွင် သား၊သမီး ငါးဦးရှိပြီး သုံးခွကျေးရွာ၌ နေထိုင်သည်။

ဟင်္သာတသည် ၂၀၁၉ ခုနှစ်က အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲဆု နှစ်ကြိမ်ဆက်တိုက်ဆွတ်ခူးခဲ့သေးသည်။ ဒုတိယအကြိမ်ပေါက်သူကတော့ လူသိမခံဘဲ နေခဲ့သည်။

မင်္ဂလာစွယ်တော်ထီဆိုင်တာဝန်ရှိသူများအနေဖြင့် သိန်းတစ်သောင်းခွဲဆွတ်ခူးရရှိခဲ့သည့် ဦးခင်မောင်ညွန့်ရရှိမည့် ဆုကြေးငွေကို ထုတ်ယူနိုင်ရန်အတွက် ဆောင်ရွက်ပေးနေကြောင်း ဆိုင်ပိုင်ရှင် ဦးသိန်းအောင်က ပြော ကြားသည်။

“ အခုလက်ရှိတော့ သိန်းတစ်သောင်းခွဲ ကံထူးရှင် ဦးခင်မောင်ညွန့်ကိုလည်း ဆက်သွယ်အကြောင်းထားပြီး ဖြစ်ပါတယ်။အဆက်အသွယ်လည်း ရပါပြီ။အခုတော့ ကျွန်တော်တို့ဘက်က ဆုကြေးငွေထုတ်ယူပေးနိုင်ဖို့ အတွက် ကိုလည်း ပြင်ဆင်ပေးနေပါပြီ” ဟု  ဦးသိန်းအောင်က ပြောသည်။
 
ရွှေမြန်မာ၊မဟာအောင်ကုဋေဟိန်း ထီဆိုင်အနေဖြင့်လည်း မင်္ဂလာစွယ်တော်ထီဆိုင်မှ  ဆုကြေးငွေ ထုတ်ယူနိုင်ရေးအတွက်ကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းလည်း သူက ဆက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly