အာမေးနီးယားတပ်ဖွဲ့များ ကာရာဘက်ခ်ကထွက်ခွာသည်အထိ တိုက်ရန် အဇာဘိုင်ဂျန်ဆုံးဖြတ်ထား

အာမေးနီးယားတပ်ဖွဲ့များ ကာရာဘက်ခ်ကထွက်ခွာသည်အထိ တိုက်ရန် အဇာဘိုင်ဂျန်ဆုံးဖြတ်ထား
Photo - AFP

အောက်တိုဘာ ၁

အဇာဘိုင်ဂျန်နိုင်ငံရဲ့ အငြင်းပွားဖွယ်ခွဲထွက်ဒေသ နာဂေါ်နို ကာရာဘက်ခ်ဒေသမှာ လေးရက်မြောက်အဖြစ် တိုက်ပွဲတွေ ဖြစ်ပွားနေစဉ်မှာ  အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ စက်တင်ဘာ ၃၀ ရက်က ဆက်လက်တိုက်ခိုက်  သွားကြဖို့ သန္နိဋ္ဌာန်ပြုခဲ့ကြပြီး နိုင်ငံတကာရဲ့ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုမှုတွေကို ငြင်းပယ်ခဲ့ကြပါတယ်။  

ခွဲထွက်ပြည်နယ်ရဲ့မြို့တော် စတက်ပါနာခါ့မှာတော့ ဗုဒ္ဓဟူးနေ့ညနေခင်းက လမ်းတွေမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး လမ်းမီးတွေလည်း ပိတ်ထားပါတယ်။ ဆိုင်တချို့ဖွင့်ထားပြီး လက်နက်ကြီးသံတွေ တိုက်ခိုက်သံတွေမကြား ရပါဘူး။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က  နာဂေါ်နို ကာရာဘက်ခ်ဒေသမှာ တိုက်ခိုက်မှုတစ်ကျော့ပြန်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသပိုင်အာဏာပိုင်တွေက ပြောပါတယ်။  

Photo - AFP

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ ကာရာဘက်ခ် ဒေသနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲချိန်အတွင်း ၁၉၉၀ နှစ်လွန်က အဇာဘိုင်ဂျန်ကနေ အာမေးနီးယားလူမျိုးစုပြည်နယ်က ခွဲထွက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် အရပ်သားအပါအဝင် သေဆုံးသူဟာ ဗုဒ္ဓဟူးနေ့မှာတော့ ၁၀၀ ကျော်သွားပြီဖြစ်ကာ နှစ်ဖက်စလုံးက အကြီးအကျယ်ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုနေကြပါတယ်။

အဇာဘိုင်ဂျန်သမ္မတ အီဟမ်အလီယက်က “အာမေးနီးယားဝန်ကြီးချုပ်က သတ်မှတ်ချက် ခုနစ်ခုပြောတယ်။ အဲဒီသတ်မှတ်ချက်တွေကို ငြင်းခဲ့တယ်ဆိုတာ ကျွန်တော် တလောက ပြောပြီးပါပြီ။ ကျွန်တော်တို့ဘက်က တစ်ခုပဲ တောင်းဆိုတယ်။ အာမေးနီးယားတပ်ဖွဲ့တွေ ကျွန်တော်တို့မြေပေါ်က လုံးဝထွက်သွားပေးဖို့ပါ။ အမေရိကန်အစိုးရက ဒါကို ဖြည့်ဆည်းပေးမယ်ဆိုရင် တိုက်ပွဲနဲ့သွေးထွက်သံယိုဖြစ်မှုတွေလည်း အဆုံးသတ်သွားပါလိမ့်မယ်။ အဲဒီဒေသမှာ ငြိမ်းချမ်းရေး ထူထောင်နိုင်ပါလိမ့်မယ်။ ငြိမ်းချမ်းရေးလိုချင်ပါတယ်။ ပဋိပက္ခအတွက် ဖြေရှင်းချက်လိုချင်ပါတယ်” လို့ဆိုပါတယ်။  

ကာရာဘက်ခ်ပဋိပက္ခကြောင့် မီးကုန်ယမ်းကုန်စစ်ပွဲအဖြစ်အဖြစ် အရှိန်မြင့်လာနိုင်ပြီး တူရကီနဲ့ ရုရှားလို အင်အားကြီးနိုင်ငံတွေပါဝင်လာမှာကို စိုးရိမ်နေရစဉ်မှာပဲ အဇာဘိုင်ဂျန်နဲ့အာမေးနီးယားတို့ကတော့ နိုင်ငံတကာရဲ့ အပစ်အခတ်ရပ်စဲရေး ဖိအားပေးမှုတွေကို လျစ်လျူရှုထားကြပါတယ်။

အာမေးနီးယားနဲ့စစ်ရေးသဘောတူညီချက်ရှိပြီး အဇာဘိုင်ဂျန်နဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ ရုရှားက တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ ထပ်တလဲလဲတောင်းဆိုခဲ့ပြီး ဆွေးနွေးညှိနှိုင်းဖို့ လက်ခံဆောင်ရွက်ပေးမယ့် အကြောင်း ဗုဒ္ဓဟူးနေ့မှာ ကမ်းလှမ်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly